အိမ်သာထဲကရေကို သုံးမိလို့ Starbucks တောင်းပန်ပြီ

Tuesday, June 18, 2013

စတားဘတ်က သူ့ရဲ့ ဟောင်ကောင်ကဆိုင်ခွဲတခုမှာ အိမ်သာထဲက ရေဘုံဘိုင်ကို သုံးမိခဲ့တဲ့အတွက် တောင်းပန်လိုက်ပါပြီ။

တောင်းပန်စာ မူရင်းကို သူတို့ရဲ့ အွန်လိုင်း http://www.starbucks.com.hk/promo/press-release မှာ ဖတ်နိုင်ပါတယ်။

ဟောင်ကောင် စီးပွားရေးရပ်ကွက်ကြီးမှာ ဖွင့်ထားတဲ့ အဲဒီဆိုင်ခွဲက သုံးတဲ့ရေကို အိမ်သာထဲ သွားယူတာ တနှစ်ကျော်နေပြီ၊ ဆိုင်ဖွင့်စကတည်းကပဲ လို့ သတင်းတွေက ဆိုခဲ့ပါတယ်။
ဆိုင်ထဲ သွယ်ထားတဲ့ ရေပိုက် မရှိလို့ အဲဒီလို သွားယူသုံးရတာပါ တဲ့။
အွန်လိုင်းမှာ တွေ့ရတဲ့ပုံတွေအရ ဆိုရင် ပိုက်က အမျိုးသားအိမ်သာထဲမှာ။

စတားဘတ်ဆိုင်အတွက်သာ လို့ ဆိုင်းဘုတ်ရေးထားတဲ့ ဘုံဘိုင်ခေါင်းနဲ့ အပေါ့စွန့်တဲ့နေရာကြားထဲမှာ လက်ဆေးကန်တခု ရှိပါတယ်။

ဒါကြောင့် ရေက သန့်ရှင်းတယ်လို့ ပြောနိုင်မှာပါ။
သို့သော်လည်း ကော်ဖီဆိုင်ထဲ သုံးတဲ့ရေကို အဲဒီနေရာအထိ သွားယူရတယ်ဆိုတာကို အများသိသွားတဲ့အတွက် ပွက်လောရိုက်ခဲ့တာပါပဲ။

တောင်းပန်စာမှာ ရေးထားချက်အရ ဆိုရင် ဆိုင်က Bank of China အဆောက်အအုံမှာ ဖွင့်ထားတာပါ။

we fully recognize that the location of the source was entirely unacceptable.
လို့ စာမှာ ရေးထားပါတယ်။
ရေအရင်းအမြစ်နေရာက လုံးဝ လက်ခံနိုင်ဖွယ်မရှိဘူး ဆိုတာ စတားဘတ်က သဘောပေါက်ပါတယ် တဲ့။

တောင်းပန်စာတစောင်လုံးမှာ သူတို့ သန့်ရှင်းရေးကို ဘယ်လောက် အလေးထားပါကြောင်း ဆိုတဲ့ စာလုံးတွေနဲ့ ပြည့်နေပါတော့တယ်။ ကမ္ဘာမှာ ဆိုင်ခွဲတွေ ရာထောင်ချီမက ဖွင့်ထားတဲ့အတွက်၊ ဒေသအသီးသီးမှာလည်း ဒေသခံပြိုင်ဘက်တွေ ရှိတဲ့အတွက် နာမည်မပျက်ဖို့ ဆိုတာ စတားဘတ်အတွက် အင်မတန့် အင်မတန် အရေးကြီးပါတယ်။

ဆိုင်ခွဲတိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ဖို့၊ သန့်ရှင်းရေးအတွက် စိတ်ချရဖို့ အထူး ဂရုပြုကြောင်းလည်း တောင်းပန်စာက ဆိုပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ပုံကတော့ ဟောင်ကောင်ဆိုင်ခွဲပုံ မဟုတ်ပါ။
ရန်ကုန်မှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

အဲဒီအကြောင်း စတားဘတ်ကော်ဖီ မျက်စေ့လည်ပြီး ရန်ကုန်ရောက်လာ  http://blog.irrawaddy.org/2013/01/blog-post_4702.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

အင်တာနက်မှာ ပုံတွေ ဖြန့်တဲ့ခေတ်၊ ကင်မရာတွေ စမတ်ဖုန်းတွေ ပေါများတဲ့ခေတ်မှာ အသေးစိတ်ကအစ ဂရုစိုက်နိုင်မှ ကိုယ့်လုပ်ငန်း နာမည်ပျက်ရေးကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဟောင်ကောင်က စတားဘတ်ဆိုင်ခွဲတခုမှာ အခုလို ဖြစ်ခဲ့တဲ့အတွက် စားသောက်ဆိုင်ပိုင်ရှင်တွေက သန့်ရှင်းရေးအတွက် (သို့မဟုတ် လူမြင်ကောင်းဖို့အတွက်) ပိုပြီး ဂရုထားလာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved