ရန်ကုန်မြို့က ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ

Monday, June 10, 2013

၂၀၁၃ ခုနှစ်အတွက်ချီးမြှင့်သည့် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ယက်က ရရှိခဲ့ပြီး၊ အထူးဆုများအား ဦးရဲလွင်၊ ဦးသန်းနိုင်၊ ဦးနေမျိုးဇင်တို့က ရရှိခဲ့သည်။

(ဓာတ်ပုံ - ညိမ်းပြည့်စုံ / ဧရာဝတီ)

အဆိုပါ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၃ နာရီတွင် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒုတိယ ဥက္ကဌ ဒေါ်သန်းမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပြည်သူ့ဂုဏ်ရည် အသင်း ဥက္ကဌ ကိုဝေလဝင်းက နှုတ်ဆက်စကားပြောကြား၍ အခမ်းအနားကို ကျင်းပခဲ့သည်။

စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အထူးဆုရရှိသူများမှာ မဈ္ဖိ မလှိုင်း တေးဂီတအဖွဲ့နှင့် ပန်းရဲ့လမ်း လှုပ်ရှားမှု အဖွဲ့မှ တေးရေး၊ တေးဆိုနှင့် ဘေ့စ်ဂစ်တာတီးခတ်သူ ကိုရဲလွင်၊ သောက်သုံး ရေသန့်ရရန် အခက်အခဲ  ဖြစ်သည့် နေရာ များတွင် ကျန်းမာရေးနှင့် ညီညွတ်ကာ ရိုးရှင်းပြီး ကုန်ကျစရိတ် သက်သာသည့် ရေသန့်နည်းပညာများကို တနိုင်တပိုင် ကူညီဖြေရှင်းပေးနေသူ အင်ဂျင်နီယာ ကိုသန်းနိုင်၊ မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကိုနေမျိုးဇင်တို့ ဖြစ်သည်။

“ကိုနေမျိုးဇင်ကို ကျနော်တို့ ရွေးချယ်ဖြစ်တာက သူက တိုင်းရင်းသား ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ၊ အကြပ် အတည်းတွေကို မနိုင်ဝန်ထမ်းပြီး ကူညီပေးနေသူဖြစ်လို့ပါ” ဟု ပြည်သူ့ဂုဏ်ရည်အသင်းမှ ဥက္ကဋ္ဌ ကိုဝေလဝင်းက ဧရာဝတီသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကို ဆုချီးမြှင့်ခြင်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား နောက်ပြန်မလှည့်ရန် အာမခံချက်တခုဖြစ်သော ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းများကို အင်တိုက်အားတိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့်အတွက် ဖြစ်သည်ဟု ၎င်းက ဆက်လက်ဆိုသည်။

“ဒီလိုပွဲမျိုးရှိတာ အရမ်းကို ဂုဏ်ယူဖို့ ကောင်းတယ်။ နောက်တခုက လူမှုရေးလုပ်ငန်းတွေကို ကိုယ်ကျိုးမကြည့်ဘဲ အလုပ်လုပ်နေသူတွေကို အသိအမှတ်ပြုတဲ့ ပွဲဖြစ်တဲ့အတွက် ကျေနပ်မိပါတယ်”ဟု ၂၀၁၀ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့သူ ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ပင် ပြည်သူ့ဂုဏ်ရည်အထူးဆု ရရှိခဲ့သည့် ဦးရဲလွင်ကလည်း ပြည်သူ့ဂုဏ်ရည်အသင်းကဲ့သို့သော အသင်းများစွာ ပေါ်လာရန် လိုအပ်သကဲ့သို့ မိမိအနေဖြင့် ယခုကဲ့သို့ အထူးဆု ရရှိသည့်အတွက် လူမှုရေးလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရန် အင်အားများ ပိုမိုရှိလာသည်ဟု ဆိုသည်။

ပြည်သူ့ဂုဏ်ရည်ဆုရရှိသူများကို ပထမဆုံးအကြိမ်တွင် ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့သူ ဦးကျော်သူအပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (မရွှေဇီးကွက်)၊ ရွှေအမြုတေ မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီတို့က အထူးဂုဏ်ပြုဆု ရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ တထောင်၊ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကို ဂုဏ်ပြုဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ တသောင်းကို ပေးအပ်ခဲ့တယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်တွင် စတင်ပေးခဲ့ကာ ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ပြည့်နှစ်တွင် နာရေးကူညီမှုအသင်း နှင့် ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ထားသူ ဦးကျော်သူ၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးဖြင့် အကျဉ်းကျနေသော သံဃာတော်များနှင့် သီလရှင်များအား ကူညီထောက်ပံ့ပေးခဲ့သူ ဒေါ်ရှု၊ ၂၀၁၂ ခုနှစ်တွင် ဘာသာရေး၊ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အသက်စွန့် ဆောင်ရွက်ခဲ့သူ လဖိုင်နော်မိန်းတို့ ရရှိခဲ့ကာ ၂၀၁၃ ခုနှစ်တွက်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ယက်က ရရှိခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဆုရရှိသူများကိုယ်စား  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ ဒေါက်တာ သိန်းလွင်က ဆုရသူများကိုယ်စား အမှတ်တရစကားပြောကြားခဲ့ပြီး ထိုအခမ်းအနားသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒေါ်ဆွေဇင်ထိုက်နှင့် တေးသံရှင် ဆောင်းဦးလှိုင်တို့က တက်ရောက်ခဲ့ကြသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved