အယ်ဒီတာ့အာဘော် ဘာကြောင့်ထည့်ရမှာလဲ

Sunday, April 28, 2013


ကြာသပတေးနေ့ကစပြီး ထွက်လာတဲ့ 7Day နေ့စဉ်သတင်းစာမှာ အယ်ဒီတာ့အာဘော်တွေ မတွေ့ရပါဘူး။
အယ်ဒီတာ့အာဘော်ကို တခါတရံ ရေးသားဖော်ပြမယ် ဆိုတာကို ပထမဆုံးနေ့မှာပဲ ကြေညာထားတာ ဖတ်လိုက်ရပါတယ်။

အာဘော်ရေးပြီး ဝေဖန်၊ သုံးသပ်၊ ကိုယ့်အယူအဆကို ပရိသတ်ချပြတယ်ဆိုတာ မဟာအခွင့်အရေးကြီးပါ။
ဒီအခွင့်အရေးကြီးကို ဘာကြောင့် ဆုပ်ကိုင်မထားရတာလဲ။
သတင်းစာထွက်ခါစမို့ အလုပ်တွေ ပိနေလို့ မစီစဉ်နိုင်သေးတာလို့ ယူဆရပါတယ်။

သတင်းထဲ ထည့်ရေးလို့ ရမလား
"စာဖတ်သူအများစု မဖတ်ကြတဲ့ အယ်ဒီတာ့အာဘော်မထည့်ချင်ဘူး"
"အာဘော်မထည့်လည်း အရေးမကြီးပါ၊ ကိုယ်ဖော်ပြချင်တဲ့သတင်းတွေကို ထည့်နေတာပဲ" လို့လည်း ပြောလို့ မရပါဘူး။
 သိတဲ့အတိုင်းပဲ ...
သတင်းဆိုတာက ဖြစ်ရပ်တခုကို အရှိအတိုင်း ပြရတာ မဟုတ်လား။ အယ်ဒီတာ့အာဘော် ဆိုတာက ဖြစ်ရပ်တခုနဲ့ ပတ်သက်ပြီး ကိုယ့်အယူအဆ ထုတ်ပြရတာပါ။

နိုင်ငံတကာမှာ သြဇာကြီးတဲ့သတင်းစာ ဆိုတာတွေကို ကြည့်လိုက်ရင် အချက်ကျကျ ဝေဖန်ထောက်ပြတဲ့ အယ်ဒီတာ့အာဘော်တွေကို တွေ့ရမှာပါ။

အစိုးရပိုင်းက ကိုယ့်ကို စောင့်ကြည့်နေတယ်


ရှည်ရှည်ဝေးဝေး ရေးစရာ မလိုပါဘူး။ စာဖတ်သူ ဖတ်စရာများပြားလွန်းတဲ့ ဒီနေ့ခေတ်မှာ သူတို့အတွက် လိုတိုရှင်း ရေးနိုင်ရင် အကောင်းဆုံးပါပဲ။

အမြဲတမ်း အစိုးရအကြောင်း၊ နိုင်ငံရေးအကြောင်းပဲ ဦးတည် ရေးရမှာ မဟုတ်ဘူးလို့လည်း ယူဆပါတယ်။
မြန်မာပြည်အတွက် အရေးကြီးတဲ့အကြောင်းအရာ အများအပြား ရှိတဲ့အတွက် ဝေဖန်ထောက်ပြစရာ အများအပြား ရှိနေပါတယ်။

သတင်းတွေ မှန်ကန်ရေး၊ သတင်းထူး ထည့်နိုင်ရေး ဆိုတာတွေ နည်းတူ ပြတ်သား ထိရောက်တဲ့ အယ်ဒီတာ့အာဘော် ဖော်ပြရေးဟာလည်း အရေးကြီးပါတယ်။
အစိုးရပိုင်း မူဝါဒ ချမှတ်သူတွေက အယ်ဒီတာ့အာဘော်တွေကို စောင့်ဖတ်ကြပါတယ်၊ သူတို့ကို ဘယ်လိုဝေဖန်မလဲ ဘယ်လို ရေးမလဲ ဆိုတာကို အနည်းနဲ့အများ လန့်နေကြမှာပါ။
ဘယ်လိုအစိုးရမျိုးဖြစ်ဖြစ် သတင်းစာကို လျစ်လျူပြုထားတာမျိုး မရှိပါ။

စာနယ်ဇင်းဆရာတို့ရဲ့ အမြင်


အတိတ်ကာလ မြန်မာပြည် သတင်းစာတွေရဲ့ အယ်ဒီတာ့အာဘော်နဲ့ ပတ်သက်ပြီး စာနယ်ဇင်းဆရာ မောင်ဝံသရဲ့ ဆောင်းပါးတပုဒ်ထဲက အနည်းငယ် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
7Day ဂျာနယ်မှာ  ဖတ်ခဲ့ရတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

"အယ်ဒီတာ့အာဘော် ဆိုတာ သတင်းစာတစ်စောင်ကိုင် စွဲထားတဲ့မူဝါဒ၊ ယူထားတဲ့ ရပ် တည်ချက်နဲ့ အရောက်သွားမယ့် ပန်းတိုင် စတဲ့သတင်းစာရဲ့ ဥပဓိ
ရုပ် ( Identity ) ဖော်ပြတဲ့အကြောင်းအရာဖြစ်တာမို့ အယ်ဒီတာ့အာဘော်ကို အင်မတန်ရှားပါးတဲ့အခြေအနေမျိုးလောက်ကလွဲပြီး သတင်းစာရဲ့ အယ်ဒီတာချုပ်
မရေးနိုင်တဲ့အခါမျိုးတွေမှာတောင်ဒုတိယအယ်ဒီတာချုပ်လောက်ကပဲ ရေးခွင့်ရကြတဲ့စာမျိုးဖြစ်တယ်။
အယ်ဒီတာ့အာဘော်ကို အဲဒီတုန်းက အဲသလောက် အလေးထားခဲ့ကြတယ်"


ပုဂ္ဂလိကသတင်းစာဆိုတာ အစိုးရကို အတိုက်အခံပြုဖို့ မဟုတ်ဘူးလို့ မနေ့က စံတော်ချိန်သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။
 "အစိုးရ၏ အားနည်းချက်၊ လိုအပ်ချက်ကိုလည်း ပိုင်းခြား ဝေဖန် ထောက်ပြနိုင်ရပါလိမ့်မည်" လို့ ဆိုပါတယ်။ အာဘော်ရဲ့ ခေါင်းစဉ်ကို "သတင်းစာ၏ဂုဏ်သိက္ခာနှင့် တာဝန်" လို့ တပ်ထားတာတွေ့ရမှာပါ။

ဘယ်သူတွေ ရေးမလဲ


ဒီနေ့ခေတ်မှာ လူတယောက်တည်းက အယ်ဒီတာ့အာဘော် နေ့တိုင်းထိုင်ရေးဖို့ဆိုတာ မဖြစ်နိုင်ပါ။
ရေးရင်လည်း အားနည်းချက်တွေများပါလိမ့်မယ်။
အင်တာနက်ခေတ်မှာ အာဘော်ရေးသူတယောက် မဖြစ်မနေ ဖတ်ရမှာတွေ၊ ဆောင်ရွက်ရမှာတွေက များလှပါတယ်။ လေ့လာမှု အားလျော့သွားတာနဲ့ သူ့ဆီက ထွက်လာမယ့် အာဘော်ကလည်း အားပျော့သွားမှာပါ။

အာဘော်ရေးမယ့် အယ်ဒီတာအဖွဲ့လေး တခု စီစဉ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။
ဘယ်အကြောင်းအရာတွေကို ရေးမယ် ဆိုတာ သူတို့က ဆုံးဖြတ်ကြ ရေးသားကြပါလိမ့်မယ်။
အယ်ဒီတာချုပ်ကတော့ တခါတရံ ကိုယ်တိုင်ရေး သို့မဟုတ်  ညွှန်ကြားချက်တွေပါ ပေးပါလိမ့်မယ်။

ပင်တိုင်ဆောင်းပါးရှင်တွေရဲ့ အယူအဆကို သဘောကျတယ် ဆိုရင် အယ်ဒီတာ့အာဘော်ရေးဖို့ တိုက်မှာ ခန့်ထားသင့်တယ်။
ပြောစရာ ပေါ်လာပြီဆိုရင် အဲဒီအကြောင်းကို ချက်ချင်းရေး၊ ၀ိုင်းဖတ်၊ သုံးသပ် ဖော်ပြရင် အကောင်းဆုံးပါပဲ။
တချို့သော အာဘော်တွေကိုတော့ လာမယ့်နေ့တွေမှာ ဖော်ပြဖို့ ကြိုတင် ရေးထားနိုင်မှာပါ။

အာဘော်ဆိုတာ နေ့စဉ် ထုတ်လုပ်ရေးလုပ်ငန်းမှာ အစိတ်အပိုင်းတခုပါ။

ဘယ်သတင်းစာဖြစ်ဖြစ် အယ်ဒီတာ အလုံအလောက် ခန့်ထားသင့်ပါတယ်။
အယ်ဒီတာတွေက အနည်းဆုံး တမျိုးစီတော့ အားကိုးရမှာပါ။
အာဘော် အရေးကောင်းတယ်၊ ကိုယ့်သတင်းထောက်တွေအကြောင်း သိတယ်၊ လိုတိုရှင်း တည်းဖြတ်တာ တော်တယ်၊ ခေါင်းစည်း အတပ်ကောင်းတယ်၊ စီမံခန့်ခွဲမှု အကွက်စေ့လို့ နေ့စဉ်လုပ်ငန်း အဆင်ပြေတယ် စသဖြင့်  အားသာချက်တွေ သူတို့မှာ ရှိတတ်ပါတယ်။
အယ်ဒီတာတယောက်တည်းမှာ အရည်အချင်းကောင်းတွေ စုပြုံနေတာမျိုးကိုတော့ မျှော်လင့်ထားလို့ မဖြစ်ပါ။

သတင်းစာတစောင်မှာ သတ်ပုံစစ်တဲ့သူ လေးငါးယောက်တော့ ခန့်ထားသင့်တယ်။ အယ်ဒီတာဆိုတာ သတ်ပုံအကျအပေါက် စစ်ဆေးသူ မဟုတ်ပါ။

သတင်းစာမှာ ပုံမှန်ဖော်ပြမယ့် ကဏ္ဍများအတွက် သင့်တော်တဲ့အယ်ဒီတာမျိုးလည်း သီးသန့် ခန့်ထားသင့်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved