မလေးရှားမှာ နောက်ထပ်မြန်မာတဦး သတ်ဖြတ်ခံရပြန်

Saturday, June 8, 2013

မလေးရှားမှာ မြန်မာနောက်တဦး ထပ်မံ အသတ်ဖြတ်ခံလိုက်ရပါတယ်။ ယနေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီလောက်က ကွမ်တန်အရပ်၊ ဂျာလန်မတ်လပ်စတာ မှာ ထိုးသွင်းဒဏ်ရာ ၁၀ ခုနဲ့ မြန်မာအမျိုးသား တဦးရဲ့ ရုပ် အလောင်းကို တွေ့ရတာဖြစ်တာပါ။ 

 မလေးရှားနိုင်ငံ ဆာလာရန်း ဈေးတွင်း တနေရာ၊ ဓာတ်ပုံ-မလေးရှားရှိ မြန်မာတဦး

အဆိုပါ ရုပ်အလောင်းကို အလုပ်သမား တဦးက တွေ့ခဲ့တာဖြစ်တယ်လို့  ကွာလာလမ်ပူပို့စ် သတင်းတပုဒ် က ဆိုပါတယ်။


ကွမ်တန်ခရိုင်ရဲအကြီးအကဲက သတင်းထောက်တွေကို ပြောတာမှာတော့ အိပ်ခန်း ကြမ်းပြင်တွေထိ 
သွေးတွေ စီးလာတာတွေ့ရသလို သေဆုံးသူရဲ့ အိပ်ခန်းကို ၀င်ရောက်သွားတဲ့ အချိန်မှာ အံ့သြစွာ နဲ့ သေဆုံးသူရဲ့ အလောင်းကို တွေ့ကြရတာလို့ ဆိုပါတယ်။ 

ရဲမှူးက ဆက်ပြောရာမှာ အခင်းဖြစ်ချိန်ဟာ သေဆုံးသူ အိပ်ပျော်နေစဉ် မနေ့ည ၁၂ နာရီလောက်က ဖြစ်
နိုင်တယ်လို့ ထင်မြင် ယူဆ ကြောင်း၊ လူသတ်မှု သံသယရှိသူ အသက် ၁၉၊ အသက် ၂၆ နဲ့ အသက် ၂၈ နှစ်အရွယ် သူ့ လုပ်ဖော်ကိုင်ဖက်တွေကို ခြေရာခံ စုံစမ်းကာ လိုက်လံ ဖမ်းဆီးနေကြောင်း၊ ပြောပါ တယ်။ ဒါပေမယ့် သေဆုံးသူ မည်သူဖြစ်တယ်ဆိုတာတော့ အဆိုပါ သတင်းမှာ ဖော်ပြမထားပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရုန်းကန် လှုပ်ရှားထားတဲ့ လက္ခဏာ မရှိတဲ့အတွက် သေဆုံးသူ အိပ်ပျော်နေ ချိန်မှာ အုပ်စုနဲ့ သတ်ဖြတ်မှုလို့ ရဲက ယုံကြည်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်ပြောထားပါတယ်။ 

လွန်ခဲ့တဲ့ တပတ်အတွင်း မလေးရှားနိုင်ငံရောက် မြန်မာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ဒီနောက်မှာတော့ မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ဇွန်လ ၄ ရက်နေ့က သတိထောက်လွှာပေးပြီး မြန်မာနိုင်ငံသားတွေ အသက်၊ ပစ္စည်း ဆုံရှုံးခဲ့ရမှုတွေ စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ပြောဆိုခဲ့ပါတယ်။ 

အဲဒီနေ့ ညက စပြီး မလေးရှားမှာ မြန်မာမှန်သမျှ ဖမ်းဆီးခဲ့ရာ ၁ ထောင်ဝန်းကျင် ဖမ်းဆီးခံခဲ့ရတာလည်း ရဲအရာရှိတဦး ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အထောက်အထားရှိတဲ့ မြန်မာတွေကိုတော့ ပြန်လွှတ်ပေး တယ်လို့လည်း မလေးရှားက မြန်မာတချို့က ပြောပါတယ်။ 

ဒါကြောင့် မလေးရောက် မြန်မာတွေအနေနဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရ၊ အော်ပရာဇီ လို့ ခေါ်တဲ့ ရဲ၊ လ၀က၊ ပြည်သူ့စစ်တွေ ဖမ်းခံရမှာလည်း စိုးရိမ်ရနဲ့ အခြေစိုက်နေတာမို့ မြန်မာသံရုံးရဲ့ အကူအညီကို မျှော်လင့်ခဲ့ပေမယ့် မရခဲ့ကြဘူးလို့ မလေးရှားရောက် မြန်မာတွေက ဆိုကြပါတယ်။ 

ဒါကြောင့်လည်း လွန်ခဲ့တဲ့ အပတ်က မလေးရှားရှိ မြန်မာသံရုံးရှေ့မှာ မြန်မာ ၅ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြ ပါသေးတယ်။ 

စိုးရိမ်နေရတဲ့ မြန်မာတွေ အတွက် သံရုံးကို ကူညီဖို့၊ သံအမတ်ကြီး နုတ်ထွက်ပေး ဖို့နဲ့  သတင်းမှန် ထုတ်ပြန်ပြီး သေဆုံး၊ ထိခိုက် နာကျင်ခဲ့ရသူများကို ကူညီပေးဖို့၊နဲ့ မြန်မာနိုင်ငံသားတွေကို အကာ အကွယ်ပေးဖို့တွေ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 

1 comments :

  1. Anonymous said... :

    သူတစ်ပါး တိုင်းပြည်မှာလဲ မြန်မာဘဲ အသတ်ခံရ၊ ကိုယ့်တိုင်းပြည်ထဲမှာလဲ မြန်မာဘဲ အသတ်ခံရ၊
    အရိပ်နေနေ အခက်ချိုးချိုး၊ ကိုယ့်အမျိုးသားတွေကိုလဲ ဘာမှ မကာကွယ်ပေးနိုင်၊ မျိုးချစ်စိတ် ဆိုတာ ဘယ်သူတွေက အအော်ဆုံးလဲ ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved