အေးအေးဆေးဆေး café BISOU

Wednesday, May 8, 2013


 ရန်ကုန်၊  လှည်းတန်း ဆိုတာ သင်တန်းတက်တဲ့သူတွေ ရုံးသွားရုံးပြန်တွေနဲ့ အမြဲလို လူသွား လူလာရှုပ်ထွေးတဲ့နေရာတစ်ခုပါ။
ဒီလိုနေရာမျိုးမှာရှိတဲ့ စားသောက်ဆိုင်တွေ၊  လက်ဘက်ရည်ဆိုင်တွေအားလုံး လိုလိုကလည်း အမြဲလို လူပြည့်နေတတ်ပါတယ်။

တကယ်လို့လှည်းတန်းမှာ အေးအေးဆေးဆေးလေးထိုင်လို့ရမယ့် ကော်ဖီဆိုင်ကိုရှာနေတယ်ဆိုရင် Café Bisou က သွားသင့်တဲ့နေရာတခု ဖြစ်ပါလိမ့်မယ်။  
 


 အင်းစိန်လမ်းမနဲ့ စံရိပ်ငြိမ်(၁)လမ်းထောင့်မှာ ရှိပါတယ်။
ပြင်သစ်တွေပိုင်တယ်ဆိုတဲ့ ဒီဆိုင်ရဲ့ အပြင်အဆင်တွေကလည်း ရန်ကုန်မှာတွေ့ရတဲ့ တခြား ဆိုင်တွေထက် ထူးခြားတာကို တွေ့ရမှာပါ။
ဘိုစာ (European Food) ကောင်းကောင်းစားချင်သူတွေ တကယ့်ကို အကြိုက်တွေ့ပါလိမ့်မယ်။  



ဆိုင်အောက်ထပ်မှာ ပန်းအလှဆိုင်ကိုပါ တွဲဖွင့်ထားပါတယ်။

ဒီကော်ဖီဆိုင်မှာ အာလူးကြော်၊  ဟမ်ဘာဂါ၊  ထမင်းကြော်၊  Sandwish တွေလည်း ရတယ်၊
ဘီယာကြိုက်သူတွေ အတွက်လည်း Tiger နဲ့ Myanmar ပုလင်းဘီယာတွေ ရပါတယ်။

ဒီဆိုင်မှာ  နာမည်ကြီးတဲ့ နောက်တခုကတော့  ၀က်နံရိုးထမင်းကြော် ဖြစ်ပါလိမ့်မယ်။

 အင်တာနက်သုံးချင်တဲ့ ဧည့်သည်တွေအတွက် အဆင်ပြေစေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ Wi-Fi လို့ ခေါ်တဲ့ ကြိုးမဲ့အင်တာနက် ရခြင်းပါပဲ။   
 


မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အလုပ်အကြောင်း ပြောကြဆိုကြတာပဲ ဖြစ်ဖြစ်၊  မိသားစုနဲ့ အတူ နေ့လယ်စာ စားဖို့ပဲဖြစ်ဖြစ်၊ 
ချစ်သူရည်းစားတွေ အေးအေးဆေးဆေး ထိုင်ဖို့ပဲဖြစ်ဖြစ်၊ 
တစ်ယောက်တည်း အင်တာနက်သုံးရင်း အေးအေးလူလူ တွေးနေဖို့ အချိန်ရမယ်ဆိုရင် Café Bisou က  သွားသင့်တဲ့နေရာတခု ဖြစ်ပါလိမ့်မယ်။ 

ဆိုင်ဖွင့်ချိန်က နံနက် ၁၀ နာရီကနေ ည ၉ နာရီအထိပါ။

ဒီဆိုင်အကြောင်း ညွှန်းလှချည်လား၊  အဆင်မပြေတဲ့အရာကို ပြောပါဦး ဆိုရင်   ဆိုင်ခန်း အနည်းငယ်ကျဉ်းတာကို ပြောရပါမယ်။
ဆိုင်ပိတ်ချိန်က ၉ နာရီလို့ သတ်မှတ်ထားပေမယ့် ၈:၃၀ ဆို စားဖိုခန်းက အော်ဒါ လက်မခံတော့ပါဘူး တဲ့။
ဒါကြောင့် အဲဒီအချိန်မှာ  စားစရာ ထပ်မှာဖို့အခက် တွေ့ပါပြီ။ သောက်စရာကတော့ ထပ်မှာနိုင်ဖွယ်ရှိပါတယ်။
 


နောက်ပြီး ဆိုင်က ထူးထူးခြားခြား ဘာကြောင့်မှန်းမသိဘူး၊  လေအေးစက် မသုံးပါဘူး။
မျက်နှာကျက်မှာ  ပန်ကာတွေကိုပဲ တပ်ဆင်ထားတာပါ။
ဒါကြောင့် အအေးကြိုက်တဲ့သူတွေ အခုနွေရာသီအပူချိန်နဲ့တော့ သိပ်အဆင် မပြေတာမျိုးတော့ဖြစ်နိုင်ပါတယ်။

ရွက်စိမ်း  ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved