မလေးရောက် မြန်မာတွေအခြေအနေ ဒုဝန်ကြီး ဦးဇင်ယော် ဘာပြောထားလဲ

Friday, June 14, 2013

မလေးရှားနိုင်ငံတွင် ရောက်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားတွေရဲ့ လတ်တလော ဖြစ်ပေါ်နေ သည့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ယမန်နေ့ ဇွန်လ (၁၃)ရက်နေ့က နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဇင်ယော်ကို မြန်မာ့ရုပ်မြင်သံကြားမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

အဲဒီမေးမြန်းချက်ကို ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ဆက်သွယ်မေးမြန်းချက်များ

နေပြည်တော် ဇွန် ၁၃

မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမားများနှင့်တွေ့ဆုံပြီး ဇွန် ၁၃ ရက်တွင် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

သတင်းအဖွဲ့က ဒုတိယဝန်ကြီး ဦးဇင်ယော်အား ဇွန် ၁၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်။

မေး။ ။ ဒုတိယဝန်ကြီးတို့အနေနဲ့ မလေးရှားနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတာလေးတွေနဲ့ ပတ်သက် ပြီး ပြောပြပေးစေချင်ပါတယ် ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့အဖွဲ့ ဇွန် ၁၁ ရက်ညနေက မလေးရှားနိုင်ငံကို ရောက်ရှိပါတယ်။ ရောက်ရှိပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစီးတဲ့အဖွဲ့နဲ့ နောက်တစ်နေ့ ဆောင်ရွက်မယ့်၊ သွားရောက်မယ့် လုပ်ငန်းစဉ်တွေ ကို တွေ့ဆုံ ညှိနှိုင်းပါတယ်။ ဇွန် ၁၂ ရက် နံနက်ပိုင်းက စတင်ပြီး ပထမ ဦးစွာ မြန်မာသံရုံးကို သွားရောက်ပါတယ်။ သံရုံးမှာ ပတ်စ်ပို့ သက်တမ်းလာတိုးတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပါတယ်။ မြန်မာ အလုပ်သမား ၁၅ဝ ကျော်နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော်ရယ်၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းရယ်၊ အလုပ်သမား အေဂျင်စီတွေက ကိုယ်စားလှယ်တွေရယ် အုပ်စု နှစ်စုခွဲပြီး တွေ့ပါတယ်။ အဲလိုတွေ့ဆုံရာမှာ အလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ကြားသိရတဲ့ သတင်းတွေအပြင် သူတို့ မြန်မာနိုင်ငံကို ပြန်လိုတယ်၊ မပြန်လိုဘူးဆိုတာကို အသေးစိတ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ သူတို့အနေနဲ့ အဲဒီကအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတာပေါ့နော်။ အဲဒီ လို မေးမြန်းတော့ ဘယ်လိုများ ဖြေကြားကြပါသလဲ။

ဖြေ။ ။ မေးမြန်းတဲ့အခါမှာ သူတို့လက်ရှိတွေ့ကြုံနေတဲ့ အနေအထားလေးကို သိရှိခွင့် ရခဲ့ပါတယ်။ အများစုက ပြော တာတော့ သူတို့ မြန်မာတချို့ ဆာလာရန်းဘက်မှာ တိုက်ခိုက်ခံရတဲ့ သတင်းကိုကြားသိတယ်။ တစ်ခြားကောလာဟလ သတင်းတွေလည်း အများကြီးတွေ့ပါတယ်။ ဖေ့စ်ဘွတ်မှာလည်း တွေ့တယ်လို့ဆိုပြီး ပြောပါတယ်။ သူတို့ကို မြန်မာနိုင်ငံ ကို ပြန်မလား။ ဘယ်လိုလုပ်မလဲမေးတော့ တချို့က အခုမှ သက်တမ်း လာတိုးတာ၊ ရောက်နေတာလည်း သုံးနှစ်ရှိပြီ၊ တချို့ဆိုရင် ငါးနှစ်၊ ခြောက်နှစ်ရှိပြီ၊ တစ်ချို့ဆိုရင် ၁၀ နှစ်လောက် ရှိပြီပေါ့၊ သူတို့ တရားဝင်နေထိုင်တယ်၊ တရားဝင် လုပ်ကိုင်တယ်၊ လုပ်ငန်းအခြေအနေလည်းကောင်းတယ်၊ စိုးရိမ်စရာ သူတို့အလုပ် လုပ်တဲ့ နေရာမှာ မရှိတဲ့အတွက် သူတို့ကတော့ မပြန်လိုသေးပါဘူးလို့ အများစုက ပြောကြ ပါတယ်။ သက်တမ်းတိုးတယ် ဆိုကတည်းကလည်း ဒီမှာ ဆက်နေမယ်လို့ ရည်ရွယ်ချက်နဲ့ သက်တမ်းလာတိုးတယ်လို့ ယူဆပါတယ်။

နောက် ဘာအခက်အခဲရှိသလဲပေါ့ မေးတဲ့အခါ အပြင်ထွက်ဖို့ အခက်အခဲရှိတယ်။ အလုပ်ရှင်တွေက စိုးရိမ်လို့ အပြင်ပေး မထွက်ဘူး။ နောက်ကောလာဟလသတင်းတွေ ကြားတဲ့အတွက် မြန်မာနိုင်ငံက မိဘဆွေမျိုး အသိုင်းအဝိုင်းက စိုးရိမ်ပြီး ပြန်လာမလား ဆိုပြီး ခေါ်နေတယ်ဆိုတဲ့ အကြောင်းတွေလည်း ကြားသိရပါတယ်။

မေး။ ။ သံရုံးကနေ ဘယ်ကိုများ ဆက်သွားပါသေးသလဲ ခင်ဗျာ။

ဖြေ။ ။ သံရုံးကနေ ကျွန်တော်တို့အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဆာလာရန်း နယ်မြေမှာရှိတဲ့ ဆာလာရန်းဈေးကို သွားရောက်ခဲ့ပါတယ်။ ဆာလာရန်း ဈေးက ဈေးသစ်ဈေးဟောင်း နှစ်ဈေးရှိပါတယ်။ ကျွန်တော် တို့ ဈေးသစ်ကို သွားရောက်ခဲ့ ပါတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့ အစောင့်အရှောက်တွေလည်း လိုက်ပါလာတယ်။ အဲဒီနယ်မြေ ဟာ မလေးရှားနိုင်ငံမှာ ရာဇဝတ်မှု ထူပြောတဲ့နေရာ ဖြစ်ပါတယ်။ ဂိုဏ်းဂဏ အုပ်စုတွေရှိတယ်။ မူးယစ်ဆေး ဝါးတွေ ရောင်းဝယ်ဖောက်ကားတယ်။ နောက် ဒီဈေးကြီးဟာ နေ့ခင်းပိုင်းမှာ ကုန်စိမ်းဈေးပေါ့၊ အသီးအရွက်တွေ၊ အသီးအနှံတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောက်ရှိတယ်၊ ဖြန့်ချိတယ်။ ညဘက်မှာ ညလယ်ဈေးအဖြစ် ဆက်ရှိတယ်။ ငါးတွေဖြန့်ချိတယ်၊ ရောင်းချတယ်ဆိုပြီး သိရပါတယ်။ အဲဒီလိုသွားတဲ့အခါ မြန်မာနိုင်ငံက ရောက်ရှိပြီး တရားမဝင်နေ ထိုင်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ပါတယ်။ သူတို့ဆီမှာ ပတ်စ်ပို့တွေ မရှိဘူး၊ အခွန်မဆောင်ထား ဘူး၊ နောက် နေထိုင်တာလည်း အနှစ် ၂၀ ကြာတဲ့လူရှိတယ်၊ ၁၀ နှစ် ၁၅ နှစ် ကြာတဲ့လူတွေ စသည်ဖြင့် ထမင်းဆိုင် လုပ်နေတာ၊ မော်တော်ကား တာယာဆိုင်ဖွင့်ထားတာတွေ တွေ့ခဲ့ရပါတယ်။ မြန်မာ ၄၀၀၀ လောက် အဲဒီမှာ ရှိတယ်လို့ သိရှိရပါတယ်။ အဲဒီတော့ သူတို့ လုပ်ရ ကိုင်ရတဲ့ အခြေအနေ ဘယ်လိုရှိသလဲမေးတော့ သူတို့အနေနဲ့ကတော့ ဒီမှာ ဖြစ်ပွား သွားတာမှန်ပါတယ်။ အကုန်လုံးကိုတော့ သူတို့ မသိမမြင်လိုက်ပါဘူး။ ဒါပေမယ့်လည်း ဂိုဏ်းဂဏအဖွဲ့မျိုး နဲ့သော်လည်းကောင်း၊ အခြားအုပ်စုတစ်စုစုကသော် လည်းကောင်း တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကတော့ မပြန်လိုပါဘူး။ ဆက်လက် နေထိုင်ကြဦးမှာပဲ ဆိုပြီးတော့ ပြောကြပါတယ်။ တချို့ အသက်ငယ်ငယ်နဲ့ မကြာခင်ကမှ တရားမဝင် ရောက်လာတယ်ဆိုတဲ့ လူငယ်တွေနဲ့ တွေ့ပါတယ်။ ဇာတိတွေကတော့ စုံပါတယ်၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ မန္တလေး၊ မြင်းခြံ၊ နတ်မောက် စသဖြင့် အကုန်လုံးကို တွေ့ပါတယ်။ သတိဝီရိယနဲ့နေဖို့၊ ကိုယ့်ကိုယ်ကို လုံခြုံရေး သတိရှိဖို့၊ အချင်းချင်း ဂရုစိုက်ကြဖို့၊ စောင့်ရှောက်ကြဖို့ မှာကြားခဲ့ပြီးတော့မှ နယ်မြေ အခြေအနေ ကြည့်ပါတယ်။

မေး။ ။ ဆာလာရန်းဆေးရုံကိုလည်း ရောက်ပါသေးသလားခင်ဗျာ။

ဖြေ။ ။ ဆာလာရန်း ဈေးကနေပြီးတော့မှ ဆာလာရန်း နယ်မြေမှာရှိတဲ့ ဆေးရုံကို သွားကြည့်ပါတယ်။ ဆေးရုံမှာ သံရုံးနဲ့ သံအမတ်ကြီး သွားတွေ့ခဲ့တုန်းက တွေ့ခဲ့တာ လေးဦးပေါ့။ နှစ်ဦးကတော့ သက်သာလို့ ဆေးရုံကဆင်းသွားပါပြီ။ တစ်ဦးကတော့ ဇွန် ၈ ရက်က ဆုံးသွားပါတယ်။ တစ်ဦးကတော့ ကျန်ပါသေးတယ။် စကားပြောနိုင်နေပြီး သက်သာတဲ့ အနေအထားတွေ့ခဲ့ရပါတယ်။ ဇာတိကတော့ မြင်းခြံဘက်ကလို့ ပြောပါတယ်။ သူ့ကိုကျွန်တော်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့က မလေးရှားရင်းဂစ် ၁၈ဝဝ ထောက်ပံ့ခဲ့ပါတယ်။ လူနာတစ်ယောက်တည်း ဖြစ်နေတဲ့အတွက် သံရုံး က စောင့်ရှောက် ပေးဖို့လည်း စီစဉ်ပေးခဲ့ပါတယ်။

မေး။။ အဲဒီဆေးရုံတက်နေတဲ့ လူနာကို မလေးရှားအလုပ်ရှင်ကရော လာမကြည့်ဘူးလား ခင်ဗျာ။

ဖြေ။ ။ သူ့အလုပ်ရှင်ကလည်းတစ်နေ့ တစ်ခေါက်လာကြည့်တယ်၊ ဂရုစိုက်ပါတယ်လို့ ပြောပါတယ်။

မေး။ ။ တော်သေးတာပေါ့နော်။ အဲဒီလိုအလုပ်ရှင်က တာဝန်ကျေရင်နေရတာ အဆင်ပြေသေးတာပေါ့။ ပြီးတော့ရော ဘယ်တွေများ ထပ်ရောက်ပါသေးသလဲခင်ဗျာ။

ဖြေ။ ။ အဲဒီနောက် ကျွန်တော်တို့ ကပုန်းဘက်မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကို သွားရောက်ပါ တယ်။ ကျောင်းရောက်တဲ့အခါမှာ တရုတ်ဗုဒ္ဓဘာသာကျောင်းမှာ မြန်မာဆရာတော်ကို ကျောင်းထိုင်နေတာက ဆရာတော် ဒေါက်တာအရှင်အနဂ္ဂ ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာတော်တစ်ပါးတည်း သီတင်းသုံးနေပြီးတော့ မြန်မာ အလုပ်သမား ၂၀ ခန့် လာရောက်ပြီး ခိုလှုံနေတာကို တွေ့ရှိရပါတယ်။

မေး။ ။ ဆရာတော်က မြန်မာအလုပ်သမားတွေကို စောင့်ရှောက်ထားတာပေါ့နော်။ ဆရာတော်ကရော ဘာတွေများ မိန့်ကြားပါသလဲ ခင်ဗျာ။

ဖြေ။ ။ ဆရာတော့်အနေနဲ့ကတော့ ဒုက္ခရောက်နေတဲ့ မြန်မာတွေအမြန်ဆုံး ပြန်နိုင်အောင် ဘယ်လိုစီစဉ်ပေးနိုင် မလဲ၊ နောက် ကျန်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ အလုပ်ဆက်လုပ်မယ့် မြန်မာအလုပ်သမားတွေကို ဘယ်လို အကာအကွယ် အစောင့်အရှောက်တွေ ပေးနိုင်မလဲ၊ အလုပ်တော့ လုပ်နေပေမယ့်လည်း အခုအလုပ်က ရပ်နားထားပြီး အလုပ်ခွင်ကနေ ပြီးတော့ ပြန်ချင်နေတဲ့သူတွေလည်း ရှိတယ်၊ ဘယ်လိုဆောင်ရွက်ပေးမလဲ စသည်ဖြင့် ဒါတွေ ကို မေးပါတယ်။ ဆရာတော် စောင့်ရှောက်ထားတဲ့သူတွေနဲ့ တွေ့ပါတယ်။ သူတို့က အခုတရားဝင် လာလုပ်တာလား၊ တရားမဝင် လာလုပ်တာလား၊ ပတ်စ်ပို့ ကိုင်ထားတဲ့ လူလားခွဲခြားတဲ့ အခါကျတော့ ပြန်ချင်တာကတော့ ဆာလာရန်း နယ်မြေမှာ အလုပ်လုပ်ခဲ့တဲ့ ခုနဘေးအန္တရာယ်တွေ ကြုံတွေ့တာ၊ ကြားသိခဲ့ရတဲ့၊ မြင်ခဲ့ရတဲ့ မြန်မာအများစု ဖြစ်ပါ တယ်။ လောလော ဆယ်၁၆ ဦးက ပြန်မယ်ဆိုပြီး ပြောပါတယ်။ သူတို့ပြန်ဖို့ CI (Certificate of Identification) ကို မြန်မာ သံရုံးက ထုတ်ပေးပါမယ်။

မေး။ ။ သူတို့ကို မြန်မာသံရုံးက CI အလွယ်တကူ ထုတ်ပေးပါသလားခင်ဗျာ။

ဖြေ။ ။ သူတို့ဟာ မြန်မာတွေဖြစ်ကြောင်း သေချာတဲ့အတွက် မြန်မာသံရုံးက အလွယ်တကူ ထုတ်ပေးပါတယ်။ လက်မှတ် ရပြီဆိုရင် သံရုံးက ထောက်ခံစာနဲ့ ဒီ ၁၆ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို ခေါ်ဆောင်သွားရပါမယ်။ အဲဒီမှာ Check Out Memo ဖောင် ဖြည့်ရမယ်။ သူတို့ရဲ့ လက်ဗွေတွေယူပြီးတော့ ဒီမှာရာဇဝတ်မှုကျူးလွန်ခဲ့တာရှိ မရှိ၊ အလုပ်ရှင်တွေက နေပြီး အလုပ်ခွင်ကနေ တရားမဝင်ထွက်ပြေးသွားတဲ့ လျော်ကြေးပေးရန် ကျန်သေးတယ်လို့ တိုင်ကြား ထားခြင်းရှိ မရှိ စသဖြင့်စစ်လို့ ရှင်းလင်းတယ်ဆိုရင် သူတို့ပြန်မှာ ဖြစ်ပါတယ်။

မေး။ ။ သူတို့အားလုံးက ရှင်းရှင်းလင်းလင်း ရှိနိုင်ရဲ့လားခင်ဗျာ။

ဖြေ။ ။ အားလုံးကလည်း ရှင်းလင်းတယ်ဆိုပြီး ပြောကြပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကို သွားတွေ့တယ် ဆိုရင် သူတို့ အိုဗာစတေးပေါ့။ တရားမဝင် နေထိုင်ခဲ့တဲ့အတွက် ရင်းဂစ် ၄ဝဝ ပေးရမှာ ဖြစ်ပါတယ်။ ရင်းဂစ် ၄၀၀ ပေးပြီးတော့မှ တစ်ပတ်အတွင်းမှာ ပြန်မယ့်လေယာဉ်ပျံ လက်မှတ်ကိုလည်း တင်ပြရမှာဖြစ်ပါတယ်။ သတ်မှတ်တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ သူဆိုရင်တော့ ချက်ချင်းပြန်ခွင့်ပေးမယ် ဆိုပြီးတော့မှ သံရုံးနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေး အဖွဲ့နဲ့ ညှိနှိုင်းထားပါတယ်။

မေး။ ။ ဘယ်တော့လောက် အစောဆုံးပြန်လာနိုင်မလဲ ခင်ဗျာ။

ဖြေ။ ။ သူတို့ကိုတော့ အခုလောလောဆယ် စနေနေ့ပေါ့။ ဇွန်လ ၁၅ ရက်နေ့မှာ ပြန်နိုင်အောင် ဆိုပြီးတော့မှ သံရုံးရယ်၊ ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေ ဆောင်ရွက်ပေး နေပါပြီ။ သူတို့ အခမဲ့ ပြန်နိုင်ဖို့အတွက် ဆိုပြီးတော့ ရင်းဂစ် ၄၀၀ ကို အလှူရှင်တွေ ဖြစ်တဲ့ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးတေဇတို့ စသဖြင့် လှူဒါန်းထားတဲ့ ငွေတွေကိုသုံးစွဲပါမယ်။ ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့က ဒီမှာရောက်ရှိပြီးတော့မှ သူတို့ကဒီငွေတွေ လှူမယ် ပြောပါ တယ်။ နောက်ပြန် မယ်ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း က ဦးအောင်ကိုဝင်းတို့ရဲ့ အလှူငွေတွေနဲ့ ပြန်လို့ရအောင် ဆိုပြီး လောလောဆယ် စီစဉ်ထားပါတယ်။

မေး။ ။ အလုပ်ဆက်လုပ်မယ့် မြန်မာတွေအတွက်ကိုရော ဘယ်လိုများ စီစဉ်ပေးပါမလဲ။

ဖြေ။ ။ အလုပ်ဆက်လုပ်မယ့် မြန်မာတွေအတွက် ဘယ်လိုလုပ်မလဲဆိုရင် ဒီအလုပ်သမားတွေ အကာအကွယ်ရဖို့ နံနက်ကပဲ သံရုံးမှာ သက်တမ်းလာတိုးတဲ့ အလုပ်သမားတွေက မေးပါတယ်။ သူတို့ကိုလည်း ဒီအတိုင်း ကျွန်တော် တို့ ဖြေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ မြန်မာ အလုပ်သမားတွေ အတိုက်ခိုက်မခံရအောင်၊ အကာအကွယ်ရအောင် တောင်းဆိုမယ်။ ဒီမှာအဆက်အသွယ် မပြတ်အောင် ဆောင်ရွက်လျက်ရှိနေတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲများနဲ့ ဆက်သွယ်ပြီးတော့မှ သတင်းရယူတာ၊ သတင်းပေးတာ၊ အကူအညီ တောင်းခံတာ စသဖြင့် အဆက်မပြတ်နဲ့ ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နောက်အလုပ်သမားကိစ္စ ဖြစ်တဲ့အတွက် မလေးရှားနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ တွေ့ပြီးတော့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အကာအကွယ်ပေးဖို့၊ ပိုပြီးဂရုစိုက်ပေးဖို့၊ ပိုပြီးထောက်ပံ့ပေးဖို့ ဒါတွေဆောင်ရွက် ပေးသွားပါမယ်။

မေး။ ။ အခုလောလောဆယ် ပြန်မယ့်လူတွေအပြင် နောက်ထပ်ရော ရှိနေသလားခင်ဗျာ။

ဖြေ။ ။ လောလောဆယ် ပြန်ချင်တဲ့လူတွေစာရင်းကို ပါလာတဲ့ အဖွဲ့အစည်းတွေ၊ သံအမတ်ကြီးတို့နဲ့ ဆက်သွယ်ပြီးတော့မှ ၁၆ ဦး ပြန်ဖို့ဆိုပြီးတော့ စာရင်းထွက်လာပါတယ်။ သူတို့ကိုတော့ အလှူရှင်တွေလည်း အဆင်သင့်ရှိပြီး ဖြစ်တာနဲ့ ချက်ချင်းစီစဉ် ဆောင်ရွက်ပေးခဲ့ ပါတယ်။ နောက်ထပ်လည်း ပြန်မယ်ဆိုပြီးတော့မှ ဆက်သွယ် လာခဲ့တာတွေရှိပါတယ်။ ဆက်သွယ်လာတဲ့ ဦးရေကတော့ အများကြီးတော့ မရှိသေးပါဘူး။ ၁၅ ဦး ၁၆ ဦးလောက်ဖြစ်မယ်လို့ ယူဆပါတယ်။

မေး။ ။ သိပ်တော့မရှိသေးဘူးပဲ။ မလေးရှားတစ်နိုင်ငံလုံး အနေနဲ့ဆိုရင်တော့ ပြန်ချင်တဲ့သူများမလား ဒုတိယဝန်ကြီး ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ မေးခဲ့တာရှိပါတယ်။ ဆရာတော် အနေနဲ့ ပြန်ချင်တဲ့ အရေအတွက် ဘယ်လောက်ခန့်မှန်းပါ သလဲဆိုတော့ အများဆုံးရှိရင် ထောင်ဂဏန်းကနေ သောင်းဂဏန်း လောက်ထိပဲ ဖြစ်နိုင်တယ်။ ကျန်တာကတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်လုပ်ရတဲ့ အခြေအနေတွေ မတူလို့ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အကြီးတွေမှာ လစာ ကောင်းကောင်းနဲ့ လာလုပ်တဲ့လူတွေ Accountant လိုမျိုး စသဖြင့်တွေ့ခဲ့ပါတယ်။ သူတို့ကတော့ မပြန်လိုပါဘူး။ ဒီမှာသက်ဆိုင်ရာ ကုမ္ပဏီများကလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်တဲ့ အတွက် လုပ်မယ်ဆိုတဲ့ အဖွဲ့တွေတွေ့ ပါတယ်။

နောက်အဖွဲ့များကလည်း အခုနက မှန်စက်ရုံလိုမျိုးပေါ့၊ အလုပ်သမား ၁၅၀ လောက် ရှိတယ်။ သူတို့ကိုတတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်တယ်၊ သူတို့ရဲ့ ကျွမ်းကျင်မှု ကိုလည်း လိုအပ်တယ်။ အဲဒီတော့ အပြန်အလှန် ကူညီတဲ့အနေနဲ့ အလုပ်သမားတွေ ဆက်ရှိဖို့လိုတယ်။ ထားတဲ့နေရာကလည်း စနစ်တကျနဲ့ လုံခြုံမှုလည်းရှိတယ်။ ဒုစရိုက်ပေါတဲ့ နယ်မြေလည်း မဟုတ်ဘူးဆိုလို့ရှိရင် ဒီလူမျိုးတွေက ဆက်လုပ်ချင်တယ်။ ဆက်နေမယ်ဆိုတဲ့ဟာမျိုးလည်း တွေ့ရပါတယ်။ တခြားအလုပ်ကြမ်း သမားလုပ်ပေမယ့် အလုပ်ကြမ်းသမားတွေက လခများများ ပိုရပါတယ်။ နောက် Over Stay တွေ ဖြစ်နေတဲ့ အတွက်လည်း ကျန်တဲ့အခွန်အခတွေ ပေးစရာငွေကုန်ကြေးကျ များစရာ သိပ်မရှိတဲ့ အတွက် သူတို့ကလည်းမပြန်ချင်တဲ့ သူတွေရှိတယ် စသည်ဖြင့် အမျိုးမျိုး တွေ့ရပါတယ်။

မေး။ ။ ပြန်လိုတဲ့သူတွေက အဓိက ဆာလာရန်းဒေသကပဲ ဖြစ်မလား ခင်ဗျာ။

ဖြေ။ ။ ဟုတ်ပါတယ်။ကျွန်တော်တို့သတင်းထဲမှာ အများစုပါတဲ့ အရပ်ဒေသအနေနဲ့ ဒီ ဆာလာရန်း ဒေသပေါ့။ ဒီဒေသက လူတွေကတော့ နေမယ့်လူကလည်း နေမယ်၊ ပြန်တဲ့လူ ကလည်း ပြန်မယ်ဆိုပြီးတော့မှ နှစ်ပိုင်းတွေ့ရတဲ့ အတွက် ပြေ လည်အောင် ဆောင်ရွက် ပေးပါမယ် ဆိုပြီးတော့ ဆရာတော်ကို လျှောက်ခဲ့ပါတယ်။ အဲဒီမှာ ပြန်ချင်တဲ့သူတွေ ကိုလည်း တွေ့ပြီးတော့ သူတို့မေးတာတွေ ဖြေကြားပါတယ်။ အဲဒီမှာပဲ ကပုန်း နာရေးကူညီမှုအသင်းက ကိုဆန်းဝင်း တို့နဲ့ တွေ့ပြီးတော့မှ အပြန်အလှန် ဆက်သွယ် ပြီးတော့ လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးပါ။ နောက် သင်္ဂြိုဟ်မယ့် ကိစ္စလေးတွေ ရှိပါတယ်၊ အဲဒီမှာ ဆုံးသွားတဲ့လူတွေထဲက လေးယောက်ပေါ့။ ရဲဌာနကနေပြီးတော့ တရားဝင် အတည်ပြု တာလေးယောက်၊ နောက်ထပ်ဆေးရုံမှာ ဆုံးတာတစ်ယောက်၊ ပေါင်းငါးယောက်ကို သင်္ဂြိုဟ်ဖို့ သူတို့ဆက်ပြီးတော့ လုပ်မယ်ပေါ့။ သင်္ဂြိုဟ်ခွင့်ရတာကတော့ သုံးယောက်ရှိပါပြီ။ အဲတော့ နောက်ထပ်နှစ်ယောက်ကိုတာ့ စုံစမ်းတုန်းပါ။ သူရဲ့ Identification လုပ်နေတုန်းပါ။ မကြာခင်မှာ သင်္ဂြိုဟ်နိုင်လိမ့်မယ် ဆိုပြီးတော့မှ နာရေး ကူညီမှုအသင်းရော ရဲရော၊ သံရုံးကရော ဒီလိုပဲဆောင်ရွက်လျက် ရှိပါတယ်။

မေး။ ။ အခြားနေရာတွေကိုရော ရောက်ခဲ့ပါသေးသလား ခင်ဗျာ။

ဖြေ။ ။ အဲဒီကနေပြီးတော့မှ နောက်ဆေးရုံတစ်ရုံ သွားတဲ့အခါ အဲဒီမှာ ဆေးရုံတက်နေတဲ့ မြန်မာတစ်ဦးကို တွေ့ပါတယ်။ သူကတော့ စကားကောင်းကောင်း မပြောနိုင်သေးပါဘူး။ Intensive Care လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဂရုတစိုက် စောင့်ကြည့်ပြီးတော့ ကုသပေးနေရတဲ့ အခြေအနေ ရှိတဲ့အတွက် သူ့အတွက် အလှူငွေကိုလည်း သံရုံးကနေ တစ်ဆင့် ထိန်းသိမ်းပေးဖို့ ဆိုပြီးတော့မှ အပ်နှံပြီးတော့ အဲဒီကနေ ပြန်ထွက်ပြီး စက်ရုံတစ်ရုံကို သွားပြီးလေ့လာပါတယ်။ အဲဒီမှာတော့ မြန်မာအလုပ်သမား ၁၅ဝ ရှိပါတယ်။ အများဆုံးကတော့ ယောကျာ်းလေးတွေချည်းပဲ ဖြစ်ပါတယ်။ ဒီယောကျာ်းလေးတွေဟာ Shift နှစ်ခုနဲ့ နံနက်ပိုင်းတစ်ခု ညနေပိုင်းတစ်ခု ဆင်းပါတယ်၊ အဲတော့ ညနေပိုင်း Shift ၇၅ ဦးလောက် အုပ်စုနဲ့တွေ့ပါတယ်။ အလုပ်ရှင်ကလည်း ဒီအလုပ်သမားတွေဟာ သူ့အတွက် မရှိမဖြစ် လိုအပ်တယ်၊ သူလည်း အတတ်နိုင်ဆုံး ကြည့်ရှုစောင့်ရှောက် နေတယ်ဆိုပြီး ပြောပါတယ်။ နောက်ထပ်တောင်မှ မြန်မာပြည်က အလုပ်သမား လိုချင်တဲ့ အခါမှာ ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ရပ်ဆိုင်းထားရတယ်။ ဟိုဘက်က မလာတော့ဘူး ဆိုပြီးတော့ ပြောပါတယ်။ မြန်မာအလုပ်သမားတွေနဲ့ တွေ့တဲ့အခါမှာတော့ သူတို့အနေနဲ့ သူတို့အရပ်ဒေသကတော့ စိတ်ချရတယ်။ ဒါပေမယ့် အသံမျိုးစုံတွေ ကြားနေရတော့ ထိတ်လန့်မှုရှိတယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရဆောင်ရွက် ရမယ့် အပိုင်းပေါ့။ တရားဝင် တောင်းဆိုမှုတွေ၊ ညှိနှိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ပါ့မယ်။ သူတို့ အပိုင်းကလည်း ကိုယ်တိုင်လုပ်ဆောင်ရမယ့်ဟာ ရှိပါတယ်။ ဒါကတော့ အပြင်မှာ လုံခြုံရေး အခြေအနေအရ ဂရုစိုက်ရမယ့်ဟာမျိုး ဆိုလို့ရှိရင် အပြင်မထွက်ဘဲနေဖို့ ထွက်တယ် ဆိုလို့ရှိရင်လည်း တစ်ဦးတည်း မသွားဘဲနဲ့ လေး၊ ငါး၊ ဆယ်ဦး အနည်းဆုံးဆယ်ဦးလောက် အုပ်စုဖွဲ့ပြီးတော့သွားဖို့ အပြန်အလှန် စောင့်ရှောက်ဖို့ အချင်းချင်း ဖုန်းဆက်ပြီး သတိပေးတာတို့ အကူအညီ တောင်းတာတို့ ရရင် လုပ်ဖို့ပေါ့။

အလုပ်ဆင်းလို့ ရှိရင်လည်း အုပ်စုဖွဲ့ပြီးတော့မှ လာဖို့ပေါ့၊ သူတို့ အနေအထားလေးကတော့ ကောင်းပါတယ်။ စက်ရုံနဲ့ မျက်နှာချင်းဆိုင်လောက်မှာ ဟော်စတယ်လိုမျိုး ထားပြီးတော့ စက်ရုံပိုင်ရှင်က စီစဉ်ပေးထားတာ ရှိပါတယ်။ အားလုံး အုပ်စုလိုက်နေတယ်၊ အုပ်စုလိုက် စားသောက်တယ်၊ သွားကြတယ်၊ လာကြတယ်ဆိုလို့ရှိရင် အန္တရာယ်ကျရောက်လာတယ် ဆိုရင်တောင်မှ ကာကွယ်နိုင်တယ်ဆိုတဲ့ အနေအထားရှိတယ်၊ သူတို့က ပြန်ချင်သလား ဆိုတော့ သူတို့ကတော့ မပြန်ချင်ပါဘူး။ ဆက်ပြီးတော့ အလုပ်လုပ်ချင်တယ်ဆိုပြီး ပြောပါတယ်။ တချို့ဇနီးခေါ်ထားတဲ့ သူတွေရှိပါတယ်။ ကိုယ်ဝန် ရှိနေတဲ့ ဇနီးတွေ ရှိပါတယ်။ အဲဒါတွေကိုတော့ ပြန်ပို့ချင်တယ် ဆိုလို့ရှိရင် သံရုံးနဲ့ပူးပေါင်းပြီးတော့မှ သံရုံးရဲ့ ဖုန်းနံပါတ်၊ အလုပ်သမား ကိုယ်စားလှယ်ရဲ့ ဖုန်းနံပါတ်၊ သံအမတ်ကြီးရဲ့ကတ် စသည်ဖြင့် အကုန်လုံး ပေးပြီးတော့ အချိန်မရွေး ကူညီပါမယ်၊ ဆောင်ရွက်ပါမယ် စသည်ဖြင့် ပြောကြားခဲ့ပါတယ်။ နောက် Over Stay ဖြစ်နေတဲ့ မြန်မာတွေ ပြန်ချင်ရင် ဘယ်လို လုပ်မလဲ၊ ပတ်စ်ပို့လည်း မရှိဘူး။ တောင်ကျော်လာတာတွေ ဆိုတဲ့အခါမှာ ဒီကိစ္စတွေ အတွက်လည်း မြန်မာသေချာတယ်ဆိုရင် သံရုံးမှာ CI ထုတ်ပေးပါမယ်။ ထုတ်ပေးပြီး တော့မှ ခုနကလှူဒါန်းမယ့် လူတွေလည်း ရှိနေတဲ့အခါမှာ လူဝင်မှု ကြီးကြပ်ရေးမှာ မှုခင်း ကင်းရှင်းကြောင်းနဲ့ ကျန်တဲ့ကိစ္စအဝဝ ကင်းရှင်းကြောင်း စစ်ဆေးခံရ မယ်။ နောက် Over Stay ဖြစ်တဲ့အတွက် ရင်းဂစ် ၄ဝဝ ကိုလည်း အလှူရှင်တွေက ပေးနိုင်မယ့် အခြေအနေ ရှိတယ်။ ပြန်မယ်ဆိုလို့ရှိရင်လည်း လေယာဉ်ပျံ လက်မှတ်ခက တစ်ဝက်နှုန်းထားပေါ့။ MAI က လျှော့ချပေးတာတွေရှိတယ်။ အလှူရှင်တွေ ရှိနေတဲ့အတွက် အခမဲ့လည်း ရနိုင်တယ်။ အဲဒီတော့ ပြန်ချင်တဲ့သူ အချိန်မရွေး ပြန်လို့ရအောင် စီစဉ်ပါမယ်ဆိုတော့ နှစ်ဦးလား မသိဘူး ထွက်လာပါတယ်။ ကျန်တဲ့ သူတွေကတော့ ပြန်ပို့စရာ ဇနီးတွေမရှိပါဘူး။ အဲတော့ သူတို့အတွက် လိုအပ်တာတွေကူညီ ဆောင်ရွက်ပေးဖို့ ဆိုပြီးတော့မှ ပြောကြားပြီးတော့မှ ကျွန်တော်တို့ စက်ရုံကနေ ကွာလာလမ်ပူကို ည ၇ နာရီခွဲလောက်မှာ ထွက်လာခဲ့ပါတယ်။ စက်ရုံက ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ ရှိတဲ့အတွက် ကားကတော့ တစ်နာရီလောက် မောင်းရပါတယ်။

မေး။ ။ အင်တာနက်သတင်းတွေမှာ ဖော်ပြပါရှိတဲ့ အချက်အလက်တွေနဲ့ ဒုတိယဝန်ကြီးတို့ လက်တွေ့မြေပြင် မှာ တွေ့မြင်ရတဲ့အခြေအနေမှာ ကိုက်ညီမှုရှိသလား။ ဒါမှမဟုတ် ဘယ်လို ကွာခြားတယ် ဆိုတာလည်း ဖြေကြားပေးပါဦး ခင်ဗျာ။

ဖြေ။ ။ ကွာခြားမှုအနေနဲ့ကတော့ စိုးရိမ်စရာကောင်းတယ်၊ ထိတ်လန့်စရာကောင်းတယ် ဆိုတဲ့နေရာက ခုနက ဒုစရိုက်နယ်မြေဖြစ်တဲ့ အမှုအခင်းတွေ အများဆုံးဖြစ်ခဲ့တဲ့ ဆာလာရန်း နယ်မြေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ နယ်မြေတွေ ကျွန်တော်တို့သွားကြည့်တဲ့ မှန်စက်ရုံ ရှိတဲ့နေရာမှာ ဆိုလို့ရှိရင်လည်း ဒီလိုအနေအထားမျိုးတွေ လုံးဝမတွေ့ရဘူး။ အမှုအခင်းဖြစ်ပွားတဲ့နေရာ မဟုတ်ဘူးပေါ့၊ ဒီလိုဟာမျိုးရှိတဲ့အတွက် သူတို့ အေးအေး ဆေးဆေး နေနိုင်တယ်။ ဒါပေမယ့် ကောလာဟလ သတင်းတွေကတော့ ဟိုနေရာလည်း ဖြစ်တယ်၊ ဒီနေရာလည်း ဖြစ်လာလိမ့်မယ် ဆိုပြီးတော့မှ လှုံ့ဆော်မှုတွေ ရှိတဲ့အတွက် စိုးရိမ်မှုတော့ရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်သံရုံးကိုလာတဲ့ ကလေးတွေ မေး ကြည့်တော့လည်း သူတို့နေရာတွေမှာတော့ ဘာမှမဖြစ်ဘူး။ သူတို့ ကြားတော့ ကြားတယ်။ တချို့ကတော့ ဂရုမစိုက်မိ ဘူး။ ဖေ့စ်ဘွတ်လည်း မဖွင့်အားဘူး။ ကျန်တဲ့ဟာ တွေနဲ့ အဆက်အသွယ်မရှိဘူး။ သူတို့ အလုပ်တွေနဲ့ လုံးပန်းနေရ တဲ့အတွက် သတိမထားမိပါဘူးလို့ ပြောတာလည်း ရှိပါတယ်။

ဆိုလိုတာကတော့ နေရာအနှံ့အပြားမှာ ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလောက်အောင် ဖြစ်နေတဲ့ အခြေအနေ မဟုတ်ပါဘူး။ မလေးရှားမှာ တရားဝင်လာ အလုပ်လုပ်နေတဲ့ အလုပ်သမား တစ်သိန်းနှစ်သောင်းကျော်လောက် ရှိပါတယ်။ တရားမဝင် ဆိုလို့ရှိရင်လည်း သုံးသောင်းကျော်လောက်ရှိမယ်။ ထပ်တိုးတာနဲ့ ဆိုရင်တောင်မှ အများဆုံး နှစ်သိန်းထက် မပိုနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒီအလုပ်သမားတွေအားလုံး ခုချက်ချင်းပြေးဟယ် လွှားဟယ်နဲ့ ကောက်ပြန်ရမယ့် အနေအထားမျိုး ရောက်အောင်တော့ မတွေ့မမြင်မိပါဘူး။ မခံလည်းမခံစားမိပါဘူး။ ဒီလိုပြောရတာလည်း လက်တွေ့တွေ့ရတဲ့ အလုပ်သမားတွေကို မေးမြန်းတယ်၊ နောက် ဘုန်းတော်ကြီးကျောင်းမှာ မေးမြန်းတယ်။ နာရေးကူညီမှု အသင်းမှာ ပြောတယ်။ စက်ရုံကို သွားကြည့်တယ်ပေါ့။ တစ်နိုင်ငံလုံး နေရာအနှံ့ကိုတော့ ကျွန်တော်တို့ မရောက်ပါဘူး။ ကျွန်တော်တို့ ရောက်တဲ့နေရာ အနှံ့ကို တွေ့တဲ့အခါမှာတော့ သူတို့မှာ ဒီလို ခံစားချက်မျိုး မရှိဘူး။ ခုချက်ချင်း မဖြစ်မနေ ကောက်ပြီးတော့ ထပြန်ရမယ့် လူမျိုးမရှိပါဘူး။ အခု CI လျှောက်မယ်၊ ပြန်ချင်တယ်၊ စိုးရိမ်ပူပန်မှုရှိတယ် ဆိုတာ ကလည်း မိသားစုကို ပြန်လွှတ်ချင်တာ။ နောက်ဆာလာရန်းမှာ အလုပ်လုပ်ပြီးတော့မှ ဒီနေရာဒေသမှာ ဆက်အလုပ် မလုပ်နိုင်တော့လို့ ပြန်မယ့်လူအုပ်စု ဒီဟာပဲ တွေ့ရှိရတဲ့အတွက် ကွဲပြားခြားနားမှုကတော့ ဒီအချက်အ လက်တွေ တွေ့ ရကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ မလေးရှားအစိုးရရဲ့ ရှေ့ဆက် ပြီး တော့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ မနက်ဖြန် နံနက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တွေ့ဆုံခွင့် တောင်းခံထားတာ ရရှိပြီးဖြစ်ပါတယ်။ အဲဒီမှာ လုံခြုံရေးကိစ္စများကို အဓိကထားပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ မွန်းလွဲနှစ်နာရီခွဲမှာ Social Welfare ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တွေ့မှာဖြစ်ပါတယ်။ အဲဒီမှာ အလုပ်သမားရေးရာ ကိစ္စတွေ အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြန်ချင်တဲ့ အလုပ်သမားတွေလည်း ပြန်ခွင့်ရအောင်၊ ဆက်လုပ်လိုတဲ့ အလုပ်သမားတွေ လုံခြုံမှုရှိအောင် ပြည်ထဲရေးနဲ့ ပြောပြီးတဲ့အခါမှာ Social Welfare နဲ့လည်း အလုပ်သမား ဥပဒေအရ ဘယ်လိုကာကွယ် ပေးနိုင် မလဲပေါ့။ နောက်ပြန်ချင်တဲ့သူတွေ ရှိတယ်ဆိုရင်လည်း Termination of Contract ပေါ့။ ဒီဟာကို အလုပ်ကနေ ရပ်နားပြီးတော့ အသက်သာဆုံး နှုန်းထားနဲ့ ပြန်လို့ရအောင်ပေါ့။ ဒီမှာတော့ အခုလက်ရှိ အလုပ်လုပ်နေတယ်၊ Contract က နှစ်နှစ်ရှိတယ်။ လုပ်တာက ရှစ်လပဲ ရှိသေးတယ်ဆိုတော့ ကျန်တဲ့လတွေအတွက် ပေးလျော်ရမယ် ဆိုပြီးတော့ ပါတဲ့ဟာတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီတော့ ဒီဟာတွေအတွက် ဘယ်လိုဆောင်ရွက် ပေးနိုင်မလဲပေါ့။ သူ့ရဲ့ Terms and Condition ပိုင်း လုပ်မယ်ဆိုလည်း ဘယ်လိုအမြန်ဆုံး ဆောင်ရွက်ပေးနိုင်မလဲ စသည်ဖြင့် ဒီဟာတွေ ဆွေးနွေးထားဖို့ အတွက် သံအမတ်ကြီး၊ နောက်အလုပ်သမား ဒုတိယဝန်ကြီးတို့နဲ့ တိုင်ပင်ဆွေးနွေး ထားပြီးဖြစ်ပါတယ်။ ဆက်လက် ပြီးတော့ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ သွားရောက်တွေ့ဆုံပါမယ်။ အဲဒီမှာတော့ ကျွန်တော်တို့ နှစ်နိုင်ငံ အစိုးရချင်း သဘောတူထားတဲ့ အချက်တွေရှိပါတယ်၊ အလုပ်သမားစေလွှတ်တဲ့ Terms and Conditions တွေ၊ နောက်တစ်ခါ လုပ်ငန်းခွင် အတွက်စောင့်ရှောက် ပေးရမယ့် ကိစ္စတွေ၊ ယခင်သဘောတူညီထားတဲ့ အချက်တွေ အတိုင်းပဲ ဆောင်ရွက်ပေးနိုင်ဖို့ပေါ့။ ဒီဟာတွေ တောင်းဆိုကြမယ့် အပြင် လုံခြုံရေးကို အဓိကထားပြီးတော့ ကာကွယ်ပေးဖို့ပေါ့။

နောက် တရားဝင် လာအလုပ်လုပ်တာ မဟုတ်ဘဲနဲ့၊ အထောက်အထား မပြနိုင်ဘဲနဲ့ သူတို့ရဲ့ Detention Camp တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားများကို အမြန်ဆုံး ပြန်လည်ပြီးတော့မှ စေလွှတ်နိုင်ဖို့ စသည်ဖြင့် ဒီဟာတွေကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဖြေကတော့ မနက်ဖြန်ညနေလောက်မှ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ ရမှာဖြစ်ပါတယ်။ မလေးရှားအစိုးရ အနေနဲ့လည်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာန အထူးသဖြင့်ရဲပေါ့၊ ဆေးရုံဆိုလို့ရှိရင်လည်း ဒုက္ခရောက်တဲ့သူတွေကို ချက်ချင်း လက်ခံပြီးတော့မှ ကုသ ပြီးတော့ ဆေးရုံစရိတ် ကိုတော့ လူနာရှင် အပ်တဲ့ပေါ် မူတည်ပြီး နာရေးကူညီမှုအသင်း ကပဲဖြစ်ဖြစ် သံရုံးကပဲဖြစ်ဖြစ် အလှူရှင် ဘက်ကပဲဖြစ်ဖြစ် ကျခံပြီးတော့ အလွယ်တကူ လက်ခံကုသပေးနေတဲ့ ဟာမျိုးတွေ ဆောင်ရွက် တာ တွေ့ရှိရပါတယ်။ နောက် အလုပ်ရှင်တွေပေါ့။ မလေးရှား-မြန်မာ Chamber of Commerce နဲ့လည်း ထပ်တွေ့ပြီးတော့မှ ဒီလူတွေနဲ့ ထပ်မံဆွေးနွေးပြီးတော့မှ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက် ပေးနိုင်မယ့် ကိစ္စမျိုးတွေ ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇင်ယော်အား ယနေ့တွင် ထပ်မံ၍ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်-

မေး။ ။ ဒုတိယဝန်ကြီး ခင်ဗျာ။ ဒီနေ့ ဇွန် ၁၃ ရက်နေ့မှာ မလေးရှား နိုင်ငံမှာ ဆက်လက် ဆောင်ရွက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိလိုပါတယ် ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့အဖွဲ့ဟာ ဒီနေ့နံနက် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနဲ့ သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ရာမှာ ကျွန်တော်တို့ နိုင်ငံသား တွေ ဒီမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူတွေပေါ့။ သူတို့ အတွက် ဘယ်လို ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။ နောက်တစ်ချက်ကတော့ ပြန်မည့်လူတွေပေါ့။ ဒီလူတွေပြန်ဖို့ အတွက် မြန်မြန်ဆန်ဆန် ဘယ်လိုကူညီ ဆောင်ရွက်ပေးနိုင်ပါမလဲ။ နောက်ဆုံးတစ်ချက်ကတော့ အလုပ်လုပ်ချင်တဲ့ လူတွေဆက်လုပ်မည့် လူတွေအတွက် ပိုမိုပြီးတော့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးပါတယ်။

မေး။ ။ သူတို့ဘက်က ဘယ်လိုများ တုံ့ပြန်ဆောင်ရွက်ပေးပါသလဲ ခင်ဗျာ။

ဖြေ။ ။ အခုလက်ရှိ ထိန်းသိမ်းခြင်းခံထားရတဲ့ မြန်မာတွေပေါ့။ အခု လောလောဆယ် သတင်းစာထဲမှာရော၊ သူတို့ အတည်ပြုတဲ့ဟာရော စုစုပေါင်း ၃ဝ၇ ဦး ဆိုပြီးတော့ သိရ ပါတယ်။ ၁၉၆ ဦးကတော့ သက်ဆိုင်ရာ စာရွက်စာတမ်း မရှိဘဲနဲ့ တရားမဝင် ဝင်ရောက် လာတဲ့ လူတွေဖြစ်ပြီးတော့ ၅၇ ဦးကတော့ UNHCR က အတုများ ကိုင်ဆောင်တယ် ဆိုပြီးတော့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ နောက်ထပ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ ၅၄ ဦးလည်း ရှိပါတယ်။ သူတို့ ကိုတော့ ရှေ့နေချုပ်ရုံးကို တင်ပြီးတဲ့အခါ နှစ်ပတ်အတွင်း အမှုကို စစ်ဆေးဖို့နဲ့ အဲဒီက ဆုံးဖြတ်ချက် ကျလာလို့ရှိရင် ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ ဒီလိုပြောတဲ့ အခါမှာလည်း ပြန်ချင်တဲ့လူတွေကို ပြန်ဖို့ အတွက် မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ဆက်နေချင်တဲ့ လူတွေအတွက် သီးခြားစဉ်းစားပေး သွားမယ် ဆိုပြီးတော့ ဆွေးနွေးပြောကြားပါတယ်။

မေး။ ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲ့ ပြောကြားချက်တွေကို ဆက်ပြီးရှင်းပြပေးပါ ခင်ဗျာ။

ဖြေ။ ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံရာမှာ စောစောက ကျွန်တော် ရှင်းပြတာ ပထမအချက် ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေး ပေးတာကတော့ ကျွန်တော် တို့ တောင်းဆိုတဲ့ ပြန်ချင်တဲ့ကလေးတွေ မြန်မြန်ပြန်နိုင်အောင်လို့ပေါ့။ လူဝင်မှုကြီးကြပ်ရေးဌာနကနေ ပြီးတော့မှ ဘယ်လိုများ မြန်မြန်ဆန်ဆန် ကူညီနိုင်မလဲလို့ မေးတဲ့အခါမှာ သူတို့အနေနဲ့ သံရုံးက သတ်မှတ်ထားတဲ့ ထုတ်ပေးပြီးသား လက်မှတ်ပါမယ်။ သူတို့ဆီမှာ စစ်ဆေးတဲ့ အမှုအခင်း ကင်းရှင်းတယ် ဆိုလို့ရှိရင်လည်း အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်။ သံရုံးနဲ့ အဆက်အသွယ် မပြတ်ဘဲနဲ့ ဆက်သွယ်ဖို့၊ သူတို့နဲ့ ကြိုတင်ညှိနှိုင်း ဖို့ပြောပါ တယ်။ တကယ်လို့ ပြန်မယ့် အလုပ်သမားတွေထဲမှာ မှုခင်းများ ကျူးလွန်ထားတာရှိရင် သူတို့ အနေနဲ့ တရား ဥပဒေကြောင်း အရ ဆက်လက်ပြီး ဆောင်ရွက်စရာတွေ ရှိတဲ့အတွက် မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ အသင်းမှ မလေးရှားအလုပ်ရှင်များနဲ့ မြန်မာ အလုပ်သမားတွေကို ခန့်ထားတဲ့သူတွေနဲ့ တွေ့ပြီးတော့မှ သူတို့ရဲ့ သဘောထားတွေ၊ အမြင်တွေ သူတို့ အလုပ်သမားတွေကို ဘယ်လိုကာကွယ်နိုင်မလဲ စသဖြင့် ဆက်လက် တွေ့ဆုံဖို့ရှိပါတယ်။

သတင်းအဖွဲ့။ ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေဆိုပေးသွားတဲ့ ဒုတိယဝန်ကြီးကို ကျေးဇူး တင်ပါတယ်။
အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved