ဂီလာန ဧရာဝတီ

Monday, June 24, 2013






တည်လာထာဝရ
ကြည်ပြာအလှ
နဒီသာစွ ဧရာဝတီကို
ခုတော့ - ဂီလာနဧရာဝတီတဲ့
အမည်သစ်ပေးကြ
မမွှေးတဲ့နာမည်
မသတီစရာ ဂီလာန
ဘယ်ခါဘယ်ရက်
အသက်ထွက်လေမလဲ
မတွေးရဲပါ။

ဧရာဝတီဘေးမှာ မွေးဖွား
ဧရာဝတီနားမှာနေ
မြစ်ရေကြည်သောက်
လူလားမြောက်ခဲ့တဲ့ ငါ
ကာသုံးပါး
စီးဆင်းရွေ့လျားနေတဲ့ဧရာ
ခုခါ အနာဂတ်ပျောက်မယ့်
မတ်တတ်ခြောက်တဲ့သစ်ပင်လို
နုပျိုမှုကင်း
ရင့်အိုခြင်းသင်္ကေတ
မမြင်ရ မတွေ့ရပါလို
တောင်းဆုဆိုမိ။

မိုးပြာပြာအောက်မှာ
တည်ငြိမ်လှပတဲ့
ရိုးမတောင်နှစ်သွယ်ကြားမှာ
စိမ်းပြာရောင်ရေသားနဲ့ 
စီးသွားတဲ့ဧရာဝတီ
မြေဆီလည်းကျွေး
ရေကြည်လည်းပေး
ကျွေးသူပေးသူအစစ်
ကျေးဇူးရှင်အဖြစ်
နှစ်ပေါင်းများစွာ ရှည်ကြာ
ကမ္ဘာတည်သ၍
သိမ်မွေ့ရွေ့လျား
တည်လိမ့်လေမလားအတွေးများ
ခုတော့ မှားလေပြီလား
သံသယပွားနေမိ။


ထက်အောက်ကြေညာ
သွားလာစုန်ဆန်
လှေသမွန်သဘောင်္
သွားလာရင်း ရင်မောရ
မြစ်ကြော ကျဉ်းမြောင်း
မြစ်ကြောင်းမှာ ထွန်းတဲ့သောင်
ရေလယ်ခေါင်
ကင်းမြီးကောက် ထောင်လို့ ရသတဲ့။

တန်ဆောင်မုန်းခါး ခွေးမစားတဲ့
တင်စားတဲ့ စကားဥပမာ
မြစ်ဧရာတစ်ကြော
ပေါလိုက်တဲ့ ပုစွန်ငါး
များ----များ----များ
စားမကုန်အောင်များ။

ခုခါ-----
ဧရာမြစ်တစ်ရိုး
ပိုးသတ်ဆေးနဲ့ ပက်
ဘက်ထရီနဲ့ ရှော့တိုက်
ဖမ်းလိုက်ကြ ပုစွန်ငါး
မျိုးတုံးလို့ သွားလေသလား
ရှား-----ရှား-----ရှား
စားစရာမရှိအောင်ရှား
စားရပြန်တော့ အဆိပ်သင့်တဲ့ပုစွန်ငါး။

ရွှေဟသာင်္မောင်နှံငှက်
လည်ယှက်ကာတွဲ
ပျော်စံနွှဲတဲ့
သဲခင်းသောင်သာ
သူတို့ မလာကြာလေပြီ။

မတွေ့နိုင် မမြင်နိုင်တော့ပါ
တစာစာ ဟစ်ကြွေး
စင်ရော်ငှက်ကလေး
တေးမသီမပျံဝဲ
ဘယ်ရပ် ဘယ်ဆီရောက်နေပြီလဲ။

ငါးကြင်းတွေဆန်
ငါးတန်တွေမြုး
နွေဦးချိန်မှာ
ကိုတံငါလှေနံခေါက်တော့
လင်းပိုင်တွေရောက်လို့ လာ
တံငါလည်းမြူး လင်းပိုင်မြူး
မြစ်ဧရာရဲ့ သောင်ယံဦး။

ခုချိန်ခါ
ဧရာမြစ်တွင်း
လင်းပိုင်တွေမလာ
ကိုတံငါ
လှေနံမခေါက်တာ ကြာပြီပေါ့။

ရေနဲ့ရွှေ
ရွှေကိုတန်ဖိုးထား
လောဘသမားတွေ
မြစ်ရေထဲရွှေကျင်
သဲသောင်ပြင်မြင်မကောင်း
မြစ်ကြောင်းဆို့ ပိတ်
အဆိပ်တွေ အဆိပ်တွေ
မြစ်ရေကြည်ထဲ စိမ့်ဝင်နေ။

ရှုကြည့်စမ်းပါ
ဧရာဝတီမှာ
ဘ၀အလီလီ
အလှအစီအရီ။

မြူခိုးရစ်သန်း
တောင်တန်းမို့ မို့ 
သောင်ကမ်းတို့ က
စိမ်းညို့ရေလျဉ်
တသွင်သွင်။

ဧရာဝတီ
ရွှေနဒီရဲ့
နေရီညချမ်း
လွမ်းလို့ မ၀နိုင်။

ဆန်းစ
ခြမ်းလ သော်တာ
ရေပေါ်မှာ အရိပ်ထင်
လေနှင်တော့ လှိုင်းလွန့်လူး
လှိုင်းတွေကြားမှာ လရောင်မြူး။

စေတီပုထိုး
မြစ်ကမ်းရိုးဝယ်
မိုးတိုးမတ်တတ်
မြစ်ရေပြင်မှာ လာလို့ ဟပ်
စိန်ဖူးရောင်တွေ တဖျတ်ဖျတ်။


ဧရာလမ်း
မြစ်ကမ်းဝဲယာ
နုန်းတင်တဲ့မြေလွှာပေါ်မှာ
ရာသီအလိုက်
စိုက်ပျိုးကြသီးနှံတွေ
စိမ်းလဲ့လဲ့မြရောင်ဝေ။

မြစ်ကမ်းပေါ်မှာ တောင်သူများ
မြစ်ရေပြင်မှာ ကိုတံငါနဲ့ ဖောင်သမား
တိုင်းပြည်အတွက် အားမာန်များ
မိုးနဲ့မြေကြား ၀င့်ကြွားကြွား။

နေရီရီမှာ
မဒီတစ်သိုက်
ရေအိုးကိုယ်စီပိုက်လို့ 
တောစရိုက် တောမူရာ
ရေခပ်ဆင်းကြသောအခါ
ဧရာလမ်း
အိပ်တန်းပြန်ငှက်
တောင်ပံချင်းယှက်
တွဲဖက်လို့ ပျံကာသွား
အုပ်စုဖွဲ့ကြ ပျော်တအား။

ဧရာဝတီရဲ့နို့ ရည်
မြစ်ရေကြည်
ငါသည်မွေးစ
သေချိန်ကအောင်
ချိုမြစွာ စို့ သောက်အံ့
အသက်ကိုစောင့်ရှောက်တဲ့အရှင်
ဧရာဝတီ မဟာမိခင်။

ခုချိန်ခါ
သဘာ၀၀န်းကျင် ချစ်ကျွမ်းဝင်
တွေးခေါ်မြော်မြင်တတ်သူတွေက
လှပတဲ့ဧရာဝတီမိခင်
ရောဂါစုံဝင်လို့ 
အသက်ငင်နေပြီတဲ့။

ကြားဖူးတဲ့စကား
လက်ဆောင်ပါးပါရစေ။

အိန္ဒိယက
ဗုဒ္ဓကျမ်းစာလာ
လွမ်းစရာ ယမုန်နာမြစ်
စွန့်ပစ်ပစ္စည်းဒဏ်ရာနဲ့
ရေဆိုးမြောင်းသာသာရှိတော့သတဲ့။

ဒါပေမဲ့------------
ဂျာမဏီပြည်က ရိုင်းမြစ်
ပြည်သူတွေ ၀ိုင်းချစ်
ကောင်းမွန်တဲ့ နည်းစနစ်နဲ့
သစ်လွင်တဲ့ရေကြည်များ
တသွင်သွင် စီးသွားနေသတဲ့။

အို ---- လူအများတို့ 
မြသားနဒီ
ဧရာဝတီမိခင် ကျေးဇူးရှင်
အသက်ငင်တာကို မြင်လိုပါသလား
အသက်ရှင်တာကို မြင်လိုပါသလား
အသက်ရှင်တာ
မြင်လိုပါလျှင်
ကယ်တင်ခြင်းမှတပါး
အခြားမရှိပြီ
မြန်မာပြည်သားစစ်မစစ်
ဧရာဝတီကို ချစ်ခြင်း
ဧရာဝတီကို ကယ်တင်ခြင်းနဲ့
လက်ငင်းသက်သေပြကြပါ။
အမိဧရာရဲ့ရောဂါ
ကင်ဆာမဖြစ်ပါစေကြောင်း
လှိုက်လှဲစွာဆုတောင်းလျက် ---- ။

ကြည်သင်း

စကားအကိုး
RFA ကိုညို၏ စိတ်ယဉ်ကျေးမှုမှတ်စုများ။
၆.၁၁.၉၉ ဘီဘီစီညပိုင်း ဆရာတင်မိုး၏ ‘ Rhyne ရိုင်းမြစ်မှ ဧရာဝတီသို့ ’ ကဗျာနှင့် ပြောပြချက်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved