ကမ္ဘာ့ဘဏ်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်

Friday, May 10, 2013

မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်သွားပါတော့မယ်။ 


ယမန်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတချို့နဲ့ အစိုးရ တာဝန်ရှိသူတွေ အထက်ပါအတိုင်း သဘောတူလိုက်ကြတာကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ 


(မနှစ်တုန်းက ကမ္ဘာ့ဘဏ်ရဲ့ မြန်မာပြည်ဆိုင်ရာကိုယ်စားလှယ်နဲ့အဖွဲ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ပုံ ဖြစ်ပါတယ်)

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ အစိုးရ ၀န်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးဝင်းရှိန်နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့အတူ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ Country ဒါရိုက်တာ Ms. Annette Dixon နဲ့ အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ 

ကမ္ဘာ့ဘဏ်အုပ်စုဘက်က မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး မြန်မာအစိုးရနဲ့ သဘောတူထားပြီးဖြစ်တာတွေကြောင့် ရှေ့လျှောက် ဒီထက် ပိုပြီး  အရှိန်မြှင့်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ခိုင်မာ လာမယ်လို့ မျှော်လင့်တယ်လို့ Ms. Annette Dixon က ပြောသွားပါတယ်။ 

ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်ဆောင်ရွက်တွေကြောင့် အလုပ်အကိုင်တွေ အဆင်ပြေလာမယ့်လို့ မျှော်လင့်ထား သလို အမေရိကန် ဒေါ်လာသန်း ၈၀ ထောက်ပံ့ကူညီထားတဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လည်း စတင်လုပ်ဆောင်နေပြီလိုလည်း ၀န်ကြီး ဦးစိုးသိန်းက ပြောသွားခဲ့တယ်။ 

အခုလို ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာနိုင်တာဟာ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ်
ပေးစရာ ရှိတဲ့အကြွေးတွေကို ဂျပန်နိုင်ငံက ကြားဝင်ကာ စိုက်ပေးထားတဲ့အတွက် ကြွေးမြီအသစ် ယူလို့ ရသွားခဲ့တာဖြစ်ပြီး အခုလို အခြေရောက်လာခဲ့ရတာပါ။ 


အိမ့်သံစဉ် ~





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved