ကော်နာထဲမှာ ဘဘတွန့်ကို ထားရစ်ခဲ့

Saturday, May 18, 2013

( သရော်စာ )

နွေကျောင်းပိတ်ရက်ကြီး   ကုန်ဆုံးတော့မည် .. ။ မကြာမီကျောင်းတွေ ပြန်ဖွင့်မည်မို့ မိဘတွေ စိတ်ညစ်နေသလောက် ..  မိုးမခရွာသား ကလေးငယ်များကား    အတန်းသစ်တွင် ပညာသင်ကြရမည့် အရေး တွေးပျော်နေကြသည် .. ။ ထုံးစံအတိုင်း  သူတို့ စုရပ်  ရွာထိပ်ညောင်ပင်ကြီးအောက်တွင် ဆော့ကစားရင်း…

“ဟေ့ .. ခုနှစ် ကျောင်းဖွင့်ရင်    ကျောင်းအပ်တဲ့ကျောင်းသူကျောင်းသားတိုင်းကို  ဗလာစာအုပ်က တဒါဇင်.။ ပုံနှိပ်တစ်စုံ .. ။ ပြီးတော့ ပိုက်ဆံ တစ်ထောင်တောင် ပေးဦးမယ်တဲ့ကွ” သာဂိက ၀မ်းသာအားရ သတင်းပေးလာသည် .. ။ 

အရာရာ ရစ်ရမှ ကျေနပ်သော မောင်ရစ်က မှုန်တေတေနှင့် ပြောသည် .. ။
“မနှစ်တုံးကလည်း  ပုံနှိပ် စာအုပ်တွေ ပေးတယ် ဆိုပြီး ငါတို့ တွေ ဘယ်မှာရလို့လဲတွ .. ။ စာသင်နှစ်  တနှစ်သာကုန်သွားရော”

“အေးလေ .. ဆရာမတွေက    စာရင်းဖျောက် .. အဲလေ ..  စာရင်းမတင်မိလို့   လိုသွားတာဆိုလား။  ငါလဲ မရလိုက်ပါဘူးကွာ .. ” စောငိုက ငို မဲ့မဲ့ဖြင့်  ၀င်ရောက် ထောက်ခံ ဆွေးနွေးသည် .. ။

ရွာထိပ်ညောင်ပင်ကြီးမှ  ညောင်ရွက်ကလေးများကို ကျွဲရုပ်ကလေးများ လုပ်ပြီးကစားနေသော  ရန်လိုကျွဲကလည်း .. ငြီးငြီးငြူငြူပြောရှာသည် .. ။

 “အစိုးရကလဲ .. ဗလာစာအုပ်တွေကို စာရွက်ချောချော   .. အရုပ်လှလှလေးတွေနဲ့ ပေးရင်    .. ငရဲကြီးမှာ ကျနေတာပဲနော်… .. ။ ခဲဖျက်နဲ့လဲ ဖျက်လို့ မကောင်းဘူးကွ။ စာရွက်တွေ စုတ်ကုန်တာပဲ .. ”

ကူမိုးကြိုးကတော့  တွေးတွေးဆဆ  မျက်နှာငယ်လေးဖြင့် ..  “ အမေတို့တွေ  ညည်းနေတာများ .. ခိုကျနေတာပဲကွာ .. ။ သူတို့ ညည်းလွန်းလို့ ငါတော့ ကျောင်းဖွင့်မှာ ကြောက်တောင်နေပြီ”

ဖိုးထက်ကမူ   သူ့သူငယ်ချင်း  ယာကွတ်ကလေးအတွက် တမျိုး ပူရှာသည် ..
“ကျောင်းဖွင့်စမှာ  ခုလို ကျောင်းဝင်ကြေးလဲ မပေးရဘူး .. ။ စာအုပ်တွေလဲပေးတယ်…။ ပိုက်ဆံလဲ တစ်ထောင်ပေးတယ် ဆိုရင် .. ယာကွတ်အမေက ယာကွတ်ကိုကျောင်းလာအပ်မှာတော့ သေချာတယ် .. ။ ဒါပေမယ့်တကယ်ကျောင်းတက်ချိန်ကျရင်…ယာကွတ်မှာ  သူ့အမေ နဲ့ ဈေးလိုက်ရောင်းရ .. ။ ထမင်း ကူချက်ရ၊ ကလေးထိန်းပေးရ၊ ပလတ်စတစ်ကောက်ရနဲ့ .. ။ ကျောင်းတက် မမှန်တော့ဘူး .. ။ အဲလိုနဲ့ တဖြေးဖြေး  သူ .. ကျောင်းမတက်နိုင်တော့ပဲ .. တို့တွေ နဲ့ ဝေးသွား ဦးမှာ..”

 ကမာပုလဲကလည်း စိတ်မကောင်းဟန်ဖြင့် .. “ အေးလေကွာ .. ။ တို့လဲ သူ့ကို ကျောင်းတက်နိုင်အောင် ကူချင်ပါတယ် ..
 ဥပမာ .. သူ့အိမ်အ လုပ်တွေ ကူလုပ်ပေးတာမျိုးပေါ့ .. ။ ဒါပေမယ့် သူ့အမေမှာလဲ .. အိမ်ကစားဝတ်နေရေး မပြေလည်တော့ ယာကွတ်ကိုကျောင်းလွှတ်ဖို့ထက် .. ပိုက်ဆံရတဲ့ အလုပ်တွေပဲရှာခိုင်းနေတော့တာပဲကွာ။ ခက်တာပဲ..”

ထိုစဉ် .. မိုးမခရွာကလေးများ၏ ပညာရေး နှီးနှောဖလှယ် ရာနေရာသို့ .. ဘဘတွန့်တယောက်  မယောင်မလည်ရောက်လာသည်..။

ထမင်းဟင်းချက်တမ်း ကစားနေသော    ဂျော်ဒီးတို့မိန်းကလေးတသိုက်မှာ ရုပ်ရှင်ထဲမှ လူကြမ်းမင်းသားကြီးနှင့် တူသော ဘဘတွန့်  တယောက်  ရုတ်တရက်ကြီး ကစားဝိုင်းနား ရောက်လာသဖြင့်  ကြောက်လန့်တကြား ပူးကပ်သွားကြသည် .. ။
လောအယ်စိုးရဲ့    ညီမအငယ်ဆုံးလေး ဖြစ်သော ကရင်မလေး  နန်ကရိုင်းက      ငိုမဲ့မဲ့မျက်နှာကလေးနဲ့ တီးတိုးပြောရှာသည် .. ။
“သူ့ရုပ်ကြီးက  ပြုံးပြတာတောင် .. သွားကြီးဖြဲပြနေသလိုပဲဝေ့ .. ။  .. ကြောက်စရာကောင်းလိုက်တာ .. ”

 အနီးအနားမှ  ပန်းပွင့်များကို ခူးကာ .. ၊ သစ်ရွက်ကလေးများပေါ်တွင် တင်ပြီး လှီးကာ ချွတ်ကာဖြင့် အသုပ်ဆိုင်ဖွင့်တမ်းကစားနေသော  ဆောင်းသဇင်က ..

“ စိတ်ထားမကောင်းတဲ့လူတွေက ဘယ်လိုဟန်ဆောင်ဆောင် .. ရုပ်မှာ လာပေါ်တာပဲ တဲ့ .. ။ ငါတို့မေမေကြီးပြောတာ ကြားဖူးတယ် .. ။ အခု .. ဒီဘဘတွန့် ကြီးလဲ  ဘယ်လိုပဲ လေချိုသွေးသွေး…။ အစွယ်ကြီးတွေ ထွက်နေသလိုပဲ နော် .. ”

မုန့်ချိုသင်းကလဲ   လေသံလေးကိုနှိမ့်ကာ  တိုးတိုးလေး ပြောရှာသည် .. ။ 

“ ငါ  .. ၀က်သားသိပ်ကြိုက်တာတောင် .. အခု  သူ့မျက်နှာကြီးကြည့်ပြီး .. ၀က်ကြီးနဲ့တူလို့ .. ဝေါ့”

ဘဘတွန့်ကတော့   ဂျော်ဒီးတို့ မိန်းကလေးတသိုက်ကို အထင်ကြီးဟန်မရှိ .. အရေးမလုပ်ဘဲ .. သာဂိတို့ ပညာရေး ဆွေးနွေးပွဲ ဆီသို့သာ .. ခြေလှမ်းပြင်လေသည် .. ။

အမျိုးသမီး တန်းတူအခွင့်အရေး ရရှိရေး  အဖွဲ့တွင် ကလေးအလုပ်အမှုဆောင်တဦး  ဖြစ်သော .. ကချင်မလေး ကယ်သွေ…က ဒေါသ တကြီးဖြင့်      “ ဒါ .. ကျားမ တန်းတူ အခွင့်အရေး မပေးတဲ့ သဘောပဲ .. ။ ဒီတခါ  စီဒေါညီလာခံကျရင် ဒီကိစ္စတင်ပြရမယ်”

“ဟုတ်တယ် .. ဟုတ်တယ်..”

မြေကြီးပေါ် တွင် တုတ်တချောင်းဖြင့် ဟိုဟိုဒီဒီ ခြစ်ကာ နိုင်ငံတကာပန်းချီများကို အာရုံ  ခံစားနေသော  ဂျူနီယာက  ၀င်ပြီးထောက်ခံသည်..။ 

ဂျော်ဒီးကမူ   မာလကာရွက်များကို ပါးပါးလှီး .. ။ မြေကြီးခဲများကို ရေနှင့်ဖျော်ကာ  အကြော်ကြော်တမ်းကစားမည့်ဟန်ပြင်နေရင်းမှ ..

“ အဲဒီ ဘဘတွန့်ကြီးကို တကယ်အရေးယူရရင်  အမှူတွေ တသီကြီးပဲ တဲ့  .. ။ ရွာထဲက ဘကြီးစွမ်းတို့ ဂျီးဒေါ်မာအေးတို့ စကားဝိုင်းမှာပြောနေသံကြားတာပဲ .. ။ ထပ်  ပြဿနာ မရှာပါနဲ့တော့ ကယ်သွေရယ်..”

ဘဘတွန့်ကား  မယောင်မလည်  နှင့် ဆွေးနွေးပွဲကို ၀င်ရောက်ဆွေးနွေးရန် အကြံဖြင့်   သာဂိတို့ အနီးတွင်  လှည့်ပတ်ကာ အခွင့်ကောင်းကို စောင့်ချောင်းနေလေသည် .. ။
သူ့ ကောက်ကျစ်ယုတ်မာမှုများကို တရွာလုံးသာမကတကမ္ဘာလုံးက  လူကြီးများမှာ  သိပြီးဖြစ်နေရာ .. ဘယ်သူကမှ လက်မခံသဖြင့် ဤကဲ့သို့  ကလေးများမှ တဆင့်   ၀င်ရောက်ချဉ်းကပ်ရန်  ဆုံးဖြတ် ထားပုံရလေသည် .. ။ 
သာဂိတို့၏ ကလေးသူငယ် ရွာဂံလုံးဆိုင်ရာ ပညာရေးနှီးနှောဖလှယ်ပွဲကြီးကား  သူ့ပရိသတ်နှင့်သူ  အရှိန်ရနေပေသည်..။

“အေးကွာ .. ။ ကျောင်းဖွင့် ရင် အတန်းသစ် တက်ရမှာတော့ပျော်ပါရဲ့ .. ။ ဒါပေမယ့် ခုနှစ်အတန်းပိုင်ဆရာမက    သူ့ကျူ ရှင် မတက်ရင် .. ဘယ်လို ရစ်ဦးမှာလဲ မသိပါဘူးကွာ။ ပုဂလိကကျောင်းတွေကတော့  တို့လို  အခြေခံလူတန်းစား .. မိုးမခရွာသားကလေးတွေ နဲ့မနီးစပ်ပါဘူးကွာ .. ”

“ အစိုးရကျောင်းတွေက   .. ဆရာ .. ဆရာမတွေကလည်း  လခနဲ့ မလောက်တော့ .. ကျူရှင်တွေ ပြရပြန်ရော .. ။ လခ တိုးတော့လဲ .. ကျူရှင် ပြရတဲ့ အရသာက  မြိုးမြိုးမြက်မြက်နဲ့မို့   မစွန့်ရက်ဘဲ  မက်နေသေးတော့ တို့ကျောင်းသားမိဘတွေပဲ   .. ၀န်ပိပြန်ရော”

ဘဘတွန့်ကား သူဝင်ဆွေးနွေးရန် အကွက်ရသွားသဖြင့် ၀မ်းသာအားရ ၀င်ရောက်ဆွေးနွေးလေသည် .. ။

“ အေးကွ .. ။   အဲဒီ ကျောင်းဆရာ ဆရာမတွေကွာ .. ။   ဘဘ တွန့်တို့ဘုန်း မိုးသို့ချုန်းစဉ်က  သြ၀ါဒချွေထားတာကို  မလိုက်နာကြဘူး။

တပည့် မရှား .. တပြားမရှိ .. ။ ပီတိကို စား  အားရှိဧ။် .. ဆိုတဲ့ ဆောင်ပုဒ်ကို ဘဘချပေးခဲ့တာလေ။ ခုနေများ  ဘဘတွန့်မှာ  လုပ်ပိုင်ခွင့် တွေ ရှိနေသေးရင် .. ကလေးတို့ ဒီလို  ဘယ်ငြီးငြူ နေရမလဲ .. ။ ဒင်းတို့ကို ပီတိတွေပဲ  တ၀ကြီး  ကျွေးပစ်လိုက်မှာ..။

 ပြီးရင်  ကလေးတွေ ရဲ့ဦးနှောက်ကိုပုံစံခွက်လို သဘောထား .. ။ ဆန့်ဆန့် မဆန့်ဆန့်  အချိန်ပိုတွေသင်ခိုင်းမယ် .. ။ ပြီးတော့ မှ  လခနဲ့ မလောက်လို့အပြင်မှာကျူရှင်သင်ရပါတယ်  ဆိုတဲ့ ဆရာဆရာမတွေကိုအချိန်ပိုကြေးတောင်းခိုင်းမယ် .. ။ တနည်းတော့ .. ဆရာဆရာမ တွေ  တရားဝင် ကျူရှင်  သင်ခွင့် ပေးခဲ့တာ .. ဘဘလက်ထက်မှာ ကွ .. ။ ဒါဆို  ဘဘတို့ အစိုးရဘက်ကို     လစာတိုးပေးဖို့ မျှားဦးမလှည့်တော့ဘူး.။ .   ငါးကြင်းဆီနဲ့ ငါးကြင်းကြော်လိုက်တာပဲ ကွ .. ဟဲ .. ဟဲ  .”

 “ဘကြီးစွမ်းတို့  စကားဝိုင်းမှာ ပြောနေတာကတော့ .. ဘဘတွန့်   ပညာရေး ကိုင်ကတည်းက အနော်တို့ ပညာရေးစနစ်ကြီး    ရေစုန် မျောသွားတာဆို...။ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ  ဖျက်ဆီးခဲ့တာဆို...”

“ အို .. အို .. မလိုသူတွေပြောကြတာပါကွယ် .. ။ ဘဘတွန့်လက်ထက်ကျမှ  .. ကျောင်းတိုင်းမှာ  မာလကာသီးမီဒီယာ   .. အဲလေ .. မာလ်တီ မီဒီယာရွမ်းတွေ
ဖွင့်ပြီး ဘဘကိုယ်ပိုင် စီးပွါးဖြစ် ..  နိုင်ငံခြားက သွင်းတဲ့ပန်းသီးအပုတ်ဒိတ်အောက်  ကွန်ပြူတာကြီးတွေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီ ချီတက်ခဲ့တာလေ.။ စိတ်ဓါတ်  .. စည်းကမ်း .. ပညာ .. ဆိုတဲ့ဆောင်ပုဒ်တွေချလိုက်ကတည်းက  ကလေးတွေ ရဲ့  စိတ်ဓါတ်တွေရော .. စည်းကမ်းတွေရော .. ပျက် .. ။ ပညာရေးစနစ်ကြီး  တခုလုံးရော ..    .. ဖျက်ပြီးသားရရော ပေါ့ ကွ .. ဟဲ .. ဟဲ...”

“ ဟုတ်တယ် .. ဟုတ်တယ် .. ။ အဲဒါတော့ဟုတ်တယ် .. ။ အဲဒီကွန်ပြူတာကြီးတွေကို  ကျောင်းက သော့ခတ်ထားတဲ့အခန်းကြီးတွေထဲမှာ   ပြူတင်းပေါက်က ချောင်းကြည့်ရင်း   အနော် ..  တွေ့ဖူးတယ်..”

ဘဘတွန့်ကား  မျက်နှာကြီးကို အစွမ်းကုန်ဖြီးလျက် .. လက်ထဲမှယက်တောင်ကလေးကို တဖျပ်ဖျပ်ခပ်ရင်း
“ အေး .. ဟုတ်တယ်ကွ .. ။ ဘဘတွန့်များ  အဲဒီ အချိန်က  အိမ်မှာတောင်မနားရပါဘူးကွာ .. ။ တနိုင်ငံလုံးက  ကျောင်းတိုင်းမှာ .. မာလတီ မီဒီယာရွမ်း ဖွင့်ပွဲတွေ  လိုက်လိုက်၊ဖွင့်ပေးရတာ .. ”

“ဟုတ်တယ် .. ဘဘတွန့် .. ။ အနော်တို့ ကျောင်းက ကွန်ပြူတာကြီးဆိုလဲမနားရဘူး .. ။ ရွာနီးချုပ်စပ်က ဘဘတွန့် လာဖွင့်ပွဲ လုပ်တဲ့ .. မာလတီမီဒီယာရွမ်း ဖွင့်ပွဲ တွေကို   အငှားလိုက်ရတာလေ .. ။ ကျောင်းတိုင်းမှာ ကွန်ပြူတာတကယ် မရှိပဲ နဲ့  ဘဘတွန့်ကို  ညာကြတာပေါ့ .. ဟိ။    အဲဒါနဲ့ပဲကွန်ုပြူတာကြီး ခမျာ  ပင်ပန်းရှာတယ်  ဆိုပြီး  ကျောင်းအုပ်ဆရာကြီးတွေက အခန်းထဲမှာ သော့ခတ်သိမ်းထားလိုက်တော့ တာပဲ .. ”

“ ဟုတ်တယ် .. ဂျ။   အနော်တို့ကို  ကွန်ပြူတာ အကြောင်း သင်ရင်လေ .. အဲဒီ အခန်းရှေ့     သွားပြီး .. ပြူတင်းပေါက်က ချောင်းကြည့်ပြီး .. ကွန်ပြူတာဝင်းဒိုး  ဆိုတာ  အဲဒါကိုခေါ်တယ်ကွဲ့ဆိုပြီး    တနှစ်လုံးစာ ကွန်ပြူတာ ဘာသာ သင်ခန်းစာ ပြီးသွားရောပဲ”

ဘဘတွန့်ကား   သူ့ကိုယ်ပိုင်ဟန်  ခါးကလေးကို ဆတ်ခနဲတွန့်လိုက်ရင်း .. မျက်နှာကို တင်းတင်းမော့လျက်
“ဘာပဲ ပြောပြော .. မင်းတို့ကလေးတွေ သုံးဖို့  “တိုပြီကွာ” ခဲတံလေးတွေ ထုတ်လုပ်ရောင်းချ ပေးနိုင်ခဲ့တာ ဘဘတွန့်လေ .. ။ ဘဘကဥာဏ်ပြေးတယ် .. ။ တချက်ခုတ် ဆယ်ချက်ပြတ်အောင် .. ။ ကိုယ်ပိုင် စီးပွါးရေးလဲဖြစ် .. ။ ကျောင်းသားတွေလဲ  ဆိုင်တွေမှာ ရှာဝယ်မနေရအောင် .. ။ ကလေးတို့ လိုတဲ့ကျောင်းသုံးပစ္စည်းလေးတွေ  ဖြန့်ပေးနိုင်ခဲ့တာ  ဘဘ တွန့် တော့ .. သိပ် …ဂုဏ်ယူတာပဲ”

“ ဟုတ်မှာပါလေ .. ။ ဘဘတွန့်နည်းလမ်းတွေ ယူပြီး  နောက်လာတဲ့မောင်ပုလဲ တို့ မောင်ရွဲတို့တွေက အနော်တို့  ကျောင်းသားတွေကို သူတို့  အိတ်ထဲက ဖားလို သဘောထားပြီး ကျောင်းဖွင့်တာနဲ့ မယူမနေရ။  ရောင်းလိုက်ကြတဲ့ဗလာစာအုပ်တွေ .. ။ ပေတံတွေ .. ။ ခဲတံတွေ .. ။  အပြင်ဆိုင်တွေက  ၀ယ်ရင် သူတို့ပစ္စည်းထက် ဈေးသက်သာပြီး  အမျိုးအစားလဲ ပိုကောင်းပေမယ့်  နီးရာဓား ကြောက်ရတော့  ၀ယ်ရတော့တာပေါ့ဂျာ”

“ ဒါပေါ့ .. ။ အသေချာဆုံး ဈေးကွက်ကို  ဘဘတွန့်က  ဦးဆောင် ရှာဖွေလမ်းညွှန်ခဲ့တာပေါ့ကွယ် .. ”



“ ဒီကြားထဲ ..     တိုင်းပညာရေးမှူးရုံးတို့ တာဝတိံသာဌာနတို့ က  ရိုက်ရောင်းတဲ့ ကိုယ်တိုင်  ထုတ်ဖော်ဝန်ခံချက်  ဆိုတဲ့စာအုပ်မျိုး တွေ .. ကလဲ .. ။ မ၀ယ်မနေရ ၀ယ်ရတယ် .. ။ ပြီးတော့  တနေ့တနေ့ကိုယ်ဘာတွေ လုပ်တယ် .. ဆိုတာတွေကို  ဟုတ်ဟုတ်မဟုတ်ဟုတ်အကောင်းဆုံးဖြစ်အောင် ရေးရသေးတယ် .. နော်။ အဲဒါလဲ  ဘဘတွန့် လက်ထက်က စခဲ့တာမဟုတ်လား .. ။ ဟိုကောင် .. ဖိုးခွါးရယ်. “မေမေ့ကို ဆံပင်ဖြူ နှုတ်ပေးပါသည်”ဆိုပြီး     အမှန်အတိုင်း     ရေးမိလို့ ဆရာတွေက  သူတို့ကို သရော်စာရေးတယ်  .. ။   နိုင်ငံရေးပါတယ် .. ။ ဖိုးခွါးကို  မူလတန်း ဗကသ …ဆိုပြီး .. မိဘခေါ်သတိပေးခံရသေးတယ် လေ”



“ အို .. အဲဒါက ဘဘတွန့်စေတနာပါ ကွဲ့ .. ။ မင်းတို့ကလေးတွေက  နောင်တချိန်မှာ ဘဘတွန့်တို့လို လူကြီးတွေ…ဖြစ်လာမှာလေ .. ။ အဲဒီ့အတွက်  အခုထဲက အစီရင်ခံစာအလိမ်အတု တွေ ရေးတတ်အောင်  အခြေခံမူလတန်းအဆင့်ကနေ  တက္ကသိုလ် ၀င်တန်း အထိ တောက်လျှောက်   လေ့ကျင့် ပေးခိုင်းထား တာပါကွဲ့ .အဟက် .. ဟက်”

“  အော် .. ကျေးဇူးကြီးလှပါတယ် .. ။ ဘဘတွန့်ရယ် .. ။ ဒါနဲ့  အခုဘဘတွန့်  ရွာ့ပြင်မှာ ဘာလာလုပ်တာလဲဟင် .. ။ လက်ထဲမှာလည်း   ပုဆိုးစုတ် တွေ  ဒန်အိုး အပိန်တွေ .. ပစ္စည်းတွေတိုလီမုတ်စ နဲ့ .. ”

“  အော်…ဘဘ လဲ  ရွာထဲမှာ ၀င်ဆံ့ဖို့အရေး .. အကြံမရလို့ .. ။ ဆားချက်မလို့ပါ..။     ဒီရွာပြင်ချောင်းကလေးနံဘေးက    ဘဘရဲ့  ခွေးသေးပန်းခြံကလေးမှာ  ကော်နာ ကလေးတခုဖွင့်မလို့ပါ..။ ဆိုင် မဟုတ်ဘူးနော် .. ။ ကော်နာ .. ကော်နာ .. ။ ကော်နာသေးသေးကလေးပါ .. ၊
ဒီ ကော်နာ ကလေးမှာ  ဘဘ ထန်းရည် ဆိုင်ကလေးနဲ့  ကြွက်ကြော်တွဲရောင်းမယ် .. ။ ထန်းရည် ငမူးတွေ   ထန်းရည်ဖိုး မရှိလို့  လာရောင်းတဲ့  ခိုးရာပါ .. ပစ္စည်းအဟောင်းအမြင်းကလေးတွေကို  ကောက်ပြီးပြန်ရောင်းမယ် .. ။ တခါတလေ  နံမယ်ကြီးအောင် .. အဟောင်း အမြင်း အစုတ်ပလုတ် .. လေလံပွဲကလေး ဘာလေးတွေ  လုပ်မယ် .. ။ အဟွန့်”

“ဘာ……ကော်နာ”

မိုးမခ ရွာသား ကလေးများ အားလုံး  သံပြိုင်အော်လိုက်ကြသဖြင့်  ဘဘတွန့်ခမျာ .. တမင်လုပ်ထားသော   ဖြီးစပ်စပ် မျက်နှာကြီးမှာ    အနီရောင်အဆင့်  မဟာဆန်သူမုန်တိုင်းကြီး  ဆင်ကာနီးလို  ရုတ်တရက် ခက်ထန်မဲမှောင်သွားလေသည် .. ။
 ပြီးတော့မှ  မိုးလေ၀သ  ဦးထွန်းလွင်၏    နာဂစ်မကြေပွဲမအိပ်မနေ အရိပ်တကြည့်ကြည့် စောင့်ကြည့် ကြေညာနေသောကြောင့်လည်းကောင်း၊
 သမဒကြီးဖွဲ့ပေးသော မုန်တိုင်းဘေး အန္တရာယ်ကာကွယ်ရေး အဖွဲ့ကြီး၏   နာဂစ်ပြေးမှ ထိုးကွင်းထမှုများကြောင့်လည်းကောင်း   ကြောက်ကြောက်နှင့် ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းသို့ ၀င်ပြေးသွားရှာသော မဟာဆန်သူမုန်တိုင်းကြီးလို .. အားပျော့သွားကာ   မျက်နှာကို ပြန်ပြင်ဆင်ဖြေလျှော့ရင်း .. လက်ကလေး နှစ်ဖက် တခါခါနှင့်
“ ဘဘရဲ့  အေးချမ်းမေကို  ရှာ….အဲလေ .. အေးချမ်းမှု ကို  ရှာတာပါကွယ် .. ”

မိုးမခရွာသား ကလေးများကား  မခေ .. ။ ဘဘတွန့်ကို  ချောင်ပိတ်မိတဲ့…ဟိုဒင်းသူငယ်လို .. မေးခွန်းတွေ တရစပ်နှင့်   ရိုက်မေး မေးလေသည် .. ။

“အာ် .. အရင်က  ဘဘတွန့်စနက်နဲ့ အကျဉ်းထောင်တွေထဲမှာ အသက်ဆုံးရှုံးကျဆုံးခဲ့ရသူတွေ .. ။ မိတကွဲဖတကွဲ  တိုင်းပြည်ထဲက  ထွက်သွားခဲ့ရသူတွေ..။ ပြည်တွင်းစစ်မီး တောက်ထဲမှာ  သေကြေကျဆုံး  ရခဲ့သူတွေ .. ။ ဘ၀ပျက် သွားတဲ့သူတွေ .. ။ သူတို့ရဲ့ ကျန်ရစ် တဲ့ မိသားစုတွေ…။ သူတို့ တွေရဲ့  အေးချမ်းမှု အတွက် ကော…ဘဘ တွန့်   ဘာများစဉ်းစားထားပါသလဲ။ ဘယ်လို  ၀န်ချပြီး ဖြေလျှော့ နှစ်သိမ့်ပေးမယ်စိတ်ကူးရှိလဲ ဟင်.  ။ နောက်ပြီး  ရွာသားတွေကပြောကြတယ် .. ။ ဘဘတွန့်က  အနော်တို့ ကလေးတွေကို  စည်းရုံးပြီး .. ။ လူထု နဲ့ထိတွေ့မယ် .. ။ ပြီးရင် ရွာဂံရေးထဲ  ၀င်ရှုပ်တော့မယ်   .. ဆို”

“အို .. ဘဘက  ဘာကိစ္စ  လူထု နဲ့ထိတွေ့ဖို့ လုပ်ရမှာလဲ .. ။ ဘဘဘယ်တုံးက  လူထု ဆိုတာကို  သောက်ဂရုစိုက်ဖူးလို့လဲ .. ။
ဘဘက  သူတို့ကိုဝန်ချ တောင်းပန်ရ ဦးမယ် .. ဟုတ်လား .. ။ ဘဘရှေ့က ဟိုလူကြီးတွေတောင် သေကာနီးထိ နောင်တမရ ၀န်မချဘဲ …
ခပ်တည်တည်နဲ့ စာဖတ်ပြီး  .ငြိမ့်နေကြသေးတာ.။ အိုကွာ .. ငရဲကျမှပဲ  တူတူ  ၀န်ချပါတော့မယ် .. ကျေနပ်ကြနော် .. ။
နောက်ပြီး .. ဒီကော်နာကလေးမှာ  ဘဘ တပည့်တပန်းတွေ နဲ့ ကွန်ယက်ဖွဲ့ရုံလေးပါကွာ .. ။ 
ရွာသားတွေက   ဘဘကို  ရွာဂံရေးမှာ ၀င်ရှုပ်ချင်တယ် .. ထင်လို့လား .. ။ သေသေချာချာ ပြောမယ်နော်.. ။ ၀လုံး…၀လုံး .. ၀လုံး .. သုံးခါထပ်ပြောမယ်နော် .. ။ ဟုတ်တယ် .. ။  ၀င်ရှုပ်ဖို့  ဆီလို အပေါက်ရှာနေတာ .. ။ ဒါဘဲ”

ထိုစဉ် .. ဘဘတွန့်ကတော်ကြီးမှာ  အူယားဖားလျား အပြေးရောက်လာကာ ..           “ ဒီမှာ  ကိုဖင်တွန့်..။ အိမ်မှာ   ရွာထိပ်ကုန်စုံဆိုင်က ဘာဘူကြီး မဟာစိန် ရောက်နေတယ် .. ။ ရှင့်ကြွေးကျန်တွေ  …လာသတိပေးတာတဲ့ .. ”

“ ဟင် .. ငါ့ကြွေး.ကျန်… ဟုတ်လား .. ။ ဘယ်လောက်တဲ့လဲ”

ဘဘတွန့်က  မျက်စိပျက် မျက်နှာပျက်ဖြင့်မေးလေရာ….ဘဘတွန့်ကတော်ကြီးက .. ငိုသံပါကြီးဖြင့် ..
“ သူပြောနေတာတော့  နေမျိုးဇင်လိုပဲ  ရှင်လည်း   ၄ဝ၁   ကျပ်ရှိသေးသတဲ့ ။  မေ့မနေနဲ့ဦးတဲ့ .. တော်”

“ဟိုက်” ..

 ဘဘတွန့်ခမျာ… ရွာနံဘေး ချောင်းရိုးကလေးအတိုင်း  သူ့ ကော်နာကလေးတည်ရှိရာ ခွေးသေးပန်းခြံကြီးဆီသို့  ရေးကြီးသုတ်ပြာ .. ပြေးလေသည် .. ။
ဘဘ တွန့်ကတော်ကြီးလဲ  ထမီမနိုင် ပုဝါ မနိုင်ဖြင့်  နောက်တော်ပါးမှ ထပ်ချပ် မကွာ လိုက်ရှာလေသည်…။

မိုးမခ  ရွာသား ကလေးများကား…လက်ခုပ်လက်ဝါးတီးကာ ရယ်မောလျက်  သံပြိုင်  ဟစ်အော်လိုက်ကြသည်..။ 

ကော်နာထဲမှာ  ..  ဘဘ တွန့်ကို  ထားရစ်ခဲ့”

ဂျော်ဒီး ~

 
မိုးမခမီဒီယာ http://moemaka.com ကနေ ကူးယူ ဖော်ပြပါတယ်။

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved