နေ့စဉ်ထုတ်သတင်းစာများ နယ်စပ်မှာ အရောင်းသွက်

Tuesday, April 2, 2013



ယနေ့မြ၀တီတွင် စတင် ရောင်းချနေသည့် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၄ မျိုး (ဓာတ်ပုံများ - ပြည်တော်မြင့် / ဧရာဝတီ)

နှစ်ပေါင်း ၅၀ အတွင်း တကျော့ပြန် ထွက်ရှိလာတဲ့ နေ့စဉ်ထုတ် မြန်မာသတင်းစာ ၄ မျိုးဟာ တရက်နောက်ကျပြီး ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ကို ရောက်လာပေမယ့် ရောက်ရောက်ချင်း ရောင်းလို့ ကုန်သွားတယ်လို့ မိုးစက်ပွင့် စာနယ်ဇင်း ဖြန့်ချိရေးဆိုင်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

မိုးစက်ပွင့်ဆိုင်က မမြင့်မြင့်သွယ်က “ကျမတို့ဆိုင်က နေ့စဉ်ထုတ်သတင်းစာ ၄ မျိုးကို အစမ်းတင် ရောင်းကြည့်တာပါ။ စောင်ရေ ၁၀၀ လောက်ပါ။ ရောက်တာနဲ့ ကုန်သလောက် ဖြစ်သွားပါတယ်။ စာဖတ် ပရိသတ်တွေက စိတ်ဝင်စားကြပါတယ်” လို့ ပြောပါတယ်။

အခြေအနေပေါ် ကြည့်ပြီး တိုးမြှင့်ဖြန့်သွားမယ်၊  မြ၀တီကို ရောက်ရှိလာတဲ့ နေ့စဉ်ထုတ် သတင်းစာတွေရဲ့ ရောင်းဈေးက ပြည်ထောင်စုနေ့စဉ်က  ကျပ် ၅၀ နဲ့ ရောင်းပြီး ကျန်တဲ့သတင်းစာတွေကိုတော့ တစောင်ကျပ် ၂၅၀ နဲ့ ရောင်းတယ်လို့ မိုးစက်ပွင့်စာပေက ဆိုပါတယ်။

ဒီနေ့မြ၀တီကို ရောက်တာက ပြည်ထောင်စုနေ့စဉ်၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ The Voice Daily သတင်းစာတွေ ဖြစ်ပြီး သတင်းတင်ပြပုံတွေက အစိုးရထုတ် သတင်းစာတွေလို လေးလေးပင်ပင် မရှိတဲ့အတွက် ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်၊ ဒါကြောင့် အားပေးတဲ့လူများတာ ဖြစ်တယ်ဆိုပြီး မြ၀တီက မီဒီယာသမားတဦးက ပြောပါတယ်။

နေ့စဉ်ထုတ် သတင်းစာနဲ့ ပတ်သက်လို့ မြ၀တီဒေသခံ ဦးအုန်းက “တလကို ကျပ်ငွေ ၈,၀၀၀ လောက်နဲ့ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ သတင်းတွေကို အချိန်မီဖတ်ရတာ ဆိုတော့ တန်တယ်။ နောက်ဆိုရင် ဆယ်ဂဏန်းအထက်ကို ထွက်မှာဆိုတော့ အရည်အသွေး ကောင်းတဲ့ သတင်းစာတွေကတော့ အမာခံ စာဖတ်ပရိသတ် ရမှာကတော့ သေချာတယ်။ နေ့စဉ်သတင်းစာ ထုတ်တဲ့လူတွေလည်း အရင် သတင်းစာတွေလို ပြိုင်ဘက်မရှိဘဲ  အနုတောမှာ လူချောလုပ်လို့ မရတော့ဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။

မြ၀တီကနေတဆင့် ထိုင်းဘက်ခြမ်း မဲဆောက်ကိုသွားတဲ့ အစိုးရအာဘော် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊  ကြေးမုံ၊ မြ၀တီ သတင်းစာတွေကို လစဉ်ပုံမှန်ယူတဲ့စောင်ရေက ၅၀ နီးပါး ရှိတယ်၊ အခုတော့သူတို့က ပုဂ္ဂလိက သတင်းစာတွေကို ပြောင်းယူတော့မယ်လို့ မဲဆောက်မှာ မြန်မာစာနယ်ဇင်း ဖြန့်ချိတဲ့ ကိုအောင်က ပြောပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved