အပြစ်မဲ့ ပြည်သူတွေကို ပစ်ခတ်ခြင်း မရှိကြောင်း RCSS/SSA ပြော

Friday, May 10, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင် ရှောင်ကွင်း လမ်းပေါ်တွင် ယနေ့နံနက် ၈ နာရီခွ္ပဲက အပြစ်မဲ့တိုင်းရင်းသား ဒေသခံများ ပစ်ခတ်ခံရမှုမှာ ၎င်းတို့၏ လက်ချက် မဟုတ်ကြောင်း RCSS/SSA မှ ဗိုလ်ကြီး စိုင်းခမ်းက ဧရာဝတီသို့ပြောသည်။ 

 ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသော (၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနား (ဓာတ်ပုံ – ဧရာဝတီ)

“ ကျနော်တို့ လုပ်တာလည်း မဟုတ်ဘူး။ မူဆယ်မှာလည်း ကျနော်တို့ တပ်တွေမရှိဘူး။ အဲ့ဒါက ပြည်သူတွေ ထင်ယောင် ထင်မှားဖြစ်အောင်ပြောတာပါ။ မနေ့ကလည်း ကျနော်တို့ အစိုးရတပ်ကို ခုခံနေရတာပါ။” ဟု ဗိုလ်ကြီး စိုင်းခမ်းက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး မူဆယ်ရဲစခန်းအား ဆက်သွယ်မေးမြန်ခဲ့ရာ ရဲစခန်း တာဝန်မှူးက “အဲ့ဒါကတော့ ကျနော်မသိပါဘူး။ ကြားလည်းမကြားဘူး” ဟုဧရာဝတီသို့ပြောသည်။ 

မြ၀တီ ၀က်ဆိုဒ်တွင်RCSS/SSA ပစ်ခတ်မှုကြောင့် မိုင်းငေါ့ မြို့နယ်ခွဲ၊ မြို့သစ်အုပ်စု၊ ပန်တိမ်းရွာနေ မောင်ထွန်းရင် ၂ဝ နှစ် (ဘ) ဦးအောင်သန်းမှာ ဦးခေါင်းတွင် လက်နက်ငယ် ထိမှန်၍ နေရာတွင် သေဆုံးခဲ့ ပြီး 
မူဆယ်မြို့နယ်၊ ဟိုနောင် ကျေးရွာနေ မောင်သက်လွင်ဦး ၂၃ နှစ်(ဘ) ဦးစံဦးမှာ ဘယ်ဘက်လက်မောင်း လက်နက်ငယ် ထိမှန် ဒဏ်ရာနှင့် မဝေလွင်လှိုင် ၂၇ နှစ် (ဘ) ဦးစံရွှေမှာ ညာဘက်လက်မောင်း လက်နက်ငယ် ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

“ သူတို့က အချင်းချင်းရန်ဖြစ်ကြပြီးတော့ ခြေလွန်လက်လွန်ဖြစ်တာပါ။ အဲ့ကလေးတွေက ရွှေလီမြစ်ဆိပ်မှာ သဲရောင်းဝယ်တဲ့ လုပ်ငန်း လုပ်ကိုင်နေကြတာပါ။ သေချာတာကတော့ လက်နက်နဲ့ ပစ်ခတ်တာတော့ မဟုတ်နိုင်ဘူး” မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

မူဆယ်မြို့ ဒေသခံများသည် မကြာခဏ လူသတ်မှုများ၊ လုယက်မှုများ ဖြစ်ပွားနေခြင်းကြောင်း၊ ဒေသ လုံခြုံရေး ကိုစိတ်မချနေကြောင်း၊ လတ်တလော နမ့်ခမ်းဘက်တွင် RCSS/ SSA နှင့် အစိုးရတပ် စစ်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း၊ မူဆယ်ရဲစခန်း၏ လုပ်ဆောင်ချက်အားနည်းနေကြောင်း မူဆယ်ဒေသခံများက ဆိုသည်။ 

RCSS/ SSA သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်ရေးဖော်ဆောင်ရေး ကော်မတီနှင့် ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပဏာမ သဘောတူညီချက် ၈ ချက်ဖြင့် အပစ်အခတ်ရပ်ရန် သဘောတူညီခဲ့ကြပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ကြိမ်အထိ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကာ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားအဖွဲ့အစည်းလည်း ဖြစ်သည်။ 


နန်းဆိုင်နွမ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved