အင်္ဂလိပ်စာသင်ပေးတဲ့ မြ၀တီမြို့ နာရေးကူညီမှုအသင်း

Friday, April 26, 2013


ကရင်ပြည်နယ် မြ၀တီမြို့ အခြေစိုက် (စေတနာ) နာရေးကူ ညီမှုအသင်းက လူငယ် ၂ဝဝ ခန့်အတွက် နွေရာသီ  စကားပြောသင်တန်းပေးနေသည်ကို တွေ့ရသည်။


မြ၀တီတွင်တွေ့ရသည့် အင်္ဂလိပ်စကားပြောသင်တန်း (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

တလ ကြာမည့် သင်တန်းကို နာရေးကူညီမှုအသင်းနှင့်မြို့နယ်သံဃာ့နာယကဆရာတော် အရှင်ပညာနန္ဒ(ပါရဂူဘွဲ့ရ)တို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး တချိန်လျှင် ၃ နာရီနှုံးဖြင့် တနေ့ ၂ ချိန်သင်ကြားပေးနေသည်။

ယခုလ ၂၀ ရက်နေ့က စတင်သည့် သင်တန်းသို့ တက်ရောက်နေသူတဦးဖြစ်သည့် ကိုညီညီက ...
”ကျွန်တော်တို့လို ဆယ်တန်းအောင်ပြီးပေမဲ့ အင်္ဂလိပ်စကားကို ဌာန်ကရိုဏ်းကျအောင် မပြောနိုင်တဲ့လူတွေအတွက် ဆရာတော်ဦးပညာနန္ဒရဲ့ သင် ကြားပေးမှုတွေက အများကြီးအထောက်အကူဖြစ်စေတယ်” ဟု ပြောသည်။



သင်တန်းတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ ဆယ်တန်းအောင်နှင့်ဘွဲ့ရသူများကို တန်းခွဲများဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း၊  နိုင်ငံခြားသားများ အ၀င်အထွက် ပိုမိုများပြားလာမည့် မြ၀တီနယ်စပ်မြို့တွင် နေထိုင်ကြသည့် လူငယ်များကို အင်္ဂလိပ်စကားပြောစကေး ကောင်းစေချင်သည့်အတွက် သင်တန်းပေးရခြင်းဖြစ်ကြောင်း  အရှင်ပညာနန္ဒက မိန့်ဆိုသည်။

ကျောင်းသားမိဘတဦးဖြစ်သည့် မီဒီယာသမား ကိုရွှေသိန်း(မြ၀တီ)က ...
”နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်မှာ အခုလို သင်တန်းတွေဖွင့်ပေးတဲ့အတွက် ကလေးတွေအတွက် အများကြီး အကျိုးရှိပါတယ်။  ဒီလိုအခမဲ့ သင်တန်းက ဒီမှာတော့ အရင်ဦးဆုံးပဲ” ဟု  ဧရာဝတီသတင်းဌာနကိုပြောသည်။

သင်တန်းအပြီး လုပ်ငန်းခွင်တွင် ချက်ချင်း အသုံးပြုမည့်သူလည်း ရှိနေသည်။

၈ တန်းကျောင်းသားမောင်အောင်က ...
”သားတို့အိမ်မှာက မြန်မာမှုအမှတ်တရလက်ဆောင်ပစ္စည်းတွေရောင်းတယ်။ အင်္ဂလိပ်တွေနဲ့ထိုင်းတွေ လာဝယ်တာများတယ်၊  အိမ်ကလူတွေက အင်္ဂလိပ်စကားကို တတ်သလောက်မှတ် သလောက်ပြောပြီး ဈေးရောင်းကြတယ်။ သားကတော့ စနစ်တကျနဲ့ စကားပြောတတ်ချင်လို့ ဒီသင်တန်းလာတက်တာပါ” ဟု ဆိုသည်။

မြ၀တီသို့ နိုင်ငံခြားသားများ၊  ထိုင်းနိုင်ငံသားများ နေ့စဉ် ရာနှင့်ချီ၍ ၀င်ရောက်လည်ပတ်နေသဖြင့်  အင်္ဂလိပ်စကားနှင့် ထိုင်းစကား ပြောဆိုနိုင်ပါက အလွန်အသုံးဝင်ကြောင်း တွေ့ရသည်။ 

သင်တန်းကို ကမကထပြုပြုပေးခဲ့သည့် (စေတနာ)နာရေးကူညီမှုအသင်းသည် မြ၀တီမြို့နယ်အတွင်းနာရေးကိစ္စ ရပ်များကို လိုက်လံကူညီပေးနေသည်။

တဖက်နိုင်ငံမဲဆောက်ဆေးရုံကြီးသို့ သွားရမည့် အရေးပေါ်လူနာများကိုလည်း အဖွဲ့ပိုင်လူနာတင်ယာဉ်ဖြင့် အခမဲ့ ပို့ဆောင်ပေးသည်။

ပြည်တော်မြင့် ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved