လိုင်စင်မဲ့ကားကို ဝစ်သောက် ဟု ခေါ်ကြသည်။
လိုင်စင်မဲ့၊ အင်္ဂလိပ်လို without licence ဟု ခေါ်ရာမှ အတိုကောက် ဝစ်သောက်က အသုံးတွင်နေခြင်းဖြစ်ဖွယ်ရှိသည်။
လမ်းပေါ်တွင် ဝစ်သောက်များ တဝူးဝူး တဝေါဝေါ နေ့စဉ် မောင်းနေကြသည်ကို တွေ့ရလျှင် ထိုဒေသမှာ ကရင်ပြည်နယ်အတွင်းရှိ မြို့တမြို့ ဖြစ်ဖွယ်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရသော ဘားအံမြို့လယ် တနေရာ (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
လိုင်စင်မဲ့ ဟူသောကြောင့် လိုင်စင်မရှိ။ သို့သော်လည်း လိုင်စင်ရှိယောင်ဆောင်ပြီး ကားနံပတ်ပြား ကျကျနန တပ်ဆင်ထားကြသည်။
ဟိုနားဒီနား သွားလာခြင်းမှ ထိုင်းနယ်စပ်သို့ ဝေးဝေးလံလံ သွားလာခြင်းအထိ အားကိုးရသော ဝစ်သောက်များ ဖြစ်သည်။
တရားမဝင်သော မော်တော်ယာဉ်များ ဖြစ်သော်လည်း ဤဒေသ ခရီးသည်တို့အတွက် အသုံးတည့်၊ အဆင်ပြေလှသည်။
အဆင်မပြေဟု ညည်းတွားနေကြသည်မှာ တရားဝင် မော်တော်ယာဉ်လိုင်းများ ဖြစ်ကြသည်။
မြို့တော်ဘားအံနှင့် အနီးတဝိုက် ကျေးရွာများမှ ရာထောင်ချီသော ဝစ်သောက်များက ခရီးသည်နှင့်ပစ္စည်းများကို လမ်းကြိုလမ်းကြားမကျန် ဝင်ရောက် ကောက်ယူသဖြင့် ဖောက်သည်များများရပြီး ဝင်ငွေလမ်းဖြောင့်နေကြသည်။
ထို့ကြောင့် ရေရှည်တွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်များ လုပ်ငန်းရပ်ဆိုင်းထားရဖွယ်ရှိသည်ဟူသော စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်အထိ ဝစ်သောက်တို့ အားကောင်းလှသည်။
ဘားအံနှင့်မြိုင်ကြီးငူပြေးဆွဲသော မှန်လုံကားကြီးယာဉ်မောင်းတယောက်ဖြစ်သည့် ဦးအညာသားက ဝစ်သောက်တို့ သောင်းကျန်းနေသည့် ကိစ္စတွင် တာဝန်ရှိသူတို့ မမြင်ချင်ယောင်ဆောင်နေသလားဟု မေးခွန်းထုတ်သည်။
“တာဝန်ရှိသူတွေက ဘာမှမပြောမဆိုဘဲ ဒီတိုင်းထားတယ်။ အခုဆိုရင် တရားဝင်မှတ်ပုံတင်ထားတဲ့ ယာဉ်လိုင်းတွေက အလုပ်မဖြစ်တော့ဘူး။ တချို့ ကားတွေ နားထားရတယ်။ ရွာတိုင်းမှာ လိုင်းကားတွေနဲ့ဖြစ်ကုန်ပြီ။
သူတို့က မောင်းချင်သလိုမောင်း၊ ခရီးသည်တွေကို တင်ချင်သလိုတင်နဲ့။ ဘယ်သူမှ သူတို့ကိုပြောမယ့်သူ မရှိဘူး” ဟု ညည်းပြသည်။
ဘားအံမြို့မဈေးကြီးလမ်းတွင် ရွှေဆိုင်ဖွင့်ထားသည့် မရီက
“အရင်ကဆိုရင် လိုင်စင်မဲ့ကားတွေကို ဖမ်းတာတွေရှိတော့ ဘားအံမြို့လယ်ကောင်မှာ ယာဉ်ကြောပိတ်တာတွေ အခုလို မဖြစ်ဘူး။
အခုဆိုရင် ၂ နှစ် ကျော်သွားပြီ၊ လိုင်စင်မဲ့ကားတွေ အတော်လေးကို များလာတယ်။ ဘားအံက ယာဉ်ထိန်းရဲတွေလည်း မထိန်းနိုင်တော့ဘူး ဆိုတော့ မြို့ လယ်ကောင်မှာ နေ့တိုင်းဖရိုဖရဲနဲ့” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။
ဘားအံမြို့ပေါ်တွင်လည်း ဝစ်သောက် အရေအတွက်က တရပ်ကွက်လျှင် အစီးရေ ၁ဝဝ နီးပါးခန့်ရှိနိုင်သည်ဟုလည်း လုပ်ငန်းရှင်တဦးက ခန့်မှန်းသည်။ သူကိုယ်တိုင်လည်း ဝစ်သောက်ကားကြီးကားငယ် ၈ စီး ပိုင်ဆိုင်သည်။
“တမြို့လုံး တနယ်လုံး ဒီလိုပဲ လုပ်နေကြတာပဲ။ လာဖမ်းရင်လည်းပေးလိုက်မယ်။ မဖမ်းခင်တော့အများ နည်းသူ မိုးခါးရေသောက်ရမှာပဲ။ ကိုယ်တဦးထဲမဟုတ်ဘူးလေ” ဟု ဗြောင်ပြောပြသည်။
ကရင်ပြည်နယ်အပါအဝင် တခြားဒေသများတွင် သုံးနေကြသည့်ဂျပန်တပတ်ရစ်ကားများကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားဝင် ရောင်းနေကြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းပိုင်းသို့ တင်ပို့ရန် မဲဆောက်ဘက်ခြမ်းတွင် စုပြုံနေသည် ဂျပန်တပတ်ရစ်ကားကြီးကားငယ်အရေအတွက်မှာ အစီးရေ ၁,၅ဝဝ ခန့်ရှိသည်ဟု မြန်မာကားကုန်သည်တဦး ကပြောသည်။
ထိုကားများကို ကရင်ပြည်နယ်မြဝတီမြို့သို့ သွင်းကာ နံပတ်အတု တပ်ပြီး မောင်းခြင်းအားဖြင့် ဝစ်သောက်များ (လိုင်စင်မဲ့ကားများ) ပေါ်ပေါက်လာလေသည်။
ကားတစီး လိုင်စင်ယူပြီး တရားဝင်ဖြစ်ရေးမှာ ငွေသိန်းငါးဆယ်မက အကုန်အကျခံရမည် ဖြစ်သည်။ ထို့ကြောင့် ဝစ်သောက်များ ဝစ်သောက်ဘဝက မတက်နိုင်ကြသေးချေ။
လိုင်စင်မဲ့ကားကို ဗြောင်မောင်းပြီး စီးပွားရှာနိုင်ခြင်းမှာ လိုင်းဝင်ထားသောကြောင့်ဖြစ်သည်ဟု ကားဆရာတို့က အသေးစိတ် ရှင်းပြသည်။
မည်သို့မည်ပုံ လိုင်းဝင်ရကြောင်း ဤနေရာတွင် ပေါ်တင် ရေးပြ၍ ဖြစ်နိုင်၏ မဖြစ်နိုင်၏ အတော်ပင် စဉ်းစားရမည်။
ပေါ်တင် ရေးပါက ဗိုလ်ကြီးဟောင်းတယောက် မကြာသေးခင်က ရရှိခဲ့သော "နှစ်သောင်း သို့မဟုတ် သုံးလ" တန် ရလဒ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ကိုလည်း နှလုံးသွင်းထားရသည်။
လတ်တလောတွင်မူ ဝစ်သောက်များက ခရီးတို၊ ခရီးရှည်ကို ကုန်အပြည့် ခရီးသည်အပြည့်ဖြင့် တဒီးဒီး သွားလာလျက် ရှိသည်ကို ဘားအံနှင့် အနီးတ၀ိုက်တွင် တွေ့ရမည်ဖြစ်သည်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment