နေပြည်တော်က ဆင်ဖြူမလေး ကလေး မွေးတဲ့သတင်း

Wednesday, April 24, 2013

မြန်မာနိုင်ငံမှာ သတင်းစာတွေက ပြောတဲ့သတင်းတွေ ဖတ်ရတဲ့အခါ မှတ်မှတ်သားသား ဖြစ်စရာလေးတွေ ထဲက တခုပါ။ 

ဒါကတော့ ဒီကနေ့ ရက်စွဲနဲ့ နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ သတ္တမမြောက် ဆင်ဖြူမကလေးက ဆင်ကလေး မွေးဖွားတဲ့ သတင်းပါ။ 

 ဓာတ်ပုံ- မြန်မာ့အလင်း သတင်းစာ 

ဆင်ဖြူမလေး ဓမဟ၀တီ ဆိုတာက ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီကျော်က ဆင်ကလေး တကောင် ကို မွေးဖွားခဲ့ပါတယ်တဲ့။ 

ထူးခြားတာက ဒီဆင်ဖြူမလေးဟာ ကိုယ်ဝန်ကို တောတွင်းမှာကတည်းက ပါရှိလာတယ်လို့ ဆရာဝန်တွေ က မှတ်ချက်ပြုထားတယ်လို့ သတင်းစာမှာ ဆိုပါတယ်။ 

ဆင်ဖြူမလေးကိုတော့ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ တုန်းက တွေ့ခဲ့တာဖြစ်ပြီး အဲဒီနှစ် နိုဝင်ဘာလ မှာ နေပြည်တော်က ဆင်ဖြူတော်အဆောင်တော်ကို ရောက်ခဲ့တာပါတဲ့။  

ဆင်ဖြူမလေးက မွေးလာတဲ့ဆင်ကလေးကတော့ ပုံမှာ မြင်ရတဲ့အတိုင်း သာမန် ဆင်မည်းကလေး တကောင်ပါဘဲ။  
အခုတော့ ဆင်ဖြူတွေ ကလေးမွေးတာလည်း သတင်းဖြစ်နေတဲ့ ခေတ်ကြီးမှာ ဆင်ဖြူတွေနဲ့ပတ်သက်လို့  ဆရာ ဒေါက်တာ သန်းထွန်း စကားကို သွားသတိရမိပါတယ်။ 

ဆရာဒေါက်တာ သန်းထွန်းက သမိုင်းပညာရှင်လည်းဖြစ်သလို စကားပြောရင်လည်း တည့်တိုး ပြောတတ် တဲ့သူပါ။ သူကတော့ ဆင်ဖြူဆိုတာ ခရုသင်းစွဲနေတဲ့ ဆင်မျိုးကို ခေါ်တာပါလို့ ပြောခဲ့ဖူးပါတယ်။ 

့အခုတော့ ခရုသင်းစွဲနေတဲ့ ဆင်ဖြစ်နေပါစေ၊ လူတချို့က လူတွေထက်ကို အထွဋ်အမြတ် ထားနေတဲ့  ဆင်ဖြူတွေကတော့ နေပြည်တော်မှာ ကောင်းစားနေရင်း သတင်းဖြစ်နေဆဲပါ။ 

ဒီသတင်းကြောင့် မြန်မာ့ မီဒီယာနဲ့ ဂျာနယ်လစ်ဇင်ဆိုတာအပေါ် မွေးခွန်းထုတ်မိရင်း ရေးသား တင်ပြလိုက်တာပါ။ 


အိမ့်သံစဉ် ~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved