လုံးချင်းဝတ္ထုရေးနေတဲ့ မိုးကုတ်က စာရေးဆရာမ

Tuesday, May 21, 2013


စာရေးဆရာမ ငွေဇင်ယော်ဦး (မိုးကုတ်)က ရွှေအမြုတေ မဂ္ဂဇင်းရဲ့ စင်တင် ကလောင်ရှင်တစ်ဦး ဖြစ်ပါတယ်။

မိုးကုတ် အနောက်ပိုင်းမှာ ဖွင့်ထားတဲ့ သဟာယ စာကြည့်တိုက် အတွက် ပြုလုပ်တဲ့ ပွဲလမ်းသဘင်များမှာ ဆရာမ ငွေဇင်ယော်ဦး (မိုးကုတ်)က ပါဝင်ဖြစ်ပါတယ်။


  • အခု လောလောဆယ် စာပေ ရေးသားမှုနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင် ဖြစ်နေလဲ၊ ၀တ္ထုတို၊ ၀တ္ထုရှည် ဘာတွေများ ရေးဖြစ်လဲ။

အခု လောလောဆယ်က လုံးချင်း ၀တ္ထုရေးနေ တယ်။ ရေးပြီးပြီလား မေးကြတယ်။ မပြီးသေးဘူးလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ အားမရတာ။
အရမ်းဆင်းရဲတဲ့ အကြောင်းတွေ ဘာတွေ လည်း အခုအချိန်မှာ မရေး ချင်ဘူး။ လူငယ်တွေလည်း ဖတ်ချင်စိတ် ရှိအောင် ကြိုးစားရေးနေတယ်။
စိတ်တိုင်းကျတဲ့ အချိန် ထွက်ဖြစ်မှာပါ။


  • ဘယ်လိုအကြောင်း အရာဘက်ကို ဦးတည်ပြီး ရေးထားတဲ့ဝတ္ထုဖြစ်မလဲ။

အဓိကကတော့ အောင်မြင်ရေးပေါ့။ အခုရေးနေတဲ့ ၀တ္ထုက လူတော်တော်များများက အောင်မြင်မှုအတွက် ကြိုးစားဖို့ ရေးကြတာများတယ်။
ကျွန်မက အခု ဘယ်လိုတွက်လဲဆိုတော့ ဘယ်အလုပ်ပဲ လုပ်လုပ် အောင်မြင်တာရှိသလို မအောင်မြင်တာလည်း ရှိတယ်။
အဲဒီတော့ လူတစ်ယောက်က အောင်မြင်အောင် လုပ်ဖို့ပဲ အရေးကြီးတယ်။
 တကယ်တမ်း ကိုယ်ဖြစ်ချင်တာ ဖြစ်မလာတဲ့အခါ နေတတ်ဖို့လည်း အရေးကြီးတယ်။ ခံယူတတ်ဖို့လည်း လိုတယ်။ အဲဒါလေးကို တွေးပြီး ရေးကြည့်တာပါ။


  • ၀တ္ထုရှည်ဖြစ်တဲ့အတွက် ရေးဖွဲ့ပုံ ရေးဖွဲ့နည်းတွေ ပြောင်းသွားတာမျိုး ရှိဦးမလား။

အဲဒီလိုတော့ မပြောင်းဘူး ထင်တယ်။ ၀တ္ထုတိုနဲ့ လုံးချင်းကတော့ အရေးအသားက သူ့ဟာနဲ့သူ ကွာသွားတယ်။
ဝတ္ထုရှည်က နည်းနည်း ဆွဲဆန့်ရတဲ့ အပိုင်းတွေ ရှိတယ်။ ၀တ္ထုတိုက ချုံ့ရတယ်။ စာအုပ် ထွက်မှပဲ သိတော့မယ်။
အခုအချိန်က ရေးနေတုန်း ဆိုတော့ မပြောတတ်ဘူး။


  • လုံးချင်းဝတ္ထုက ဘယ်အချိန်ကတည်းက အစပျိုး ရေးထားတာလဲ။

ရေးနေတာ တစ်နှစ်လောက်ရှိပြီ စိတ်တိုင်းမကျ သေးတာ။

  • ၀တ္ထုတိုတွေရော ရေး ဖြစ်သေးလား။

ဝတ္ထုတိုက နည်းနည်း အရေးကျဲနေတယ်။ ရေးတော့ ရေးတယ်။ အများကြီး မပို့ ဖြစ်တော့ဘူး။ ရွှေအမြုတေအတွက်လောက်ပဲ ပို့တယ်။
TreasureLand  မှာတော့ ပင်တိုင် ရေးတယ်။ အဲဒီမှာ ခင်ချမ်းမြေ့ဇော် ကလောင်ခွဲနဲ့ အင်တာဗျူးတွေ၊ အတ္ထုပ္ပတ္တိတွေ ရေးနေတာ။


  • အင်တာဗျူး၊ အတ္ထုပ္ပတ္တိတွေ ရေးတာနဲ့ ၀တ္ထုရေးတဲ့ ခံစားချက် ကွာခြားမှုနဲ့ ဘယ်ဟာပိုပြီး ရေးချင်တယ်ဆိုတာမျိုးတွေ ရှိမလား။

သူများတွေရဲ့အကြောင်း၊ အင်တာဗျူး၊ အတ္ထုပ္ပတ္တိတွေ ရေးတာက ၀တ္ထုရေးတာလောက် မလွတ်လပ်ဘူး။
တကယ့် အဖြစ်တွေကို ရေးရတော့ အပိုအလို မပါရဘူးလေ။ အဲဒါတွေ ထိန်းရတယ်။ နည်းနည်း တာဝန်ကြီးတယ်။
ဝတ္ထုတို အရေးကျဲတာကလည်း အဲဒါကြောင့် နည်းနည်းပါတယ်။ အဓိက ကတော့ စိတ်ပါပဲ။ အလုပ် အရမ်းများလို့လည်း မဟုတ်ဘူး။ ကိုယ်တိုင်ကိုက သိပ်မရေး ဖြစ်တော့တာ။


  • ၀တ္ထုတိုတွေ အရေးကျဲတာ စာရေးဖို့ အကြောင်းအရာ ရှားတာနဲ့ရော ဆိုင်မလား။

ဝတ္ထုတို ရေးဖို့ ရေးစရာ ရှားသွားတယ်လို့ ပြောလို့ရပါတယ်။ ကျွန်မက ခရီးတွေ၊ ဘာတွေလည်း သိပ်မထွက်ဖြစ်ဘူးလေ။ ဒီဝန်းကျင်ထဲမှာပဲနေပြီး
စာတွေ ဘာတွေ ဖတ်၊ ရုပ်ရှင်ကြည့် ဒီလောက် ပဲ ရှိတာ ဆိုတော့လေ။


ဒါပေမဲ့ နောက်ပိုင်းက အပြောင်းအလဲ ကာလဆိုတော့ ရေးစရာတော့ ပြန်များလာ မှာပါလို့ ဆိုပါ တယ်။
ငွေဇင်ယော်ဦး (မိုးကုတ်)က စာရေးသက်အရ လုံးချင်းဝတ္ထု ရေးဖြစ်သင့်ပြီ လို့ ယူဆတာကြောင့် လုံးချင်း ၀တ္ထုရေး နေတာဖြစ်ပြီး ထွက်ဖြစ်၊ မထွက်ဖြစ်တော့ မပြောတတ် သေးဘူးလို့ ဆိုပါသေး တယ်။

ခင်လေးမြင့် ~

ဒီဓာတ်ပုံနဲ့ အင်တာဗျူးကို ၂၀၁၃ ဧပြီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း www.shweamyutay.com ကနေ ကူးယူ ဖော်ပြပါတယ်။

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved