ကမ်နမ်စတိုင်သင်္ကြန်

Friday, April 12, 2013



နိုင်ငံတကာမှာ အလွန့်အလွန် ပေါက်ခဲ့တဲ့ ကမ်နမ်စတိုင် သီချင်းက ရက်ပိုင်းအတွင်း ရောက်လာတော့မယ့် သင်္ကြန်ကာလမှာ ဖွင့်ကြ၊ ကကြမှာ

အသေအချာပါပဲ။

 ဒီသီချင်းမြူးမြူးကြွကြွကို ရန်ကုန်မှာ ဘာသာရေးအတွက် အလှူခံကြတဲ့အခါ တွေ့ကြရမှာပါ။
ဒီအကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org/2012/12/blog-post_29.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

ဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာမှာတောင် တခုတ်တရ ထည့်သွင်းကြတဲ့ ဒီကိုရီးယားသီချင်းကို  ယဉ်ကျေးမှုပွဲတော် မြန်မာသင်္ကြန်မှာလည်း နေရာတကာ ကြားရတော့မှာပါ။

(ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း/တောင်ကြီး)
အထက်မှာ တွေ့ရတဲ့ပုံကတော့ ပြီးခဲ့တဲ့လ တောင်ကြီးမြို့ အခမ်းအနားတခုမှာ ကမ်နမ်စတိုင်သီချင်းနဲ့ စင်ပေါ်တက် ကခုန်နေကြတာ ဖြစ်ပါတယ်။

ကိုရီးယားလှိုင်း မိနေတာ ကာလအတန်ကြာပြီဖြစ်တဲ့ မြန်မာပြည်မှာ ကမ္ဘာကျော် ကိုရီးယားသီချင်းကို လူကြိုက်များနေတာ သဘာဝကျပါတယ်။

တကယ်တော့ ကိုးရို့ကားရားစတိုင်က မြန်မာပြည်မှာ ရှိခဲ့တာ ကြာပါပြီ။

သရုပ်ဆောင် ရာဇာနေဝင်းရဲ့ အူကြောင်ကြောင်စတိုင်က ကမ်နမ်စတိုင်ထက် ပိုပြီး စောပါတယ်။

အူကြောင်ကြောင်ဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့တဲ့ ရာဇာနေဝင်း ဗီဒီယိုတွေ၊ ကုန်ပစ္စည်းကြော်ငြာတွေ အဆက်မပြတ် ထွက်ခဲ့တုန်းက ကြီးကြီးငယ်ငယ် တောရောမြို့ပါ နှစ်သက် အားပေးခဲ့ကြတယ် မဟုတ်လား။

သို့သော်လည်း ရာဇာနေဝင်းရဲ့ ရုပ်သံတွေက မြန်မာလိုပဲဖြစ်ခဲ့တာကြောင့် နိုင်ငံတကာကို မရောက်ခဲ့ပါဘူး။

ရာဇာနေဝင်းစတိုင်နဲ့ သီချင်းရုပ်သံတပုဒ်ကို အင်္ဂလိပ်လို ထုတ်ဝေခဲ့မယ် ဆိုရင် နိုင်ငံတကာကျော်ကောင်း ကျော်ခဲ့နိုင်ပါတယ်။

အခုတော့ မြန်မာသင်္ကြန်၊ ထိုင်းသင်္ကြန်မှာ ကက်ဆက်ဖွင့် ကခုန်မြူးတူး ရေကစားကြတဲ့အခါ ကန်နမ်စတိုင်ကို ဆူဆူညံညံ ဖွင့်ဖို့ ပြင်ဆင်နေကြပါပြီ။

ပေါတောတောလို့ ပြောချင်ပြောပါစေ ... သင်္ကြန်မှာ တုတ်ကိုင်၊ အုတ်ခဲကိုင်ပြီး လှုပ်ရှားတာထက်စာရင် ကန်နမ်စတိုင်နဲ့ကဲကြတာ ပိုပြီး သင့်တော်မယ်မဟုတ်လား။

 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved