တင်ဆက်ပုံအသစ်နဲ့ ကဗျာတွေ

Monday, May 6, 2013



စာဖတ်သူတွေထဲမှာ ကဗျာဖတ်ပရိတ်သတ်အား ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မခန့်မှန်း တတ်ပါဘူး။
 ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ကဗျာစာအုပ် ၅၀ ဝန်းကျင် ထွက်ရှိခဲ့တယ် လို့ သိရပါတယ်။ 

အခု မိတ်ဆက်ပေးချင်တာကတော့ လူငယ်ကဗျာဆရာတွေရဲ့ လက်ရာ - မူမှန်လွန်ကဗျာအဖွဲ့အစည်း(၅) လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ် ဖြစ်ပါတယ်။

လူငယ်ကဗျာဆရာတွေဖြစ်ကြတဲ့ ကိုအောင်၊   ပီမွန်သော်၊  ကိုရဲ၊  ဂျူရီနို၊  မင်းရည်သွေး၊  တေဇT တို့ရဲ့ လက်ရာတွေ ဒီစာအုပ်မှာ တွေ့ရမှာပါ။
 ဒီစာအုပ်မှာပါဝင်တဲ့ ကဗျာအမျိုးအစားတွေကတော့ စုံလင်ပါတယ်။
လူငယ်တွေရဲ့လက်ရာ ဖြစ်တာကြောင့် ဒီကနေ့ခေတ်ရဲ့ပုံရိပ်တွေကို လတ်လတ်ဆတ်ဆတ် ခံစားနိုင်မှာပါ။

တေဇT ရဲ့“လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (မူရင်း)” ဆိုတဲ့ ကဗျာ တစ်ပုဒ်ကို ခံစားကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ငါတို့ကို ဘယ်တော့အရည်အသွေးစစ်ဆေးရေးခန်းထဲပို့မှာလဲ
ငါတို့ကို ဘယ်သူတွေက အရည်အသွေးစစ်ဆေးမှာလဲ
ငါတို့ကို ဘယ်သူတွေပြုလုပ်တင်သွင်းမှာလဲ
ငါတို့ကို (ငါတို့လို) ဘယ်သူတွေနဲ့ ရောနှောဆက်ယှက်ပြီးသုံးမှာလဲ
ငါတို့ကို ဘယ်အမှတ်တံဆိပ်တပ်ပေးမှာလဲ
ငါတို့ကို ဘယ်ဈေးနှုန်းနဲ့ဘယ်ဈေးကွက်ဆီတင်ပို့မှာလဲ
ငါတို့ကို ဘယ်သူတွေက ၀ယ်ယူအသုံးပြုမှာလဲ
ငါတို့ဟာ ဘယ်တော့ကုန်ချောအဖြစ်ရောက်မှာလဲ
ငါတို့ဟာ ထုတ်လုပ်မှုကုန်ကြမ်းတွေလား
ငါတို့ဟာ လူ့စွမ်းအားအရင်းအမြစ်ကုန်ကြမ်းတွေထုတ်လုပ်မှုလား
ငါတို့ဟာ ကုန်ချောဖြစ်သွားရင်ငါတို့ကရှိသေးရဲ့လား။
…………………………………….


နောက်ထပ်တစ်ပုဒ်ကတော့ ပီမွန်သော်ရဲ့ သံမဏိကြိုးမျှင် (သို့မဟုတ်) ဒေါ်အောင်ဆန်း စုကြည်ရဲ့ နီတိ ဆိုတဲ့ ကဗျာပါ။ 

ဒီလမ်းမှာ’ကြောက်ရွံ့ခြင်း’ သည် ၀ံပုလွေကို ရင်းစွဲထက်ပိုကြီးသည်ဟု ထင်အောင် ဖန်တီးနိုင်စွမ်းရှိသည်။
ဒီလမ်းမှာ အားလုံးဟာ နံပါတ်တစ်ကတော့ မှန်ကန်တဲ့ စိတ်ဓာတ်ကိုတောင့်ထားပါ
ဒီလမ်းမှာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာတဲ့ယဉ်ကျေးမှု ထူထောင်ရမယ်
ဒီလမ်းမှာ ပျော့ပျောင်းတယ်ဆိုတာ ပျော့ညံ့တာမဟုတ်ဘူး
ကြံဟာ သူတို့ကို ဘယ်လိုပဲကြိတ်ကြိတ် ချိုတဲ့သတ္တိကို မစွန့်လွှတ်သလိုမျိုး သံမဏိကြိုးမျှင်ဟာ သံမဏိကြိုးမျှင်ပဲ
ဒီလမ်းမှာ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏အကြီးအကဲ ဟု ဖခင်အမွေလက်ဆင့်ကမ်း
ဒီလမ်းမှာ ရင်ထဲသို့ အမုန်းတရားဝင်ရောက်လာလျှင် တိုက်ပွဲရှုံးလိမ့်မယ်
ဒီလမ်းမှာ ဒီမိုကရေစီတော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေး စိတ်ကလုပ်နိုင်မှ ဒီမိုကရေစီရမှာ
ဒီမိုကရေစီမှာ မေတ္တာထည့်နိုင်ရင် တခြားနိုင်ငံတွေထက် သာလိမ့်မယ်။    ။

တေဇT က “ကဗျာအမျိုးအစားတွေက ဒီကနေ့ခေတ်မှာ စုံလာပြီ၊  ကဗျာ တိုးတက်လာတယ်လို့ ပြောနိုင်တယ်” လို့  ပြောပါတယ်။

“မြန်မာနိုင်ငံက ကဗျာဆရာတွေရဲ့ကဗျာကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုတဲ့ စာအုပ်တွေလည်း အခုနောက်ပိုင်းမှာ ထွက်ရှိလာတာရှိတယ်၊ 
အဲဒါကြောင့်နိုင်ငံတကာက ကဗျာဖတ်ပရိတ်သတ်နဲ့ မြန်မာကဗျာဆရာတွေ ထိတွေ့ခွင့်ရလာတဲ့သဘောပေါ့။
ဒီ မြန်မာကဗျာတွေကိုဖတ်တဲ့ နိုင်ငံတကာကဗျာဆရာတွေကလည်း မြန်မာပြည်က ကဗျာတွေကိုဖတ်ပြီး အားရကျေနပ်တာမျိုး၊  သဘောက ကျွန်တော်တို့ကဗျာတွေက နိုင်ငံတကာကိုပါ စတင်ပြီး ထိုးဖောက်လာနိုင်တဲ့ အခြေအနေမျိုး ဆိုတော့ ဒီကနေ့ခေတ် ကဗျာအခြေအနေက အားရစရာကောင်းပါတယ်” လို့ သူက ဆက်ပြောပါတယ်။

စာအုပ်မိတ်ဆက်တဲ့ပွဲ နဲ့ Performance ပွဲကို ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ရန်ကုန်မြို့   New Zero Art Space မှာ ပြုလုပ်ခဲ့ပါ တယ်။
ကဗျာတွေကို ပုံစံအမျိုးမျိုးနဲ့ တင်ဆက်လာတဲ့အထဲမှာ ဒီလူငယ်များလည်း ပါဝင်ပါတယ်။ 
မိတ်ဆက်ပွဲမှာ ခင်းကျင်းထားတဲ့ ကဗျာပုံစံတွေကို ဧရာဝတီပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရွက်စိမ်း  ~






 






.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved