ကရင်တပ်များအကြား ပစ်ခတ်မှုများ ဖြစ်ပွား

Sunday, April 28, 2013

 ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် ကရင်လက်နက်ကိုင်အဖွဲ့ ၂ ခု ကြား  တိုက်ပွဲငယ်များ ဖြစ်ပွားနေသောကြောင့် တဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်။

 သောကြာနေ့က သံလွင်မြစ်အတွင်းမောင်နှင်လာသည့် ကရင်ပြည်နယ်ခြားစောင့်တပ်၏ စက်လှေတစင်းကို မြိုင်ကြီးငူဒေသ အခြေစိုက်  ကလို့ထူးဘော DKBA တပ်ဖွဲ့ဝင်များက သေနတ်ဖောက်ပြီး ဟန့်တားရာမှ စတင်ကာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
လှိုင်းဘွဲ့မြို့နယ်အတွင်းအခြေစိုက်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
နှစ်ဘက်အကြား ကြိုကြားတိုက်ခိုက်မှုများမှာ ယနေ့နံနက်တိုင် ဆက်လက်ဖြစ်ပွားနေပြီး နယ်ခြားစောင့်တပ်မှ တဦး ကျဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း၊
DKBA ဘက်မှလည်း ဒဏ်ရာရသူ တချို့ ရှိကြောင်း မြိုင်ကြီးငူဒေသခံများကပြောသည်။

”ဒီမနက်အထိတိုက်ပွဲကဖြစ်နေတုံးဘဲ ပစ်လိုက်နားလိုက်နဲ့ဘဲ၊ မဲဆောက်မှာနေတဲ့ ငါ့သမီး ဒီနေ့ပြန်လာမယ်ပြောလို့ မလာနဲ့အုံး၊
ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ အကြောင်းကြားလိုက်ရတယ်၊ တိုက်ပွဲက သေနတ်သံတွေအတိုင်းသားကြားနေရတယ်” ဟု မြိုင်ကြီးငူဒေသခံဒေါ်နောင့်ပစ်က ဧရာဝတီသတင်းဌာန ကိုပြောသည်။

လှိုင်းဘွဲမြို့နယ်နှင့်ဆက်စပ်တည်ရှိရာ ကရင်အမျိုးသားအစည်းအရုံး KNU ဘားအံခရိုင်ဥက္ကဌပဒိုအောင်မော် အေးက ”မြိုင်ကြီးငူမှာ DKBAက ဗိုလ်ဘိအဖွဲ့ အခြေစိုက်တယ်။
အခုဖြစ်တာက နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ နဲ့ဖြစ်တာ။ သူတို့နှစ်ဘက်မှာအရင်ကလည်း ဒီလိုတင်းမာမှုရန်ညိုးရန်စတွေရှိခဲ့တယ်။
သူတို့ပစ်ခတ်မှုကအခုထိမ ပြီးသေးဘူး” ဟု ပဋိပက္ခဖြစ်ပွားနေမှုအကြောင်း ပြောပြသည်။ 

၎င်းတိုက်ခိုက်မှုများဒေသအတွင်း ရက်ရှည်ဖြစ်ပွားလာမည်ကို  ဒေသခံများစိုးရိမ်ပူပန်နေကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောသည်။

ပဋိပက္ခနှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရ လာရောက်ဖြေရှင်းပေးခြင်းကို မတွေ့ရသေးကြောင်း ဒေသခံများကပြောသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved