မန္တလေးကုသိုလ်တော်ဘုရားကျောက်စာ၊ ကမ္ဘာကျော် တော်လှန်ရေးသမား ချေဂွေဗားရားရဲ့ ဒိုင်ယာရီ အပါအ၀င် နိုင်ငံတကာမှာ ရှိတဲ့ သမိုင်းဝင်အထောက်အထား ၅၄ ခုဟာ
ယူနက်စကိုရဲ့ ရှေးဟောင်း အမွေအနှစ်စာရင်းထဲ ၀င်သွားပါပြီ။
မနေ့က ထုတ်ပြန်တဲ့ ယူနက်စကိုရဲ့ သတင်းမှာ ဖော်ပြထားတာပါ။
မန္တလေးက ကျောက်စာတွေဟာ မင်းတုန်းမင်းလက်ထက် လက်ရာများပါပဲ။
ပိဋကတ်သုံးပုံကို အဲဒီကျောက်စာများမှာ ထိုးထွင်းထားတာဖြစ်ပြီး ကျောက်စာ အချပ်ရေပေါင်း ၇၂၉ ချပ် ရှိတယ်လို့ သိရပါတယ်။
ကွယ်လွန်သူ စာရေးဆရာမကြီး လူထုဒေါ်အမာက ဒီကျောက်စာများအကြောင်းကို ကမ္ဘာ့အကြီးဆုံးစာအုပ် ဆိုပြီး ရေးသားခဲ့ဖူးပါတယ်။
အခုတော့ မြန်မာအာဏာပိုင်တို့ရဲ့ တောင်းဆို လျှောက်ထားချက်ကြောင့် ယူနက်စကိုက ဒီကျောက်စာများကို ရှေးဟောင်း အမွေအနှစ်စာရင်းထဲ ထည့်လိုက်ပါပြီ။
အာဏာပိုင်တို့က ကုသိုလ်တော်ဘုရား မုခ်ဦးလေးခုကိုလည်း စောင့်ရှောက်ခဲ့ရင် ကောင်းမှာပါ။
အခုတော့ မုခ်ဝမှာ ရှိတဲ့ သမိုင်းဝင် အနုပညာများ ရွှေရောင်သုတ်လိမ်းပြီးသား ဖြစ်နေပါပြီလို့ ကြားရပါတယ်။
ချေဂွေဗားရားရဲ့ ပစ္စည်း ပစ္စယများထဲမှာတော့ မှတ်စု၊ ဒိုင်ယာရီ၊ မိန့်ခွန်း၊ ဆေးသုတေသန၊ အက်ဆေး၊ သတင်းစာဆောင်းပါး၊ ကိုယ်ရေးကိုယ်တာ၊ ပေးစာ စသဖြင့် မှတ်တမ်းမှတ်ရာ အရေအတွက် ၁,ဝဝ၇ မျိုး ပါဝင်ပါတယ် တဲ့။
စာမျက်နှာပေါင်း ၈,၁၉၇ ရှိတယ်လို့ ဆိုတယ်။ ၁၉၂၈ နဲ့ ၁၉၆၇ ကြား မှတ်တမ်းတွေပါ။
ချေရဲ့ မှတ်တမ်းများ ရှေးဟောင်း အမွေအနှစ်စာရင်းထဲ ထည့်သွင်းသင့်ကြောင်း ယူနက်စကိုကို လျှောက်ထားခဲ့တဲ့နိုင်ငံများကတော့ ဘိုလီးဗီးယား၊ ကျူးဘားတို့ ဖြစ်ပါတယ်။
.
0 comments :
Post a Comment