ရခိုင်သင်္ကြန် လွမ်းမိခြင်း

Tuesday, April 9, 2013

ဆယ်စုနှစ်ချီ၍ အဖမြေနှင့် ကွဲကွာသွားပြီ ။ 

ဤဘ၀မှာ တခေါက်တလေမျှ ပြန်လည်ရောက်လေမည်လား ဆိုတော့လည်း မပြောတတ် ။ လူ့ ကိုယ်ခန္ဒာကတော့ ဤမှာ -စိတ်ကမူ မွေးရပ်မြေမှာချည်း ။ ဆိုကြပါစို့ ။ 


ချဉ်ပေါင်ဟင်းရည်သောက်မိလိုက်လျှင်ပင် တခါကထမင်းစားဝိုင်း ချက်ချင်းသတိရသည် ။ ပင်လယ်ငါးတွေ ကို စားရပြီဆိုလျှင် စိတ်ကူးထဲ ပေါ်ပေါ်လာတတ်သည် ။ သည်တော့ ကိုယ့်ဆီက အသိတွေ အဆက် အသွယ်တွေ ကို ပြောဖြစ်တတ်သည် ။ 

မှတ်မှတ်ရရ သူတို့ တွေက ပြန်လည်တုန့် ပြန်ပြောဆိုကြသည် ။ ရခိုင်ပြည်နယ်အတွင်းမှာ စားသောက် ရတတ်သော ဟင်းသီးဟင်းရွက်များနှင့် ငါးများတို့ အကြောင်းကို ပြောပြသောအခါ တအံ့တသြ ထူးထူးပြားပြား ရယ်မောစွာဖြင့် ပြောဆိုကြတတ်သည် ။ 

အမေရိကန် နယူးယောက်မြို့ ကြီးမှာ ကျွန်တော်တို့ ဆီက ဟင်းသီးဟင်းရွက်နှင့် ခုလေးတင်ဘဲ ထမင်းစားပြီ ဆိုသည်ကို ပြောဖြစ်သောအခါ သူတို့ တွေ၏ အပျော်သည် ကျွန်တော့်ရင်ထဲသို့  ကူးပြောင်းလေတော့သည် ။ 

ပေါင်မုန့်  -အသားညှပ်ထောပတ်သုတ်စားပြီး အိုဗာတင်းသောက်နေသည်ကို ကျွန်တော်မှတ်မှတ်ရရ စကားမပြောဖြစ် ။ ခုအချိန်မှာဆိုလျှင် ပိုတောင် မပြောချင်တော့ ။ 

အဘယ့်ကြောင့်ဆိုသော် တနေ့ က နယူးယောက်မြို့ ထဲရှိ ( China Town ) ဟုခေါ်သော ရပ်ကွက်၌ ဖွင့်လှစ်ထားသော ဆေးခန်းကို ကျန်းမာရေးစစ်ဆေးရန် သွားရောက်ပြသခဲ့ သည် ။ 

Cholesterol- က နည်းနည်းရှိနေသည်မို့  ဟင်းသီးဟင်းရွက်စား-အားကစေားလေ့ကျင့်-မိနစ်-၃၀-ခန့်  ချွေး ထွက်အောင် ပြေး - အဆီအသား ထောပါတ်မစားနဲ့  ဆိုသော ရှောင်ရန်များကို ဆရာဝန်က ညွှန်ကြား လိုက်သည် ။ 

အကယ်၍ သတိမထားဘဲ ဆက်လက်စားသောက်နေပါက သွေးကြောကျဉ်းရောဂါတွေဖြစ်ပြီး လေဖြစ် တာတွေ-နှလုံးခုန်ရပ်တာတွေနဲ့  အန္တရယ်ရှိလာနိုင်သည်ဟု ဆိုသည် ။ သတိထားပေးသည် ။ 

ထို့ ကြောင့် ကျွန်တော့်မှာ ဟင်းသီးဟင်းရွက်တွေနှင့် ငါးအမယ်နှင့်သာ နှစ်ပါးသွားရတော့ပြီ ။ ၀က်သား-အမဲသား-ထောပတ်- ယုတ်စွအဆုံး ပေါင်မုန့် တောင်မှ -Cholesterol-ပါနေသလား စစ်ဆေးကြည့်ပြီး ကျန်းမာရေးကို ဂရုစိုက်နေရသည် ။ 

သို့ မဟုတ်က လူ့ လောကမှ ခပ်မြန်မြန် ထွက်ခွာသွားမည့် နောက်တိုးစာရင်းတွင် နာမည်ပေးပြီး သားဖြစ်နေ နိုင်သည် ။ 

ကံကောင်းချင်တော့ ကျွန်တော့်မှာ ခြေဖ၀ါးကအစ ဥဏှောက်အထိ ကျန်းမာရေးကို စစ်ဆေးပြီးဖြစ်ရာ မည်သည့်ရောဂါမျှ မရှိသလို မည်သည့်ရောဂါပိုးမွှားကလည်း အသည်း-အဆုပ်-နှလုံးကလီဇါ-ကျောက်ကပ် တို့ တွင် တကောင်တလေမှ မရှိ ။ 

သို့ သော် ကျွန်တော် အနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ထားရသည် ။ ယင်းမှာ ကျွန်တော်နှင့် သက်တူရွယ်တူ မိတ်ဆွေများ-ဆယ်နှစ်ကြီးဆယ်နှစ်ငယ် ပေါင်းသင်းစားသောက်နေထိုင်ခဲ့ သူ အလွှာပေါင်းစုံမှ လူကြီးလူကောင်းများ-လူကြီးလူဆိုးများ- နိုင်ငံရေးသမားများ-တော်လှန်ရေးသမား များ တို့ သည် ကွယ်လွန်သွားကြပြီ- 

သို့ ဖြစ်၍ ကျွန်တော့်မှာ သွားလေသူ မိတ်ဆွေအပေါင်းအသင်းစာရင်းများကိုကြည့်၍ ကျွန်တော်က သူတို့  ၏ နောက်ကို မလိုက်ခင်အချိန်အတွင်း ကုသိုလ်ဒါနလေးများပါအောင် ကြိုးစားနေရသည် ။ သေသည့် 
နောက် တွင် ပါသားမှာက ၄င်းသာတခုတည်းရှိရာ ကျွန်တော့်မှာ ၄င်းစိတ်ကိုသာ မွေးမြူထားရတော့ပြီ ။ 

သို့ အတူ လောကအလယ်တွင် ကျန်နေသေးသော အချိန်၌ လူ့ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ယင်း မိမိဇါတိချက်ကြွေ မွေးရပ်မြေကိုလည်း အခါအားလျှော်စွာ သတိရနေဖြစ်သည် ။ 

ခုတော့ ကျွန်တော်၏ရင်ဘတ်ထဲတွင် လာရောက်ထိမှန် ရိုက်ခပ်နေသော ရနံ့ကား ရွက်နုပင်ပျိုတို့ ၏ ရနံ့ဖြစ်နေသည် ။ 

ဟိုတချိန်က ကျွန်တော်တို့ အိမ်ရှေ့တွင် စိမ်းစိုအုံးမှိုင်းနေသော ကုက္ကိုလ်ပင်တန်းသည် လမ်းတလျှောက် တွင် ရှိနေသည် ။ တန်ခူးလမို့  မနက်စောစောစီးဆိုလျှင် လေပြေအေးက တိုက်ခတ်နေသည်။ ချမ်းသလိုလို ခံစားရသည် ။ ကုက္ကိုလ်ပင်တွင် နွေအကူးမို့  ရွက်နုတွေ အစို့ အညှောက်တွေ ပြူပြူထွက်ပေါက်နေသည် ။ 

ပင်ရွက်နုတို့ ဆီမှ ထွက်လာသော ရနံ့တို့ သည် ဖြတ်သန်းတိုက်ခတ်လာသော လေနုအေး တို့  ၌ ပြန့် နှံ့ပါလာရာ သင်္ကြန်ရနံ့သည် ကျွန်တော်တို့ ရင်ကို တိုက်ရိုက်ထိမှန်စေသွားသည် ။ 

ခုတော့လည်း ကျွန်တော်တို့  ငယ်စဉ်ကနေထိုင်ခဲ့ သော ရပ်ကွက်မှာ ကုက္ကိုလ်ပင်များလည်း ဆိုး ဆိုင်းပြိုင်းပြိုင်း ပေါက်ရောက်နေခဲ့ ရာမှ တပင်တလေမျှ မရှိတော့-အားလုံးခုတ်ဖြတ်လိုက်ပြီးပြီဖြစ်သည်ဟု သိရသည် ။ 

ကျွန်တော်အမှတ်ရနေမိသည်မှာ စိမ်းစိုတန်းစီနေသော ( မြို့ သူကြီး ) ကုက္ကိုလ်ပင်တန်းမှသည် နောက်ပိုင်း အရွယ်ရလာပြီး ( ကျေးပင်ကြီးရပ်ကွက် ) -ဆန်ဆိပ်-ဈေးကြီးနားတွင် နေထိုင်လာသောအခါ ကိုငွေဇံအောင် ( အခြောက် ) စိုက်ပျိုးထားသော ပိတောက်ပင်ကလေးမှာမှီယင်း ပိတောက်ပွင့်များ ခူးပြီး ပျော်ခဲ့ ကြသောအချိန်ကို မှတ်မှတ်ရရဖြစ်တတ်သည် ။

ပြောရလျှင် သင်္ကြန်သည် ကျွန်တော်တို့ အဖို့  မနေ့ နိုင်စရာ ပိုးဖြစ်သည် ။ သင်္ကြန်ရက်နီးလာလေလေ စစ်တွေဈေးးကြီးကား ဈေးဝယ်သူတွေ စည်ကားလာတတ်သည်။ သကြွန်ရက်အတွင်း ဘုန်းကြီး 
ကျောင်းကန် သွားပြီး ဆွမ်းကွမ်းလှူဒန်းရန်- ငါးခြောက်-ပဲ-အာလူးစသည်တို့  ၀ယ်ယူစုဆောင်းထားကြ သူများ-ခေါက်ဆွဲထုတ်ဝယ်ကြသူများ- မုန့် ချိုချက်ရန် ၀ယ်ယူသူများမှာ ပြည့်နှက်နေသည် ။ မှတ်မိပါသေးသည် ။ 

ညနေချိန်တွင် မိန်းခလေးတွေက သနပ်ခါးကျောက်ပျဉ်လေးတွေ ကိုယ်စီယူပြီး ရွာခွဆုံတွင် သနပ်ခါးနံ့  သာ သွေးကြသည် ။ 

လူပျိုကာလသားများက နံ့သာသွေးနေချိန်မှာ ကခုန်နေပြီး သံချပ်ထိုးသူထိုး သိချင်းဆိုသူဆိုနှင့် ပျော်မြူးနေ ကြသည် ။ 

သင်္ကြန်သံချပ်ကို လမ်းမခွဆုံရှိ နံ့သာသွေးသောနေရာမှာ ထိုးကြယင်း သင်္ကြန်ရက်တွင် ရေလောင်း မဏ္ဍပ်ရှေ့မှာ ကပြကြရန်အတွက် အစမ်းလေ့ကျင့်နေကြခြင်းဖြစ်သည် ။ 

ရခိုင်လူမျိုးတွေက သင်္ကြန်နှင့် ဘွားဖက်တော်လို မွေးဖွါးသူများဖြစ်သည်ဟု ထင်ရသည် ။ နံ့သာသွေးပွဲကို ကျင်းပပြီးသည်နှင့် တမြို့ လုံးရှိ ဘုန်းကြီးကျောင်းတွေကို ဘုရားရေသပ္ပါယ်သွားကြသည် ။ တချို့ မှာ ယင်းနေ့ ကစလို့  ဥပုဉ်ဆောက်တည်ကြသည် ။ 

တချို့ လူပျိုကာလသားတွေကရော- မိန်းခလေးပျိုများလည်း အခါကြီးရက်ကြီးမို့  မပက်တော့လိုပြီ ဆိုကာ ဥပုဉ်စောင့် သီလယူကြသည်မှာ သင်္ကြန်အပြီးထိဖြစ်သည်။ တချို့ ရပ်ကွက်တွေမှ လူငယ်များမှာ စုပေါင်းပြီး ကခုန်သွားသည်ကို ၀ါသနာပါသည်မို့  မင်းသားဝတ်လို ၀တ်ဆင်ပြီး လူပေါင်း-၅၀- ကျော်
လောက် အဖွဲ့ နာမည်များဖြင့် ရေကစားသွားကြသည် ။ 

ရပ်ကွက်လိုက် ရပ်ကွက် သူတို့ အဖွဲ့ တွေမှာ လူတွေက များသည်မို့  သူတို့ ၏ သံချပ်တွေမှာ အဝေးက ပင်ကြားနေရသည် ။ ကျွန်တော်တို့ မှာ ဂျစ်ကားငှားပြီး လူပျိုဘ၀သက်တမ်း တလျှောက် လုံး သင်္ကြန် 
ရေလောင်း ထွက်စကားခဲ့ သူများဖြစ်သည် ။ 

ကျွန်တော်တို့ ကား သင်္ကြန်သံချပ်တွေကို ဆိုရသည်ထက် သင်္ကြန်သီချင်းတွေကိုသာ ဆိုနေကျဖြစ်သည် ။ ကားနှင့်ရေပက်ခံသွားနေသည်မို့  တခါတခါ ရွာကြိုရွာကြား ရောက်သွားတတ်လျှင် ကျွန်တော်တို့  က နေအိမ်တွင် အေးအေးလူလူ ထိုင်နေသော သူများကို မြင်ရလျှင်-သင်္ကြန်ကျနေပြီဗျို့ ဆို ကာ အော်ဟစ်ပြော ဆိုပြီး သွားတတ်ကြသည် ။ 

သည်အခါ ထိုင်နေသောသူများက အပြေးအလွှားလေးလာပြီး ရေပက်လာလျှင် ပျော်ရွင်ရသည် ။ မြို့ ထဲမှာ အဖိုးကြီးတွေက လည်ပင်းမှာ ပုတီးတွေဆွဲပြီး ရေပက်ရန်သွားနေကြပြီး ကခုန်ပြနေသည်ကို မြင်ရလျှင် အားရပါးရ ပျော်ရွှင်ကာ အပျော်တွေ ကူးစက်ကြသည် ။ 

မဏ္ဍပ်ထဲတွင် လောင်းလှေရှေ့၌် တန်းစီထိုင်နေသော အလှချင်းပြိုင်နေသည့် မရီးချေ ( မိန်းမပျို ) လေး များကို တွေ့ ရလျှင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သိပ်ကိုလှလို့  ရေလောင်းတာပါ ဆိုပြီး ချစ်လိုက်ရတာ နှစ်သက်လိုက်ရတာ ဆိုသော စကားတွေကို ကမ္ဘာပေါ်မှာ အလှဆုံးဆိုသော စကား ထက်ပြောင်မြောက်အောင် ပြောဆိုကြရပြီး ရေလောင်းကြသည် ။ 

ကျွန်တော်တို့ ကားမှာ ရေပကလွန်တတ်သော သူငယ်ချင်းများ ပါတတ်သည် ။ သည်ခါဖြင့် သူ့ ခါးမှာ ကြိုးကို ချည်ထားကာ တော်တော်လေး အချိန်ကြာနေကာ ရေပက်နေပြီဆိုလျှင် ကားပေါ်မှ ကြိုးကို ဆွဲယင်းသွားသည် ။ 

ယက်ကန်ယက်ကန်နှင့် လိုက်ပါလာသော သူတို့ မှာ ကျွန်တော်တို့ လို အမြဲ ရေမပက်သောသူတွေနှင့် စကားများကြရသည် ။ ရခိုင်ရိုးရာမဏ္ဍပ်တွင် ရေပက်ပြီးနောက် နုတ်ဆက်ထွက်ခါနီးတွင် မေတ္တာ 
ရေ လောင်း ပါ ရစေဆိုကာ ကမ္ဘာမှာ အနုညံ့ဆုံး စကားပြောပြီး အညင်သာဆုံး ရေလောင်းခြင်းမျိုး နှင့် ခေါင်းဖျားကအစ ခြေဖျားအထိ ရေလောင်းကြသည် ။ 

ဤကား ရိုးရာယဉ်ကျေးမှု ။ ယင်းသို့  မေတ္တာရေလောင်းသည်ကို ကျွန်တော်တို့ မှာ များသောအားဖြင့် အချိန်မပေးတတ်။ အမှန်သာပြောရလျှင် သူ့ ရည်းစားလည်းမဟုတ်ပါဘဲ ချစ်စကား ကြိုက် စကား ပြောသည်ကို ကျွန်တော်တို့  မကြိုက် ။ 

သည်တော့ မောင်မင်းကြီးသားတွေ မေတ္တာရေမလောင်းနဲ့ တော့ ။ 

ဘိုင့် ဘိုင်-- ချွင်းချက်ကတော့ ကျွန်တော်တို့ မှာ ချစ်သူရည်းစားရှိနေကြသူမို့  သူတို့ တွေရှိရာ မဏ္ဍပ် ကိုတော့ တနေ့ မှာ-၄-ကြိမ်မျှ ရေလောင်းရန် ကားကရောက်လာသည်ဖြစ်တော့ မဏ္ဍပ်စောင့် အမျိုးသမီး 
တွေ ပင် မျက်စိစပါးမွှေး စူးကြလေတော့၏ ။ ရှိစေတော့လေ ။ 

ကျွန်တော်တို့ မှာ သောက်စားမူးယစ်ရမ်းကားပြီး ခါးကြားမှာ ဒါးထိုးသွားနေကြသော သင်္ကြန်ရေလောင်းသူ များ မဟုတ်သည်ကို ကြည့်ပြီး မဏ္ဍပ်စောင့်တွေကလည်း ဘာမျ မပြောကြ ။ ရခိုင်သင်္ကြန်ကား မူးယစ် သူများ နေ့ စဉ်ရှိနေရာ ပြသနာများ မဖြစ်ရအောင် လုံခြုံရေးရဲတွေကလည်း အမြဲရှိနေကြသည် ။ 

ကျွန်တော်ထင်ပါသည် ။ ကျွန်တော်တို့  လူပျိုဘ၀သက်တမ်း တောက်လျှောက်တခုလုံးတွင် မူးယစ်ရမ်း ကားပြီး ခါးကြားဒါးထိုး ရန်ပွဲများမှာ တပွဲနှစ်ပွဲမျှသာ တွေ့ ဖူးခဲ့ သည်ထင်သည် ။ 

သို့ သော် ဆေးရုံရောက် လူသေခြင်းမျိုးတော့ မကြုံဖူးခဲ့  ။ ပျော်စရာကောင်းသော ကျွန်တော်တို့ ၏ သင်္ကြန်သည် လူပျိုအပျိုများအတွက် အချစ်ကံစမ်းမဲ ပွဲတော်လည်းဖြစ်သည် ။ မစွံတတ်သော လူပျိုကြီးများ အဖို့  မူးဟန်ဆောင်ကာ ရည်းစားစကားပြောသော အချိန်လည်းဖြစ်ရာ ကံရွေးချိန်လည်းဖြစ်ကြသည် ။ 

ကျွန်တော်မှတ်မိပါသေးသည် ။ ကျွန်တော်တို့ ရပ်ကွက်မှ ကျွန်တော့်သူငယ်ချင်း မိန်းခလေးမှာ အသားညို သည် ။ 


ဤသို့ အသားညိုသည်ဟု ပြောရခြင်းမှာ သူမကို အားနာလို့ ပြောရခြင်းဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြား သသင်္ဘောသား တယောက်ဖြစ်သူနှင့် အိမ်ထောင်ကျသွားသည်မို့  အားနာ ၍ ပြောရခြင်းပါ ။ 

စင်စစ်အားသားမဲ အရပ်ပု သူ မိန်းခလေးဖြစ်သည် ။ သင်္ကြန်ဆိုလျှင် မဏ္ဍပ်တွင်း၌ သူမခမြာ ရေလောင်းခံ ရဖူးသူမဟုတ် ။ သူမထက်လှသော မိန်းခလေးတွေက အလှချင်းပြိုင်၍ လောင်းလှေရှေ့မှာ ထိုင်နေပြီဆို လျှင် ကျွန်တောာ့်သူငယ်ချင်း မိန်းခလေးမှာ သူ့ ငွေဖုလားဖြင့် မိမိကိုယ်ကို ရေလောင်းရှာရသည် ။ 

သူများစိုတော့ သူလည်းရေစိုပြထားရပါသည် ။ ကျွန်တော်တို့ ကား လူနောက်တွေမို့  သူမကို အမြဲအားပေး သည် ။ ကျွန်တော်တို့ ရပ်ကွက်ထဲက မဏ္ဍပ်ကိုရောက်လျှင် သူမကို ရေလောင်းရအောင် မဏ္ဍပ်ထိမ်း အမျိုးသမီးကြီးကို ခွင့်ပန်ရ၏။ 

သည်အခါ မဏ္ဍပ်ထိမ်းအမျိုးသမီးကြီးက တကယ်လားဆိုပြီး စရှာတော့သည် ။ ကျွန်တော်တို့ သည် သူမကို စချင်လို့ အားနာလို့  ရေလောင်းခြင်းသာဖြစ်ပြီး မေတ္တာရေလောင်းသည့်အချိန်တွင်ကား ခေါင်းကခြေဖျားအထိ ရေပုံးအပြည့်လောင်းချကာ နုတ်ဆက်ထွက်ခွါဖူးရသည်မှာ ချစ်စရာ့သင်္ကြန်၏ မမေ့နိုင်သော အကြောင်းအရာလေး တခုပေ ။ 

ဆိုရလျှင် သူမပျော်သွားသည်ကို မြင်၍ ကျွန်တော်တို့ ကားမှ လက်ပြပြီး ထွက်ခွါသွားသည့်တိုင် ရီမောကာ နုတ်ဆက်သွားသည်အထိ ပျော်မြူးကပြခဲ့ ခြင်းဖြစ်သည် ။ 

တနှစ်တခါ သင်္ကြန်ကျ-ပျော်လည်းပျော်ရသည်-ငိုလည်းငိုရပါသည် ဆိုသော သီချင်းတွေကို သင်္ကြန် အတွင်းမှာ ကျွန်တော်တို့  အမြဲဆိုကြပါသည် ။ အဖိုးကြီးတွေမှာ သင်္ကြန်အတွင်း ရပ်ကွက်တွေလှည့် ပြီး ရေလောင်း ကပြနေသည်မှာ အပျော်ကြူး၍ မဟုတ် ။

နှစ်ဆန်းတရက်နေ့ မှာဆိုလျှင် ၄င်းအဖိုးကြီးတွေက ဘုရားကြီးမှာ ဥပုဒ်စောင့်ယင်း ၀တ်ဖြူစင်ကြယ်နှင့် ။ ပြောချင်သည်က ရခိုင်သင်္ကြန်သည် လူကြီးလူငယ် မရွေး ကခုန်ပျော်မြူး မဟာသင်္ကြန်ဖြစ်သည် ။ 

တနေ့ က ဘဂျီးပြောမေ-ဆိုသော သင်္ကြန်တေးသရုပ်ဖေါ် ဗွီဒီယိုတခုကို ကြည့်ဖြစ်သည် ။ ကျွန်တော်တို့  မိသားစုမှာ ဆယိစုနှစ်ချီပြီး နိုင်ငံခြားမှာ အနေကြာနေကြပြီ ။ 

ထို့ ကြောင့် မိမိတို့  ဇါတိချက်ကြွေ မွေးရပ်မြေကို လွမ်းသည် ။ နှစ်ပေါင်း-၂၀- နီးပါး ကွဲကွာလာသော ဝေး ကွာနေရသည့်အချိန်မှာ မိမိတို့ ဆီက သင်္ကြန်သရုပ်ကို ဖန်တီးပြနေသော ဗွီဒီိယို မှာ ဗဂျီးကျော်-ကိုသာစိန်-ကိုစံထွန်းလှ တို့ ကခုန်နေသည်ကို မြင်ရသည် ။ 

သူတို့ သည် ကျွန်တော်နှင့် ရင်းနှီးသော သူများဖြစ်သည် ။ ဗဂျီးကျော်၏ ညီဖြစ်သူ ကိုဖြူမောင်ကိုလည်း ကွေးနေ 
အောင် ကနေသည်ကို မြင်ရသည် ။ 

ကိုဖြူမောင်ကား ရှေ့သွားများကျိုးနေပြီလား မပြောတတ် ။ သူ့ ခမြာ ပိန်လွန်းမက ပိန်လွန်းနေသည် ။ လူပျိုဘ၀တုံးက မင်းသားလေးလို ချောမောသောရုပ်ရည်ရှိသည့် ကိုဖြူမောင်သည် ရခိုင်ရိုးရာဇါတ်ပွဲ ဆိုလျှင် လူရွှင်တော်သရုပ်ဆောင်ရာရာ သူစကားပြောလျှင် ဟာသမြောက်သည် ။ 


သူ့ ကို မြင်ရ၍ ကျွန်တော် ခံစားမိနေသည် ။ ကျန်းမာရေးမှ ကောင်းပါလေစ- မည်သည့်ရောဂါများ ရှိနေ သလဲ- စသည်စသည်ဖြင့် ။ သူက ကျွန်တော်နှင့် စားဖေါ်သောက်ဖက်ကိုး ။ 

သို့ သော် ဘဂျီးပြောမေ ဆိုသော ဗွီဒီိယို အခွေကို ကြည့်ယင်း ကျွန်တော့် စိတ်ထဲမှာ အပျော်တွေ ကူးစက် ကုန်သည် ။ ရခိုင်သင်္ကြန်သည် ရခိုင်လူမျိုးနှင့် အတူ ဖွါးဖက်တော်အဖြစ် မွေးလာသည်လား ပေဘဲ ။ 

ဗဂျီးကျော်-ကိုဖြူမောင်တို့  ကနေသည်ကို မြင်တော့ ကျွန်တော် ကချင်လာသည် ။ သင်္ကြန်အက ကို မကဖြစ်သည်မှာ ကြာပြီဆိုတော့ ချက်ချင်းထိုင်ကြည့်နေရာမှ လက်ချိုးကလိုက်သည် ။ 

ကျွန်တော်က ကိုဖြူမောင်တို့ လို သင်္ကြန်အကကို ကလိုက်တော့ ကျွန်တော့်အနီးမှာ ဧည့်ခန်းအတွင်း ထိုင်ကြည့်နေကြသည့် မိသားစု တခုလုံးက အားရပါးရ ရီမောကြတော့သည် ။ ကျွန်တော့်အပျော်လည်း သူတို့ အား ကူးစက်လေသည်လား မသိ ။ သင်္ကြန်ကျလျှင် ရခိုင်မှာ ကလိုက်ချင်သည် ။ 

ကျွန်တော်သိနေသည်မှာ သင်္ကြန်ကို ကျွန်တော်မမေ့ကြောင်း -မည်သည့်နေရာရောက်ရောက် ကိုယ့် ရိုးရာယဉ်ကျေးမှု အစဉ်အလာကိုဖြင့် အမှတ်တရ ရှိနေကြာင်းပါလေ ။။။။။။။။။ 

ခိုင်အောင်ကျော် ( နယူးယောက် ) 

4/8/2013

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved