ထွက်မလာသေးတဲ့ သတင်းစာများအကြောင်း

Sunday, April 14, 2013

  ထုတ်ဝေခွင့် ကျပြီးတဲ့ သတင်းစာ ၁၆ စောင် ရှိတဲ့ထဲမှာ ဘယ်သတင်းစာက ဘယ်လိုအခြေအနေ ရှိပါသလဲ။


ရန်ကုန်မီဒီယာအဖွဲ့က စမ်းသပ်ထုတ်ဝေတဲ့  Yangon Times Daily သတင်းစာ အမှတ် ၂ နဲ့ အမှတ် ၃

(ဓာတ်ပုံ - ဧရာဝတီ)

ခေတ်သစ်နေ့စဉ်က နှစ်ဆန်း ၁ ရက်နေ့မှာ ထွက်မယ်လို့ အစိုးရသတင်းစာမှာ ကြော်ငြာထည့်ပါတယ်။
တချို့ကတော့ သူတို့ထုတ်နေတဲ့ ဂျာနယ်တွေမှာ ကြော်ငြာထားကြတာပါ။

သင်္ကြန်အပြီး ထွက်မယ့် သတင်းစာ ၄ စောင် ရွေးချယ်ထားတဲ့ ရက်များ


ခေတ်သစ်နေ့စဉ် - ဧပြီ ၁၇
7Day Daily -  ဧပြီ ၂၅
Yangon Times - မေ ၁
Eleven Daily မေ ၃

ဧပြီ ၁ မှာ ထွက်ခဲ့တဲ့ သတင်းစာများ


ပြည်ထောင်စုနေ့စဉ်
The Voice Daily
စံတော်ချိန်
ရွှေနိုင်ငံသစ်


အရင်ထွက်တဲ့သတင်းစာက ဈေးကွက်ဦးတယ် ဆိုတဲ့ အားသာချက် ရှိပါတယ်။ ရေရှည်မှာ အရည်အသွေးပိုကောင်းတဲ့ သတင်းစာတွေက ကျော်တက်သွားတာကိုလည်း ခံရနိုင်ပါတယ်။
သေချာတာကတော့ အရင်ထွက်တဲ့သတင်းစာက ပိုက်ဆံ အရင် ရှုံးမယ် ဆိုတာပါပဲ။

ဖြန့်ချိရေး အားနည်း၊ ကြော်ငြာ နည်းနည်းပဲရ၊ တချို့ဆို လုံးဝကို ကြော်ငြာမပါပါဘူး။  သေချာပေါက် ရှုံးကြပါတယ်။
တရက်ကို သိန်းပေါင်းများစွာ ရှုံးတဲ့လုပ်ငန်းလို့ ခန့်မှန်းနေကြတာပါ။

သတင်းစာလုပ်ငန်းက အခု အရှုံးခံလုပ်နေကြပေမယ့် အောင်မြင်သွားရင် အမြတ်အစွန်းကြီးမားပါတယ်။

ရန်ကုန်သတင်းစာ ဘာကြောင့် မလုပ်ကြသလဲ ~

သတင်းစာတွေကို ပြည်နယ်/တိုင်း ဒေသကြီး ၁၄ ခုလုံး ဖြန့်ဖို့ ဗျူဟာဆွဲနေကြတယ်လို့ သိရပါတယ်။

 မီဒီယာအဖွဲ့တွေအတွက် အခက်အခဲဖြစ်နေတာတခုက ဖြန့်ချိရေးလုပ်ငန်းပါပဲ။
တနိုင်ငံလုံးကို နေ့တိုင်း ဖြန့်ဖို့ဆိုတာ စိတ်ကူးနဲ့တောင် မောရတဲ့ လုပ်ငန်း မဟုတ်လား။

သတင်းစာထုတ်မယ့်  မီဒီယာအဖွဲ့အားလုံးလိုလိုဟာ ရန်ကုန်မှာ အခြေစိုက်ပါတယ်။
လူဦးရေ ၆ သန်းဝန်းကျင် ရှိတဲ့ ရန်ကုန်ဒေသကိုပဲ ပစ်မှတ်ထားပြီး ဖြန့်မယ် ဆိုရင် ဖြန့်ချိရေး ပိုပြီး အဆင်ပြေပါလိမ့်မယ်။
ရန်ကုန်ပရိသတ်အတွက် အထူးပြု ထုတ်ဝေရင် နယ်သတင်းထောက်ထားဖို့လည်း ခေါင်းကိုက်စရာ မလိုတော့ပါဘူး။
အားနည်းချက်ကတော့ ကိုယ့်ရဲ့သတင်းစာ ခွင်ကျဉ်းသွား၊ တခြားသူတွေထက် စောင်ရေနည်းသွားမယ် ဆိုတာတွေပါပဲ။

သို့သော်လည်း ရန်ကုန်အထူးပြုသတင်းစာ ထုတ်ဝေရေးဟာ စဉ်းစားသင့်တယ်မဟုတ်လား။
နောင်မှ နယ်ဘက်ကို တဖြည်းဖြည်း ဈေးကွက်ချဲ့ထွင်လည်း ရတာပါပဲ။

ငြိမ်နေတဲ့ ၈ စောင် ~
သတင်းစာထွက်မယ့်ရက် တိတိကျကျ မကြေညာသေးတာ ၈ စောင် ရှိပါတယ်။

စနည်းနာကြည့်တော့ မီဒီယာအဖွဲ့တချို့က ထုတ်ဝေရေး အဆင်သင့်ဖြစ်နေ၊ သတင်းထောက်အင်အား ရှိနေပါတယ်။ အလုံးအရင်းနဲ့ဖြုန်းဖို့လည်း အသင့်ပဲ။
ဖြန့်ချိရေးအတွက် လုံးပန်းနေရလို့သာ ထွက်ရက် မသေချာသေးတာပါ တဲ့။

သေချာတာကတော့ ရှေ့တော်ပြေး သတင်းစာ ၄ စောင်ရဲ့ အနေအထားကို ဝိုင်းပြီး စနည်းနာနေကြတယ် ဆိုတာပါပဲ။

NLD ရဲ့ ဒီလှိုင်းသတင်းစာက နောက်ဆုံးမှ ထွက်လာမယ့် သို့မဟုတ် လုံးဝ ထွက်မလာတော့မယ့် သတင်းစာအမျိုးအစား ဖြစ်နေပါတယ်။
သတင်းသမားအင်အား၊ အရင်းအနှီး၊ ဖြန့်ချိရေး ဒီ ၃ မျိုးလုံး ဘာမှ အသင့်မဖြစ်သေးဘူးလို့ သိရပါတယ်။
ထုတ်ဝေသူ ဒေါ်အောင်ဆန်းစုကြည်က သဘောထား တောင်းခံရာမှာ  သူ့နဲ့နီးစပ်တဲ့ မိတ်ဆွေ ၂ ဦးက သတင်းစာ ထုတ်ဝေရေး အစီအစဉ် ဆက်မလုပ်ဖို့ အကြံပေးကြတယ်လို့ ဆိုပါတယ်။
 

ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်မယ် ဆိုရင် လူအား၊ ငွေအား ကူညီမယ့်သူ ရင်းနှီးမြှုပ်နှံမယ့်သူတွေ အများအပြား ရှိမှာပါ။ သို့သော်လည်း ထွက်လာတဲ့ သတင်းစာက စာနယ်ဇ၊င်းအတွေ့အကြုံရှိတဲ့ မီဒီယာအဖွဲ့များက ထုတ်ဝေတဲ့ သတင်းစာတွေကို ယှဉ်ဖို့ ခက်ခဲမယ်လို့ ယူဆရပါတယ်။


 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



1 comments :

  1. များများလေ့လာပါ
    ဂျပန်မှာ မြို့ရောနယ်ရော
    မနက် ၄ နာရီ (သို့) ၅ နာရီလောက်ဆိုရင်
    သတင်းစာတွေ စပြီးဝေနေကြပါပြီ
    ဆင်ခြေဆင်လက်တွေနောက်မှာထားပြီး
    များများလေ့လာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved