ဧရာဝတီတိုင်းအစိုးရ အာဇာနည်နေ့မှာ ဥသြဆွဲ

Friday, July 19, 2013


ဗဟိုအစိုးရက အာဇာနည်နေ့မနက်ပိုင်း ခဏတာ
ဥသြဆွဲဂုဏ်ပြုရေးအစီအစဉ်ကို စိတ်မဝင်စားပေမယ့် နယ်ဘက် အာဏာပိုင်တွေကတော့ ဒါကို အလေးအနက် ထားကြပုံရှိပါတယ်။

ဧရာဝတီတိုင်းအစိုးရကတော့ ဥသြဆွဲဖို့ စီစဉ်ခဲ့ပါတယ် တဲ့။ ဒီအကြောင်း ဧရာဝတီသတင်းထောက်
 ဆလိုင်းသန့်စင်က သတင်းပေးပို့ထားပါတယ်။  သူပို့ပေးတဲ့ပုံများထဲက တချို့ကိုလည်း ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သာယာကွင်းမှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့၊ လွှတ်တော်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်

ဌာနဆိုင်ရာအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ လူမှုကွန်ရက်များနဲ့ ပြည်သူလူထုတွေစုပေါင်းပြီး အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

 ယခင်နှစ်တွေနဲ့ မတူဘဲ ထူးခြားချက်အနေနဲ့ကတော့ ပုသိမ်မြို့တော်ခန်းမမှာ အာဇာနည်နေ့မတိုင်ခင် ဇူလိုင် ၁၈ ရက်နေ့ကတည်းက ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုထားတဲ့ သီချင်းတွေကို နံနက်မိုးလင်းကနေ ညမိုးချုပ်အထိ စဉ်ဆက်မပြတ် ဖွင့်ထားပေးတာပါပဲ။

 ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ ကျဆုံးခဲ့ချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ အာဇာနည်နေ့အခမ်းအနားကျင်းပတဲ့ ပုသိမ်မြို့ ကန်သာယာကွင်းအနီးမှာ တိုင်းအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ မီးသတ်ယာဉ်တွေက ဥသြဆွဲဂုဏ်ပြုခဲ့ကြပါတယ်။

 အာဇာနည်နေ့မှာ ဥသြဆွဲသံပြုလုပ်ပေးဖို့ အစီအစဉ် ရှိမရှိ အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဇူလိုင်လဆန်းက လွှတ်တော်မှာ မေးမြန်းခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အစီအစဉ် မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

 ဒါပေမယ့် ဧရာဝတီတိုင်းအစိုးရကတော့ သူတို့အစီအစဉ်နဲ့ ဥသြဆွဲသံပြုလုပ်ပြီး အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုခဲ့ပါတယ်။ တိုင်းအစိုးရဟာ မနှစ်တုန်းက ခုလို မိန့်ခွန်းဖွင့်၊ သီချင်းဖွင့်ပေးတာ၊ ဥသြဆွဲတာတွေ မလုပ်ဆောင်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ အာဇာနည်နေ့နဲ့ပတ်သတ်ပြီး အတော်ကို အလေးထားပြီး တလေးတစား ဆောင်ရွက်လာတာကို တွေ့ရပါတယ်။

မနက် ၈ နာရီအချိန်မှာ အစိုးရအဖွဲ့ဦးဆောင်ပြီးတော့ ဌာနဆိုင်ရာတွေနဲ့ နိုင်ငံရေးပါတီတွေက အရင်ဦးစွာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုကြပါတယ်။

 နံနက် ၁၀ နာရီလောက်မှာတော့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပါတီဝင်အင်အား ၁၂၀၀ လောက်က အာဇာနည်ကျောက်တိုင်ကို ချီတက်အလေးပြုခဲ့ကြပြီး ပုသိမ်အခြေစိုက် လူမှုကွန်ရက်ပေါင်းစုံနဲ့ ပညာဒါနကျောင်းက ကျောင်းသားကျောင်းသူ အင်အား ၅၀၀ ကျော်ကလည်း ချီတက်အလေးပြုခဲ့ကြပါတယ်။

 ဒါ့အပြင် ပုသိမ်တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်ကကျောင်းသား ကျောင်းသူတွေအပြင် ပုသိမ်အခြေစိုက် အစ္စလာမ်လူမှုကူညီရေးအဖွဲ့တွေကလည်း အာဇာနည်ခေါင်းဆောင်တွေကို လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

 ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ ပုသိမ်မြို့နယ် မီးသတ်ဌာနက မီးသတ်ရေယာဉ်တွေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဥသြဆွဲအလေးပြုခဲ့ကြပြီးတဲ့နောက် NLD ပါတီ၊ လူမှုကွန်ရက်၊ ကျောင်းသားတွေနဲ့ ပြည်သူအင်အား ၃၀၀၀ ကျော်က အာဇာနည်ကျောက်တိုင်ကို အလေးပြုခဲ့ကြပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ၂ မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။

 ပုသိမ်မြို့ခံတွေကတော့ မနှစ်ကလိုပဲ ထီလည်ရောင်းတဲ့လူကအစ ဖုန်းသီချင်း Ringtone အဆုံး အာဇာနည်နေ့သီချင်းတွေဖွင့်၊ အိမ်တိုင်းမှာလည်း အလံတ၀က်လွှင့်ထူလို့ အာဇာနည်နေ့ကို အစဉ်အလာမပြတ် ဂုဏ်ပြုလွမ်းဆွတ်ကြောင်း ပြသခဲ့တာကို တွေ့ရပါတယ်။







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved