မဟာဆန်ကြောင့် ဧရာဝတီ ဆားအရောင်းအဝယ်ရပ်

Wednesday, May 15, 2013

 
 ဆားဈေးတွေ အဆမတန်ထိုးကျနေချိန်မှာ ဖြစ်ပေါ်လာတဲ့
 ဘင်္ဂလားပင်လယ်အော်မှာ တိုက်ခတ်နေတဲ့ မဟာဆန်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆားဈေးကွက် ပျက်နေပါတယ်။

ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာမှ နေလှန်းဆားချက် လုပ်ငန်းခွင် (
ဓာတ်ပုံများ - ဆလိုင်းသန့်စင်/ဧရာဝတီ)
“ခုလောလောဆယ် မုန်တိုင်းကြောင့် ရောင်းတဲ့လူလည်း ရပ်သွားပြီ။ ၀ယ်တဲ့လူလည်း မရှိဘူး။ အရောင်းအ၀ယ် အားလုံး ရပ်နေတယ်။
အရောင်းအ၀ယ်ဖြစ်ရင်တောင် မော်တော်တွေအားလုံး မုန်တိုင်းရှိလို့ ရပ်နားထားတော့ သယ်မယ့် မော်တော်မရှိဘူး” လို့ ငပုတောမြို့နယ်က ဆားလုပ်ငန်းရှင် ဒေါ်ဌေးမြင့်က ပြောပါတယ်။

ဆားဈေးတွေလည်း ကျနေပါတယ်။

 မြန်မာနိုင်ငံမှာ ဆားထွက်အများဆုံးဒေသဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ဒီလိုအခြေအနေတွေကြောင့် ဆားတောင်သူတွေ အရှုံးပေါ်နေကြပါပြီ။

 ဆား ၁ ပိဿာရဖို့အတွက် ကျပ် ၃၀ လောက် အကုန်ကျခံထားရတဲ့ ဆားတောင်သူတွေဟာ ပြန်ရောင်းမယ့်အချိန်မှာတော့  ၁ ပိဿာ ကျပ်၂၀ ဝန်းကျင်ပဲ ပေါက်ဈေးရှိလို့ ရတဲ့ဈေးနဲ့ပဲ အရှုံးခံပြီး ပြန်ရောင်းနေကြရတာပါ။

 ဆားတောင်သူတွေက ဈေးကျလို့ မရောင်းဘဲ ဈေးကောင်းရအောင်စောင့်မယ်ဟဲ့ ဆိုပြီး ဒီဆားတွေကို မလှောင်ထားနိုင်ပါဘူး။
ဘာလို့ဆိုတော့ ဆားကွင်းကအလုပ်သမားခတွေကို ဒီဆားတွေရောင်းပြီးမှ ရတဲ့ငွေနဲ့ ရှင်းပေးရမှာမို့လို့ပါပဲ။


အဲတော့ ရတဲ့ဈေးနဲ့ပဲ ထိုးရောင်းတော့ ဆား ၁ ပိဿာရောင်းတိုင်း သူတို့အတွက် ၁၀ ကျပ် ရှုံးနေပါတယ်။ ဆားပိဿာချိန် ထောင်နဲ့သောင်းနဲ့ချီပြီး ထွက်ရှိတဲ့ ဆားဖိုသူကြီးတယောက်အတွက် ဘယ်လောက်များရှုံးမလဲဆိုတာ တွေးကြည့်တာနဲ့ သိလောက်ပါပြီ။

 နာဂစ်မုန်တိုင်းပြီးခါစတုန်းက ဆားဈေးတွေ မြင့်တက်ခဲ့တဲ့အဖြစ်မျိုးတွေ ရှိထားတော့ အခု မဟာဆန် မုန်တိုင်းအပြီးမှာများ ဆားဈေးလေး ပြန်တက်လာမလားဆိုပြီး အရှုံးပေါ်နေတဲ့ဆားတောင်သူတွေ မျှော်လင့်ချက်ငွေ့ငွေ့လေး ထားနေကြပါတယ်။


 အရိပ်မရှိ၊ အမိုးအကာမရှိနဲ့ ခြစ်ခြစ်တောက်ပူတဲ့နေရောင်အောက်မှာ အချိန်ကုန်၊ ငွေကုန်၊ လူတွေ အပင်ပန်းခံပြီး လုပ်ခဲ့ကြပြီးကာမှ ၄ နှစ်ဆက်တိုက် အရှုံးနဲ့ပဲတွေ့နေတဲ့၊ အရှုံးသံသရာထဲမှာ တ၀ဲလည်လည် ပိတ်မိနေတဲ့ အတွက် လွတ်မြောက်ခွင့်၊ ထွက်ပေါက်တခုခုများ အစိုးရက စီစဉ်ဖန်တီးပေးနိုင်မလားဆိုပြီး ဒေသတွင်းက ဆားတောင်သူတွေ မျှော်လင့်နေကြပါတယ်…

 ဆလိုင်းသန့်စင် ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved