ကြက်ခြေနီအသင်း စစ်ရိပ်ကင်းပါ့မလား

Friday, May 31, 2013


မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ဥပဒေမူကြမ်းကို အသစ် ရေးဆွဲပြီး ရှေ့နေချုပ်ရုံးတွင် တင်ပြထားကြောင်း သိရသည်။

ဥပဒေမူကြမ်းတွင် အစိုးရအနေဖြင့် ကြက်ခြေနီအသင်းအား ကူညီပေးရန် လိုအပ်နေသော အရာများ၊ အသင်းက ပြန်လည်ကူညီပေးနိုင်သော အရာများ၊ အစိုးရ၏ အရံအင်အားများ၊ အသင်း၏ ဥပဒေဆိုင်ရာ အဆင့်အတန်းများအား မြှင့်တင်ရန် နှင့် ထပ်မံ လုပ်ဆောင်သွားမည့် လုပ်ငန်းများ စသည်တို့ ပါဝင်သည်။

ယူနီဖောင်းဝတ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်သည့် ကာလတလျှောက်လုံး ကြက်ခြေနီအသင်းသည် စစ်တပ်၏ အရံအင်အားအဖြစ် ရပ်တည်ခဲ့ရသည်။

မီးသတ်အဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များသည် မတ်လ ၂၇  ရက်နေ့တိုင်း ပြုလုပ်သည့် အစိုးရ၏ စစ်ရေးပြ အခန်းအနားတွင် ပါဝင် အင်အားပြခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

မြန်မာပြည်မှ ကြက်ခြေနီအသင်းသည် တခြားနိုင်ငံများနှင့် မတူဘဲ စစ်တပ် အရိပ်မိုးသော ကြက်ခြေနီအသင်းဖြစ်ခဲ့ရသည်။

ဒီမိုကရေစီသို့ အသွင်ပြောင်းနေသော မြန်မာပြည်တွင် ကြက်ခြေနီအသင်းက အစဉ်အလာဟောင်းမှ ရုန်းထွက်ခွင့် ရှိမရှိ ဆိုသည်မှာ အသင်း၏ ဥပဒေသစ်ပေါ်ပေါက်လာမှ သိရမည်ဖြစ်သည်။

ကြက်ခြေခတ် အနီရောင်ကို သုံးခွင့်မပြု


ကြက်ခြေနီအသင်း၏ သင်္ကေတမှာ အောက်ခံအဖြူပေါ်တွင် ရေးဆွဲထားသော အနီရောင် ကြက်ခြေခတ် ဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် တွေ့မြင်နေရသော ထိုသင်္ကေတကို ကြက်ခြေနီအသင်းကသာ တရားဝင် သုံးစွဲခွင့်ရှိသည်ဟု ဆိုသည်။

“ကြက်ခြေနီအသင်းရဲ့ သင်္ကေတကို ခိုးယူသုံးစွဲနေသူတွေကို တားမြစ်နိုင်ဖို့ အစိုးရအနေနဲ့ ဥပဒေတခုပြဌာန်း ပေးဖို့ဆိုတာကို တောင်းဆိုထားတယ်။
ကျနော်တို့ရဲ့ သင်္ကေတကို ဆေးခန်းတွေမှာ သုံးစွဲခွင့် ပေးမထားပါဘူး” ဟု  မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။

ကြက်ခြေနီ နဲ့ ပဋိပက္ခ


 မြန်မာတနိုင်ငံလုံးတွင် ရာသက်ပန်အသင်းဝင် နှစ်သိန်းခန့်ရှိသည်ဟု ဆိုသော ကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်ကျရောက်သော နေရာများ၊  လူကြောင့်ဖြစ်သော ပဋိပက္ခများတွင် ကယ်ဆယ် ကူညီရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ 

“ကြက်ခြေနီအနေနဲ့ တချို့ကိစ္စတွေမှာ နှစ်ဖက်စလုံးကို ကူညီသင့်လို့ ကူညီလိုက်တဲ့ အခါမှာ လူတွေအနေနဲ့ အထင်မြင် လွဲမှားတာတွေကို ခံရပါတယ်၊ ကျနော်တို့က နှလုံးသားနဲ့ အလုပ်လုပ်ပေမယ့် ဦးနှောက်ပါပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာသာလှရွှေက ပြောသည်။

ပဋိပက္ခဖြစ်စဉ်များတွင်  အသင်း၏ လှုပ်ရှားမှု နည်းပါးသည်ဟု ယူဆကြခြင်းမှာ မှန်ကန်မှု မရှိကြောင်း အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ဥပဒေမူကြမ်းကိုသာ အတည်ပြုပြီးပါက ယခင်ကထက် ပို၍ လွတ်လပ်စွာ လှုပ်ရှားလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိသုံးစွဲနေသော ကြက်ခြေနီအသင်း ဥပဒေကို ၁၉၅၉ ခုနှစ်က ရေးဆွဲခဲ့ကြောင်း သိရသည်။

ရန်ပုံငွေ


 ကြက်ခြေနီအသင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တနှစ်လျှင် ဒေါ်လာ ၂ သန်း သုံးစွဲကြောင်း၊ အသင်းကြီး၏ ရန်ပုံငွေကို ပြည်ပအလှူရှင်များထံမှ အများဆုံး ရနေကြောင်း သိရသည်။

 ယခုနှစ်တွင် မြန်မာပြည်အတွင်း လေဆိပ်၊ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းပေါ်ရှိ  ယာဉ်ရပ်နားစခန်းများတွင် အလှူခံပုံးများ စတင်ထားရှိထားကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံက မြန်မာ့ကြက်ခြေနီအသင်းကို   ဒေါ်လာ ၁၄၅,၆၂၄ (ကျပ် သိန်းပေါင်း ၁,၃၇၃ သိန်း)  ပေးလှူခဲ့သည်။ ထိုသတင်းကို http://blog.irrawaddy.org/2013/05/blog-post_702.html တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ထိုင်းနိုင်ငံ မိဖုရားကြီး သီရိခေတ်၏ အသက်၈၀ ပြည့်၊   ထိုင်းမြန်မာ နှစ်နိုင်ငံ သံတမန်ထူထောင်မှု ၆၅ နှစ်ပြည့် စသည့် အထိမ်းအမှတ်များအတွက် ပေးလှူခြင်း ဖြစ်ကြောင်း သိရသည်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved