ဦးနေမျိုးဇင်ကို ထောင်ဒဏ် ၆ နှစ်တိုးတဲ့အပေါ် AAPP သဘောထားထုတ်

Wednesday, May 8, 2013

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနေမျိုးဇင်ဟာ မအူပင်အကျဉ်းထောင်မှာ မေလ ၂ ရက်နေ့က အကြည် ညို ပျက်စေမှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၃ လ ကျခံနေရစဉ်မှာ ထောင်ကြွေးကျန် နောက်ထပ် ၆ နှစ် ထပ်မံ ကျမှတ်ခံလိုက်ရပါတယ်။ 


 ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဓာတ်ပုံ - ဧရာဝတီ

ယမန်နှစ် ဆန်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာပေမယ့်ထောင်ကြွေးကျန် ၆ နှစ်ကို အခု ပြစ်ဒဏ်ခံစားနေရချိန် အခုလို ထပ်မံချမှတ်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သဘောထား တရပ် ထုတ်ပြန်ခဲ့ပါတယ်။ 

                        ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ကြွင်းကျန်ထောင်ဒဏ် ချမှတ်ခြင်းအပေါ်
                                                  သဘောထားထုတ်ပြန်ချက်

ရက်စွဲ မေလ ၈ ရက်၊ ၂၀၁၃ ခုနှစ်

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် မေလ ၇ ရက်နေ့တွင် မအူပင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မအူပင်အကျဉ်းထောင်တွင်း လာရောက်၍ ပထမကျခံထားသည့်
ပြစ်ဒဏ်(ယခင်ပြစ်မှုအဟောင်း) အထဲမှ ၆ နှစ်ကျခံစေဟု အမိန့်စာ ဖတ်ကြားခဲ့သည်ဟု သူ၏
မိသားစုများမှ တဆင့်သိရှိရပါသည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေး ရင်း အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး အသရေဖျက်မှုဖြင့် စွဲချက်တင်ကာထောင်ဒဏ် ၃ လ ကျခံစေရန် (သို့မ ဟုတ်) ငွေဒဏ် ၂ သောင်းကျပ် ပေးဆောင်စေရန် ပန်းတနော်တရားရုံးမှ မေလ၂ ရက် နေ့တွင် ချမှခဲ့ခြင်းဖြစ်သည်။

ဦးနေမျိုးဇင်မှ ငွေဒဏ်မပေးဆောင်ပဲ ငြင်းဆိုခဲ့သည့်အတွက် မအူပင် အကျဉ်းထောင်သို့ပို့ဆောင် ပြီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တောင်သူ ၁၀၀ ကျော်မှ ဒဏ်ငွေ ကျပ်ငွေ ၂ သောင်းအား မေလ ၇ ရက်နေ့ ၂၀၁၃ ခုနှစ်တွင်
ပေးဆောင်ခဲ့သော်လည်း ညနေပိုင်းတွင် အထက်ပါ ကြွင်းကျန် ပြစ်ဒဏ်ကို ကျခံစေရန် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ဖမ်းဆီးခံခဲ့ရပြီး အီလက်ထရောနစ် ပုဒ်မ (၃၃ က)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတဦးဖြစ်သည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ပုဒ်မ ၄၀၁ ဖြင့်
ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

ယခုကဲ့သို ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ပြစ်မူကြွေးကျန်ဖြင့် ထောင်ချလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရမှ လွတ်မြောက်ပြီးဖြစ်သည့် ထောင်ပေါင်းများစွာသော နိုင်ငံရေး
အကျဉ်းသား 
ဟောင်းများကို ကြီးမားသည့် ခြိမ်းခြောက်ခြင်းဖြစ်သည့်အပြင် နိုင်ကျဉ်းဟောင်းများ နိုင်ငံရေး၊ လူမူရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခြင်းမရှိနိုင်အောင် ပြင်းထန်စွာ သတိပေးလိုက်ခြင်းဖြစ်သည်ဟု
မှတ်ချက်ချပါသည်။

ထို့အပြင် ထိုကဲ့သို့သောလုပ်ရပ်သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များအား ကြီးမားသော ဟန့်တားမှုတခု ဖြစ်သည့်အပြင် နောက်ကြောင်းပြန်လှည့်သည့် လုပ်ဆောင်ချက် တခုပင်ဖြစ်ပေသည်။

မိမိတို့ အေအေပီပီအနေဖြင့် ထိုသို့ နောက်ကြောင်းပြန်သက်ရောက်စေသည့် ပြစ်ဒဏ် ချမှတ်ခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချလိုက်ပါသည်။
တဆက်တည်းတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေး ပါရန်တောင်းဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင်     (အတွင်းရေးမှူး)                  +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
<kotate_9@yahoo.com>

ကိုဘိုကြည်     (တွဲဖက်အတွင်းရေးမှူး)         +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃
<bkstudent21@yahoo.com>

ဆက်စပ်သတင်း
ဦးနေမျိုးဇင် ထောင်ကြွေးကျန် ၆ နှစ် ချမှတ်ခံရ

1 comments :

  1. BomB said... :

    အင်း မြန်မာပြည်မှာက လူသတ်ဖို့လှုပ်ဆော်တယ့်သူကို လွတ်ပေးပြီး အခြေခံလူတန်းစားတွေအကျိုးသယ်ပိုးရင်ထောင်ချခံရသကိုး ကောင်းလိုက်တယ့်ဒီမိုကရေစီ တိုးတက်ပါစေဗျာ အာဏာရှင်တွေ တနေ့တော့ မင်းတို့လည်းခံရအုံးမှာပါ သိန်းစိန်နဲ့ရောင်းရင်းတို့ရာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved