သမ္မတဆီရောက်သွားမယ့် မင်းလှရေနံတွင်းလုပ်ပိုင်ခွင့်

Thursday, June 13, 2013

မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော်တွင်  လုပ်ကိုင်နေသူများကို ထိုနေရာမှ ထွက်ခွာပေးရန် အာဏာပိုင်တို့က လာရောက်တားဆီးခဲ့သော်လည်း
ရေနံတူးသူအများအပြားက လုပ်ငန်းဆက်လုပ်ရန် ဆုံးဖြတ်ထားကြသည်။


ရေနံမှော်  (ဓာတ်ပုံ – စနေလင်း/ဧရာဝတီ)


“ရဲအင်အား ၇၀ လောက်ရှိမယ်။ တုတ်၊ ဒိုင်း၊ သေနတ်တွေနဲ့ လာတာ။ မှော်ထဲကိုလာပြီး အားလုံး အပြင်ထွက်ကြဖို့၊ မထွက် ­­­­­­ရင် ဥပဒေအရ ထောင် ၅ နှစ်အထိ ချမယ်လို့ အော်နေတယ်။ ကျနော်တို့ကတော့ ဆက်တူးနေမှာပဲ။ ဒီထဲ ရင်းနှီးထားတဲ့ အရင်းအနှီးက အများကြီး။ တချို့ဆို ရှိတဲ့လယ်တွေ၊ အိမ်တွေကိုရောင်းပြီး ဒီမှာ စီးပွားလာလုပ်တာ။ အားလုံး ဒါမလုပ်ရရင် ဘ၀ပျက်ပြီ” ဟု ထန်းကိုင်းရွာသား ကိုအေးချမ်းက ဧရာဝတီကို ယနေ့  ပြောပြသည်။

ယခုလို အုပ်ချုပ်ရေးဘက်မှ ပြုမူဆောင်ရွက်နေသည့် ပုံစံသည် ပြည်သူများကို ဆူပူမှု မဖြစ်ဖြစ်အောင် တွန်းပို့နေသလိုဖြစ်ကြောင်း၊
ဆူပူပြန်ရင်လည်း ဆူပူမှုကို အကြောင်းပြကာ ဒေသခံများကို ထပ်မံဖိနှိပ်မည့်အရေးကို စိုးရိမ်နေကြောင်း ၎င်းက ဆိုသည်။

ယခင်လ ၁၄ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဒေသခံများ၏ ဘ၀ ရပ်တည်ရေးအတွက် ထန်းကိုင်းရေနံမှော်ကို တရားဝင်မဟုတ်သော်လည်း နားလည်မှုဖြင့် လုပ်ခွင့်ပြုခဲ့သောကြောင့် ရက်ပိုင်းအတွင်း လာရောက်တူးဖော် ကြသူ လူဦးရေ တသိန်းကျော်ခဲ့ပြီး တွင်းပေါင်း နှစ်သောင်းကျော်အထိ တိုးတက်သွားကြောင်း၊
တွင်းတတွင်းလျှင် တူးဖော်ခ၊ အလုပ်သမားစရိတ် အားလုံးပေါင်းလျှင် ကျပ်သိန်း ၂၀ နီးပါးမျှ ကုန်ကျခဲ့ကြောင်း သူက ဆက်ပြောသည်။

ထန်းကိုင်းရေနံမှော် တရားဝင် တူးဖော်ခွင့်ရရှိရေး ယာယီကော်မတီ တာဝန်ခံ ဦးသက်နိုင်ဝင်းက နေပြည်တော်သို့ စာပေးပို့ထားကြောင်း ဧရာဝတီသို့ပြောသည်။

မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော်တွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်   အတွက် လူထုလက်မှတ် ၂,၃၀၀ ကျော်ကို စုစည်းပြီး  သမ္မတ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ထံ တောင်းဆိုထားခြင်းဖြစ်ကြောင်း   ဦးသက်နိုင်ဝင်းက ရှင်းပြသည်။

“ဒီတွင်းကို ပြန်ဖွင့်ပေးတာ တလ လောက်ပဲရှိနေသေးတယ်။ အရင်ကတည်းက မဖွင့်ချင်လည်း မဖွင့်နဲ့ပေါ့။ အခုက ဖွင့်ပြီးလို့မကြာခင်မှာပဲ ပြန်ပိတ်မယ်ဆိုတော့ ဒေသခံ တွေရဲ့ ရင်းနှီးထားတဲ့ အရင်းအနှီးက ကျပ်သိန်းပေါင်း နှစ်သောင်းခွဲလောက်ရှိနေတာ” ဟု  ဦးသက်နိုင်ဝင်းက ဧရာဝတီကို ယနေ့ ပြောပြသည်။

ယနေ့ နံနက်တွင်လည်း ရေနံမှော်လုပ်သားများအားလုံး အစည်းအဝေးပြုလုပ်ကာ အာဏာပိုင်များဘက်မှ အကြမ်းဖက် ဖြိုခွင်းလာလျှင်လည်း လက်တုံ့မပြန်ရန်၊ ဒေသခံများဘက်မှ စတင်ပြီး အကြမ်းဖက်မှုများ၊ မီးရှို့မှုများ အပြုလုပ်ရန် သဘောတူညီခဲ့ ကြကြောင်း ၎င်းက ဆက်ပြောသည်။

ထန်းကိုင်းရေနံမှော်ကို ၂၀၀၆ ခုနှစ်က ဒေသခံ တောင်သူများထံမှ လယ်ယာမြေများကို မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း MOGE က သိမ်းယူပြီး ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်ကိုကိုဝင်းက ဒေသခံများကို ရေနံပြန်လည်တူးဖော်ခွင့် တရားဝင်ပေးမထားကြောင်း၊ ယခုနယ်မြေသည်လည်း ယခင် MOGE က လုပ်ကိုင်နေစဉ်ကတည်းက  ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောနယ်မြေဖြစ်ကြောင်း၊ ယခုအချိန်အထိ ထုတ်ပြန်ထားဆဲဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

“ဧပြီလ ၂၉ ရက်နေ့က ထန်းကိုင်းတောင်သူတွေကို လယ်ယာမြေပြန်ပေးလိုက်တယ်ဆိုတာလည်း တကယ်တော့ MOGE က သူ့သဘောနဲ့သူလုပ်တာ။
ကျနော်တို့ မသိဘူး။ ကျနော်တို့က တကယ်ပြန်ပေးလားလို့ ပြန်မေးတော့ ပေးတာကို ဆိုင်းငံ့ ထားတယ်လို့ပြောတယ်။ MOGE  လုပ်ခဲ့တဲ့နောက်ပိုင်းမှ
ဒီလို တောင်သူတွေက ပြန်မေးစရာတွေ ဖြစ်လာတာ။ အခုချိန်ထိ ကျွန်တော်တို့ကတော့ ဒီနယ်မြေကို လုပ်ခွင့်မပြုသေးပါဘူး” ဟု ဦးအောင်ကိုကိုဝင်းက ရှင်းပြသည်။

ယခုဆိုလျှင် ထိုရေနံမြေအရေးနှင့် ပတ်သက်ပြီး မည်သို့ ဆက်လက်လုပ်ကိုင်သွားရမည် ဆိုသည်ကို  အထက်အာဏာပိုင်တို့ထံမှ ညွှန်ကြားချက် ရောက်လာမှ သိရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထန်းကိုင်းရွာခံ လယ်ပိုင်ရှင် ဦးစံသောင်းက ...
လွန်ခဲ့သော တလခန့်ကမှ လုပ်ပိုင်ခွင့်ရခဲ့သောကြောင့် အနယ်နယ်အရပ်ရပ်မှ ထန်းကိုင်းရေနံမှော်ထဲသို့ လာရောက်တူးဖော် ခဲ့ကြကြောင်း၊  ဒေသခံ ယာပိုင်ရှင်များက တွင်းတူးခအဖြစ် ၅ ဂါလံပုံး တစ်ပုံးထွက်လျှင် ကျပ် ၂,၀၀၀ ဖြင့်လည်းကောင်း၊ တွင်းတူးခ ကျပ် တသိန်းခွဲဖြင့်လည်းကောင်း၊ တွင်းတူးအပြီး ရေနံကို တူးသူ ၄ ရက်၊ ယာပိုင်ရှင် ၁ ရက်ဖြင့် အချိုး ကျစနစ်ဖြင့်လည်းကောင်း တွင်းတူသူနှင့် ယာပိုင်ရှင်အကြား ခွဲဝေလုပ်ခဲ့ကြောင်း  ဧရာဝတီသို့ပြောသည်။

MOGE သိမ်းယူခဲ့စဉ်ကလည်း ထန်းကိုင်းဒေသခံ ယာပိုင်ရှင်များ တောင်ယာလုပ်စားလို့ မရတော့ကြောင်း၊ တွင်းတူးခွင့်ရခဲ့သောကြောင့် ယခုမှ စီးပွားရေးလုပ်ပိုင်ခွင့် အခွင့်အလမ်းစတင်ရသလိုဖြစ်နေရာမှ ပြန်ပိတ်သည့်အတွက် မိမိတို့ဘ၀ ရှေ့ရေးအတွက် ပူပန်ရကြောင်း ၎င်းက ဆိုသည်။

“မင်းလှနယ်မှာ ဒီလိုရေနံမှော်တွေ အများကြီးပါဗျာ။ ဒီထန်းကိုင်းဒေသကြမှ ဘာလို့ လုပ်ခွင့်မပေးတာလဲ။ ကျနော်တို့လည်း သူများတွေလို လုပ်ခွင့်လိုချင်တယ်။ တောင်ယာလဲ မလုပ်ရ၊ ရေနံလဲ တူးခွင့် မရဆိုရင် ကျွန်တော်တို့ ဘာလုပ်စားကြရ မလဲဗျာ” ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ် - မင်းလှ လယ်သမားများ ရေနံသူခိုးများရန် ကြောက်နေရ http://burma.irrawaddy.org/archives/39792



.

4 comments :

  1. Anonymous said... :

    မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဒေသခံများ၏ ဘ၀ ရပ်တည်ရေးအတွက် ထန်းကိုင်းရေနံမှော်ကို တရားဝင်မဟုတ်သော်လည်း နားလည်မှုဖြင့် လုပ်ခွင့်ပြုခဲ့သောကြောင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကိုထိေ၇ာက်စွာအေ၇းယူသင့်ပါတယ်...နားလည်မှုဆိုတာ...ငွေပေး...၇န်မလိုတဲ့သဘောလား...

  1. Anonymous said... :

    ဟုတ်ကဲ့ပြောရမယ်ဆိုရင် တစ်ခုမှထင် သာမြင်သာမရှိပါဘူး ။ယာရှင် က လဲမတူးနဲ့လို့မပြောဘူး လာတူးရင်ယာရှင်ကျေးတောင်းပါတယ်။တကယ်မှမတူးစေချင် source ကိုပိတ်လိုက် ရင် ရပါတယ်။ရေနံစိမ်းအဝယ်တော်တွေကိုတားလိုက် ရင်ရပါတယ်။ဝယ်သူရှိနေရင် ရောင်းသူရှိပါမယ်။တရားမဝင် ဝယ်သူတွေလဲရှိပါတယ်။ လောဘနဲ့ရောက် လာတဲ့သူများပါတယ်။

  1. Anonymous said... :

    ထန်းကိုင်းရေနံမှော်ကတော့ယာသမားဖို့ကြီးပဲါဘဲ။ကျင်းတစ်ပေါက်စာကို(၃)သိန်းကျပ်။
    များလွန်းတယ်။တရားဝင်မဟုတ်ဘဲနဲ့။

  1. Anonymous said... :

    ယာတစ်ကွက်ကိုကျင်းပေါက် ရာနဲ့ချီရှိပါတယ်။တူးစင်ထောင် တာနဲ့ငွေ၁သိန်းပေးရပါတယ်။ကျန်ငွေကိုရက်ချိန်းနဲ့တောင်းယူပါတယ်။ခုလိုထွက်ပေးရမယ်ဆိုတော့ လာရောက်လုပ်ကိုင် သူတွေမိအေး၂ခါနာဖြစ် တော့တာပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved