နိုင်ငံ၊ လူမျိုးနှင့် ဘာသာတရား

Tuesday, June 18, 2013



လူမျိုးရေးပဋိက္ခ၊ ဘာသာရေးအဓိကရုဏ်း….. မီးရှို့ ၊ လူသတ် စသည်များ ဖြစ်နေသည်မှာ လနှင့် ချီနေပြီ။
- ဘယ်မြို့ဖြင့် လူတွေသေလို့ မီးတွေရှို့လို့၊ အိုးမဲ့အိမ်မဲ့တွေဖြစ်လို့ ၊
- ဘယ်သူတွေက ကူညီလိုက်လို့ မွတ်စလင်ဘာသာဝင်တွေ အသက်ဘေးက လွတ်သွားကြတယ် .. စသည်ဖြင့်။
-  မြို့ခံ၊ ရွာခံတွေ တစ်ယောက်မှ မပါပါဘူး။
- မြို့ခံလူထုနှင့် ဘုန်းတော်ကြီးကျောင်းများက ကူညီလို့ အသက်ဘေးက လွတ်ခဲ့ရပါတယ်

စသဖြင့် နားမဆံ့အောင် ကြားရသည်မှာ ရင်မော ကြေကွဲမိပါသည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ပြင်ပတွင်ဖြစ်တတ်သော သဘောများကို တွေ့ရသောအခါ  စိတ်ပျက်လက်ပျက်ပင် ဖြစ်မိ၏။ မိမိနားလည် တတ်ကျွမ်းသမျှကို ရေးချင်သော်လည်း နှုတ်မရဲ၊ အတွေးတိမ်မှဖြင့် facebook တွင် ဆဲကြဆိုကြဦးမည်။

ယခုတော့ဆဲချင်လည်း၊ ဆဲကြပေတော့ဟု သဘောပိုက်ကာ ရေးမိပါသည်။
သမိုင်းကြောင်းနှင့်ချီမည်ဆိုလျှင် ၁၃၀၀ ပြည့် အရေးတော်ပုံကာလ ကုလား-ဗမာ အဓိကရုဏ်းသည် ဦးရွှေဖီ၏ မော်ရ၀ီနှင့် ယောဂီ စာအုပ်ကို အကြောင်းပြုပြီးပေါ်ပေါက်လာခဲ့သည်ကို သိန်းဖေမြင့်ရေးသော အရှေ့ကနေ၀န်းထွက်သည့်ပမာ စာအုပ်တွင် ဖတ်ရှုခဲ့ရပါသည်။ ထို့ နောက် ဦးနုအစိုးရလက်ထက် တရုပ်-ဗမာ အဓိကရုဏ်းပေါ်ပေါက်ခဲ့သည်ကိုလည်း ဦးနု၏ တာတေစနေသား စာအုပ်တွင် ဖတ်ရှုခဲ့ရဖူးပါသည်။

၁၉၈၈ မှစ၌ အကြမ်းဖက်နှိမ်နင်းမှုများသာ ပေါ်ပေါက်ခဲ့ပါသည်။ ဤသည်ကား နိုင်ငံတော်ကြီး ဒီမိုကရေစီစနစ် ရရှိရေးအတွက် ဆန္ဒပြအုံကြွမှုအပေါ် အစိုးရက နှိမ်နင်းခြင်းသက်သက်သာ ဖြစ်ပါသည်။

ယခုမူ ပြည်သူအချင်းချင်း သွေးထွက်သံယိုဖြစ်အောင်၊ အသက်အိုးအိမ်စည်းစိမ် ပျက်သုန်းအောင် လုပ်နေကြခြင်းဖြစ်ပါသည်။ 

ယခုခေတ်ကာလမှမဟုတ် ရှေးယခင်ကတည်းက လူသားများသည် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာ နေထိုင်စားသောက်ကြရာမှ တစ်နေရာတည်းတွင် လူစုလူဝေးပြုကာ ရွာတည်လာကြပါသည်။
ဤသည်မှာလည်း စိုက်တတ်၊ ပျိုးတတ်၊ မွေးတတ်၊ မြူတတ်သည့် အခါကျမှသာ လူများစုကာ နေရင်း ရွာတည်၊ မြို့တည်၊ နောက်တော့ တိုင်းပြည်များတည်ဆောက်လာကြသည်သာ။

လမ်းပန်းဆက်သွယ်ရေး မလွယ်ကူသောခေတ်မှာပင် လူတို့သည် ၀မ်းစာအတွက် ရေကြည်ရာ မြက်နုရာ သွားလာခဲ့သည်ဆိုလျှင် ယခုခေတ်ကဲ့သို့ သွားလာရေး အလွန်လွယ်ကူသောခေတ်ဆိုတော့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးချည်သန်းချည်။
နိုင်ငံကြီးများဆိုလျှင် သွားချင်လွန်းလို့ ငွေကြေးအမြောက်အမြား အကုန်ခံကာသွားကြ၊ လာကြ၊ စာသင်ကြ၊ အလုပ်လုပ်ကြနှင့်မဟုတ်ပါလား။

ယခုတော့ မြန်မာပြည်တွင် နေထိုင်ကြကုန်သော နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားကြသော အစ္စလာမ်ဘာသာဝင်များအတွက် ကျွန်မတို့ ဘာလုပ်ကြမည်နည်း။
ထိုသူများ၏ နိုင်ငံဘယ်မှာနည်း ဟု မေးခွန်းထုတ်ချင်ပါသည်။ 
ကျွန်မတို့ မြန်မာပြည်သူပြည်သား၊ တိုင်းရင်းသားများစွာတို့သည်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးတွင် အခြေပြုနေထိုင်၊ နိုင်ငံသားခံယူကာ ဘ၀လမ်းကို ဆက်လျှောက်နေကြပါသည်။ ကျွန်မတို့ တိုင်းပြည်တွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များသည်လည်း တစ်ချိန်က သူတို့ ဘိုးဘွားများက မြန်မာပြည်ဖက်သို့ ဤသို့နှင်နှင် ရောက်လာခဲ့ကြဟန်တူပါသည်။ ရေကြည်ရာမြက်နုရာပေါ့လေ။

          ကမ္ဘာနှင့် အ၀ှမ်း ကျွန်မတို့ ပြည်သူများ အခြေချနေထိုင်စပြုနေသကဲ့သို့ ကျွန်မတို့ တိုင်းပြည်တွင်လည်း လာရောက်အခြေချနေသည်သာ။
ကျွန်မတို့ တိုင်းပြည်သည် တကယ်တော့ အေးချမ်းသာယာသော တိုင်းပြည်တစ်ပြည် ဖြစ်ပါသည်။ ဘာသာကြီးလေးမျိုး ကိုးကွယ်ပူဇော်သူများနှင့် အေးအေး ချမ်းချမ်းပင်။
သူ့ပွဲကိုယ့်ပွဲ အပြန်ပြန်အလှန်လှန်မုန့်ဝေစားရင်း ပျော်ခဲ့ကြပါသည်။

          ယခုမူ တိုင်းပြည်တွင် လူမျိုးရေးပဋိက္ခ၊ ဘာသာရေးအဓိကရုဏ်းများ၊  အကြမ်းဖက်ဖျက်ဆီးမှုများ နှင့် တိုင်းပြည်၏ အသရေကို ညှိုးနွမ်းစေပါသည်။
လူထုကို တုန်လှုပ်ခြောက်ခြားစေပါသည်။ အကြမ်းဖက်မှုများဖြစ်နေသောနိုင်ငံများကို လေ့လာကြည့်ပါ။ မည်သို့သောနိုင်ငံများတွင် ဖြစ်နေပါသလဲ။

ဗုဒ္ဓဘာသာဝင်များကလည်း ဗုဒ္ဓဘာသာ၏  အခြေခံငါးပါးသီလကိုမှ မစောင့်ထိန်းနိုင်တော့။ သူ့အသက်ကို သတ်ကြသည်။ သူ့စည်းစိမ်ကိုလုကြသည်။
မဟုတ်မမှန်တာတွေလည်းပြောကြသည်။  စိတ်ငယ် စရာပင်။ မေတ္တာမှ မထားနိုင်သည့်အဆုံးမတော့ စေတနာတို့ မုဒိတာတို့က ဟိုးအဝေးကြီးမှာ  ကျန်ရစ်ခဲ့ပေပြီ။

ခင်ဗျားက မေတ္တာထားခိုင်းနေ အိမ်ရှေ့ကကို ခင်ဗျားသမီး ကုလားနောက်ပါ သွားမယ်ဟု ကျွန်မအား ပြောလျှင်လည်း ခံရမည်သာ။
မုဒိမ်းမှုတိုင်း အစ္စလာမ်ဘာသာဝင်များ ကျူး လွန်နေသည် ဟုပြောသည်ကို ဖတ်လိုက်ရပါသည်။ စစ်တမ်းပြန်မကောက်ချင်ပါ။
သို့ သော် ပုဂံမြို့အနီး နိုင်ငံခြားသူ တစ်ဦးအား မုဒိမ်:ကျင့်ခဲ့သူမှာလည်း အစ္စလာမ်ဘာသာဝင်လား။ မဟုတ်ပါ။

          ဤသို့ နှင်နှင် အဆင်အခြင်မဲ့ စကားများဆိုလာပါက ဖြစ်ပေါ်လာမည့် အကျိုးရလဒ်မှာ ရလဒ်ကောင်းမဖြစ်နိုင်ပါ။
ကမ္ဘာတစ်ခွင်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို မိမိနိုင်ငံသို့ မလာလာအောင် ဖိတ်ခေါ်သလိုဖြစ်နေပါလိမ့်မည်။

 နှစ်ပေါင်းများစွာ ခေတ်နောက်ကျ ကျန်ရစ်နေသော ကျွန်မတို့ တိုင်းပြည်ကြီးကို ဒီမိုကရေစီရအောင် ပေးဆပ်ခဲ့သော အသက်သွေးချွေးများပင် မခြောက် သေးပါ။ ပင်ပန်းမှုတွေပင် မပြေလောက်သေးပါ။ နှမြောတသမှုကြောင့်ငိုကြွေးသူတို့၏ မျက်ရည်များလည်း မခမ်းသေးပါ။ ၈၈ခုနှစ် အရေးအခင်းကာလက ပျောက်သွားသော သားငယ်ကို မျှော်နေသော အမေများစွာ ရှိပါသေးသည်။
သူ့တို့ မျက်နှာလေးတွေလည်း ထောက်စေချင်ပါသည်။ သူတို့တွင် ရှိသော နှလုံးသားက "တိုင်းပြည်တိုးတက်ဖို့၊ လူ့အခွင့်အရေးတွေနှင့် မတရားမှုများ မပေါ်ပေါက်ဖို့" တဆတ်ဆတ်ခုန်နေချိန်တွင် လူတစ်စုက ဘာသာရေးကို ခုတုံးလုပ်ကာ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် လုပ်နေခြင်းသည် ၀မ်းနည်းဖွယ်ရာပင်။

လွတ်လပ်ရေးမတိုင်မီ   ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းပြည်လွတ်လပ်ရေး ရလျှင် ဗုဒ္ဓဘာသာတိုင်းပြည်အဖြစ် ကြေညာရန် ပြောခဲ့သည့် လုပ်ဖော်ကိုင်ဘက်တချို့ ရှိခဲ့ဖူးပါသည်။
ဗိုလ်ချုပ်က လုံးဝလက်မခံခဲ့သည့် အပြင် ဤသို့ ပြောသည်ကိုပင် မနှစ်သက်ယောင်ပြုခဲ့သည် ဟု ဖတ်ဖူးပါသည်။ တိုင်းပြည်အတွက် လူမျိုးမရွေး၊ ဘာသာမရွေး အလုပ်လုပ်ကြရမည့်အချိန်တွင် ဤသို့ နှင်နှင် ဆိုအပ်သောစကားသည် ဗိုလ်ချုပ်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေဟန်တူပါသည်။

ယခုလည်း ကိုယ့်တိုင်းပြည် တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း တာဝန်ယူရပါမည်။
နိုင်ငံတကာက အကူအညီတွေတောင်းပြီး ကိုယ်ကတော့ ကိုယ့်တိုင်းပြည်တွင် ဘာမှမလုပ်ဘဲ လူသတ်၊ မီးရှို့လုပ်နေမှဖြင့် မည်သူကများ ဘကြီးနွား ကျောင်းချင်ကြမှာပါလိမ့်ဟုသာ။
        
 ဘာရာဒွါဂျာ(မြန်မာပြည်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved