ဒီနေ့ထုတ် စာနယ်ဇင်း မျက်နှာဖုံးများ

Wednesday, June 26, 2013


စာနယ်ဇင်းတွေမှာ ဘာတွေကို မျက်နှာဖုံး တင်နေကြသလဲ။

ဒီနေ့ထုတ် သတင်းစာ၊ ဂျာနယ်တွေထဲက အများအပြားကို မြည်းစမ်းနိုင်ဖို့ မျက်နှာဖုံးတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ဧရာဝတီဘလော့ http://blog.irrawaddy.org/ ကို ဖတ်တဲ့ ပြည်တွင်းပြည်ပ ပရိသတ်တွေထဲမှာ ဒီစာစောင်တွေကို လက်လှမ်းမီဖို့ ခက်ခဲသူ အများကြီး ဖြစ်နေပါလိမ့်မယ်။ ပြည်ပကို ဒီစာနယ်ဇင်းတွေ မရောက်သလို နယ်မြို့တချို့ကိုလည်း မရောက်ပါဘူး။ ဒါကြောင့်  စာနယ်ဇင်း မျက်နှာဖုံး မိတ်ဆက်ကို အခါအားလျော်စွာ တင်ဆက်ပေးသွားပါမယ်။
 
 
အလဲဗင်းသတင်းစာက
- ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးဖို့ စောနေသေးတယ် ဆိုတဲ့ သမ္မတရဲ့ ပြောကြားချက်၊
- လွှတ်တော်သတင်း၊
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာသာရေးဆိုင်ရာ ပြောဆိုချက်၊
- ဒေါ်လာဈေး ၉၉၀ နီးလာပြီ
ဆိုတာတွေကို မျက်နှာဖုံး တင်ပါတယ်။

 ဦးသိန်းစိန်  တက်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စီမံကိန်းကော်မရှင် အစည်းအဝေးသတင်း၊
ရန်ကုန်မြို့ ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်မှု ၄၀% ပြီးစီး၊
ရန်ကုန် ဒလ မြစ်ကူးတံတား စီမံကိန်း စတာတွေကို မြန်မာ့အလင်း/ကြေးမုံက မျက်နှာဖုံး တင်ပါတယ်။
 

ဒါကတော့ လူထုပုံရိပ် ဂျာနယ်ပါ။
ဦးဝီရသူက  Time မျက်နှာဖုံးကိစ္စမှာ CIA ပါဝင်နေသလား ဆိုပြီး မိန့်ကြားထားတာကို မျက်နှာဖုံးမှာ ထင်ထင်ရှားရှား မြင်ရပါတယ်။


မဇ္ဈိမသတင်းစာမျက်နှာဖုံးမှာတော့ သတင်းအညွှန်း ၆ ခု နဲ့ ဓာတ်ပုံတပုံ တွေ့ရမှာပါ။
ခုံးကျော်တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်နေတဲ့ ရွှေဂုံတိုင်လမ်းဆုံမှာ  ကား ၂ စီး ပွတ်တိုက်မှု ဖြစ်နေဟန်တူတဲ့ ဓာတ်ပုံလို့ ယူဆရတယ်။

အောက်ဆုံးက သတင်းအညွှန်းဖြစ်တဲ့ ပဋိပက္ခများ ထပ်မဖြစ်ဖို့ စီမံချက်ဆွဲထားတယ် ဆိုတဲ့ စကားကိုတော့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောဆိုတာဖြစ်ကြောင်း အတွင်းစာမျက်နှာက သတင်းမှာ ရေးထားပါတယ်။


- ညွန့်ပေါင်းအစိုးရ မဖွဲ့ဖို့ NLD က မူချမထားပါဘူး ဆိုတဲ့ သတင်း၊
- Time ဆောင်းပါးကို ဖြန့်ခွင့် ပိတ်ပင်တဲ့ သတင်း၊
- ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ ဖွဲ့ထားကြောင်း သတင်း သုံးပုဒ်ကို ဒီနေ့ထွက်လာတဲ့ ဒီတပတ်ထုတ် Popular News Journal မျက်နှာဖုံးမှာ တွေ့ရပါမယ်။

သတင်းအညွှန်းတခုဖြစ်တဲ့ ထိုးကြပြန်ပြီ စင်ကာပူထီအကြောင်း ဆောင်းပါးကိုတော့ စာမျက်နှာ ၂၀ မှာ ဖတ်ရပါတယ်။
the Singapore Sweep စင်ကာပူထီကို ရန်ကုန်မှာ ရောင်းဝယ်နေတာ ကြာပြီ၊ တလ တကြိမ် ထွက်တယ်၊ ဂဏန်း ၇ လုံး ပါတယ်၊ ထီပေါက်ရင်  အမြင့်ဆုံးဆုက စင်ကာပူဒေါ်လာ ၂ ဒသမ ၃ သန်း လို့ ဆိုတယ်။
တစောင် မူရင်းဈေးနှုန်းက S$ 3 လို့ ဆိုတယ်။ မြန်မာပြည်ဈေးကွက်ထဲမှာတော့ ၃,ဝဝဝ ကနေ ၃,၅ဝဝ ကြား။ မြန်မာပြည်မှာ တရားဝင် ရောင်းဝယ်ခွင့် မရှိဘူး၊ သို့သော်လည်း ထီပေါက်ရင် စင်္ကာပူက သွားယူလာမယ့် ငွေက ငွေဖြူဖြစ်မယ်၊ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံ Double Taxation Agreement ရှိလို့ပါ ဆိုပြီး အခွန်ဌာန အောင်ဘာလေထီဌာညွှန်မှူး ဦးသိန်းနိုင်ရဲ့ အပြောကို ဆောင်းပါးမှာ ကိုးကားထားပါတယ်။
အောင်ဘာလေက မကြာခင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ဆောင်းပါးအဆုံးမှာ သုံးသပ်ထားပါတယ်။

စံတော်ချိန်မှာတော့
- အနာဂတ်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ရေးက ဖြစ်နိုင်ခြေရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်
- ဦးရွှေမန်း သမ္မတဖြစ်လိုကြောင်း ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည် သဘောကျ
- လက်ပံတောင်းဒေသ ဆန္ဒဖော်ထုတ်မှု တို့ကို မျက်နှာဖုံး တင်ပါတယ်။


ရွှေနိုင်ငံသစ် သတင်းစာမှာတော့
စီမံကိန်းကော်မရှင် အစည်းအဝေးမှာ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်
- မနေ့က ပြည်သူ့လွှတ်တော်မှာ သူရဦးရွှေမန်းရဲ့ ပြောဆိုချက် တို့ကို မျက်နှာဖုံး တင်ပါတယ်။ ဒါ့အပြင်
 ဒေါ်အောင်ဆန်းစုကြည် မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်တွေထဲကိုလည်း မျက်နှာဖုံးမှာ သတင်း ၂ ပုဒ် လုပ်ထားပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ပြည်ထောင်စုနေ့စဉ် သတင်းစာ မျက်နှာဖုံးပါ။
ရွေးချယ်ထားတဲ့အကြောင်းအရာကတော့
အထက်က ရွှေနိုင်ငံသစ် သတင်းစာနဲ့ အတူတူပါပဲ။


ဒါကတော့ The VOICE Daily ပါ။
- ပါတီအားလုံးနဲ့ လက်တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
- CNG ဈေးမြှင့်ဖို့ ဗဟိုအစိုးရကို တင်ပြထား ဆိုတဲ့သတင်းတွေကို မျက်နှာဖုံးမှာ ထားပါတယ်။

- ဖမ်းဝရမ်းကို ကိုယ်တိုင်ဖတ်ကြည့်သူ သတိလစ်သွားပါတယ် ဆိုတဲ့ သတင်းကတော့ မုံရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးအကြောင်းပါ။
သူက စစ်ကိုင်းတိုင်းလွှတ်တော်အဆောက်အအုံနားမှာ ကျူးကျော်နေထိုင်သူအဖြစ် တရားစွဲခံထားရတယ်၊ ရုံးချိန်း မလာလို့ ဖမ်းဝရမ်း ထုတ်ခံရတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်း၊ ဒေါ်လာဈေး၊ အစွန်းရောက် အမျိုးသားရေးဝါဒီ ခေါင်းထောင်ရင် ဒီမိုကရေစီပြိုလဲမယ်၊ ငွေစက္ကူအတု အစရှိတဲ့ စိတ်ဝင်စားစရာတွေကို မျက်နှာဖုံးတင်ထားတာက 7Day ဂျာနယ် ဖြစ်ပါတယ်။ ၇ ရက် တကြိမ်ထုတ် ဂျာနယ်ပါ။
7Day ဂျာနယ် ဝယ်ရင် 7Day သတင်းစာ တစောင်ရပါမယ်။ (ဒီနေ့အဖို့ ဒီသတင်းစာရချင်ရင် ဒီဂျာနယ်ဝယ်ရမယ့်သဘောပေါ့)

7Day သတင်းစာ
 
မှာတော့
- ပီအာစနစ် ရွေးကောက်ပွဲအကြောင်း ဦးသိန်းစိန်ရဲ့ မှတ်ချက်၊
- မျိုးစောင့်ဥပဒေညီလာခံကို သီတဂူဆရာတော် တက်မယ်
- ၂၀၁၅ အလွန်မှာ ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်တယ် ဆိုတာတွေ မျက်နှာဖုံး တင်ပါတယ်။

- ယခင်အစိုးရလက်ထက်ချုပ်ဆိုထားသော စီးပွားရေးစာချုပ်များ ပြန်လည်ဆွေးနွေးချုပ်ဆိုမည်ဟု အမေရိကန်ပညာရှင်အဖွဲ့ပြော
- ရန်ကုန်ဆိပ်ကမ်းတစ်လျှောက် အပန်းဖြေလုပ်ငန်း လုပ်ကိုင်ရန် ဥရောပလုပ်ငန်းရှင်အချို့ စိတ်ဝင်စား
ဆိုတဲ့ စီးပွားရေးသတင်းနှစ်ပုဒ်လည်း မျက်နှာဖုံးမှာ တွေ့ရမှာပါ။



  ရန်ကုန်တိုင်းမ် သတင်းစာမှာ မျက်နှာဖုံးတင်ထားတာကတော့
သမ္မတဖြစ်ရေး သူရဦးရွှေမန်းအပြော ဒေါ်အောင်ဆန်းစုကြည်သဘောကျ
အတည်ပြုပြီး သဘာဝသယံဇာတစီမံကိန်းများကို သဘောတူညီမှုအသစ်များ ပြန်လုပ်မည်ဖြစ်ရာ တရုတ်ကုမဏီအများစု ထိခိုက်နိုင်ဖွယ်ရှိ

ခပ်ကြီးကြီး ထည့်ထားတဲ့ ဓာတ်ပုံကတော့ ဇွန် ၁၀ ရက်နေ့က ကော့သောင်းလေဆိပ်မှာ လမ်းချော်သွားတဲ့ မြန်မာ့လေကြောင်း လေယာဉ်ကို ဆွဲတင်နေကြတဲ့ပုံပါ။

Time ကို သံဃာနဲ့ပြည်သူတွေ ဆန္ဒပြကြမယ် ဆိုတဲ့ သတင်း အထဲမှာဖတ်ဖို့ ညွှန်းထားပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့သတင်းပါ။
ဘယ်မှာ ဆန္ဒပြမှာလဲ၊ ဘယ်တော့လဲ ??
သိချင်ဝယ်ဖတ်လို့ ဆိုရပါမယ်။

ကဲ ..... ဒီတခေါက်တော့ ဒီလောက်ပါပဲ။ 
ဒီကနေ့ အထက်ဖော်ပြပါတွေအပြင် တခြား သတင်းစာ ဂျာနယ်တွေ ထွက်ပေမယ့် လက်လှမ်းမမီတဲ့အတွက် ဒီလောက်ပဲ ဖော်ပြလိုက်ပါတယ်။



.


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved