ဗိုလ်ကြီးဟောင်းနေမျိုးဇင် ပြန်လွတ်ပြီ

Friday, May 17, 2013





မအူပင်အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ်နှင့် ၃ လ ကျခံနေရသူ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ခေါင်းဆောင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ယနေ့ ချွင်းချက်မရှိ ပြန်လွှတ်လာသည်ဟု သိရကြောင်း မိသားစုက ပြောသည်။



“ကိုနေမျိုးဇင် ပြန်လွတ်လာပါပြီ။ ကျနော်တို့ မအူပင်ထောင်ကနေ သူ့ကိုသွားကြိုကြပါတယ်။ နေ့လည် ၂ နာရီမှာ လွှတ်ပေးခဲ့တာပါ။ ပုဒ်မ ၄၀၁ ကို  ပယ်ဖျက်ပြီး ခြွင်းချက်မရှိ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်”ဟု ဦးနေမျိုးဇင်၏ညီဖြစ်သူ ဦးခင်မောင်ဌေးက ဧရာဝတီကို ပြောသည်။

ဦးနေမျိုးဇင်သည် ရဲဝန်ထမ်းများ လာဘ်စားသည်ဟု ပြောဆိုခဲ့သည့်အတွက်  ပန်းတနော်ရဲမှူးက အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့သည်၊
 ပန်းတနော်မြို့နယ်တရားရုံးက မေလ ၂ ရက်နေ့တွင် ငွေဒဏ် ၂ သောင်း (သို့မဟုတ်) ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

 မတရားသည့်အမိန့်ဖြစ်သည့်အတွက် ဦးနေမျိုးဇင်က ငွေဒဏ်မဆောင်ဘဲ ထောင်ဒဏ် ၃ လ ကျခံခဲ့ရာ မအူပင်ထောင်သို့ ရောက်ရှိသွားသည်။

အကျဉ်းကျပြီး ၅ ရက်အကြာတွင် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို အမိန့်ဖြင့် ယခင်ကကြွင်းကျန်သည့်ထောင်ဒဏ် ၆ နှစ်ကို ထပ်ဆောင်း ကျခံစေခဲ့ရာ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ၃ လ ဖြစ်သွားခဲ့သည်။

 ယခုအခါ အကျဉ်းကျပြီး ၁၆ ရက်အကြာတွင် ဦးနေမျိုးဇင်အား ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

 “လက်ရှိတော့ သူက ခါးနာနေတယ်ဗျ။ အရင်ထောင်ကျတုန်းက ဖြစ်ထားတဲ့ဒဏ်ရာဟောင်းပေါ့။ ခု မအူပင်ကနေ ရန်ကုန်ပြန်မယ်။ သူ့ကျန်းမာရေးပြန်ကောင်းလာတဲ့အထိ ခဏ အနားယူဦးမယ်ပြောတယ်” ဟု ဦးခင်မောင်ဌေးက ရှင်းပြသည်။

အစ်ကိုဖြစ်သူအား ထောင်ချခဲ့သည့်ဖြစ်ရပ်အပေါ် ဦးခင်မောင်ဌေးက “တရားဥပဒေဆိုတာ တသမတ်ထဲ ဖြစ်သင့်တယ်။ လိုအပ်ရင် လိုသလို၊ မလိုအပ်ရင် မလိုသလို ဆိုတာမျိုးက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။

 ဦးနေမျိုးဇင်သည် ယခင်စစ်အစိုးရလက်ထက်တွင်  ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး ယမန်နှစ်က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း သက်သာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။ 

 မြန်မာသမ္မတဦးသိန်းစိန်မှာ အမေရိကန်ပြည်ထောင်စုသို့သွားရောက်ကာ ရက်ပိုင်းအတွင်း သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန်ရှိနေသည့်အတွက်  ယင်းခရီးစဉ်မတိုင်မီ နိုင်ငံရေးအကျဉ်းသားများကို အချိန်ကိုက်လွှတ်ပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ဆလိုင်း သန့်စင်

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved