ဆရာမောင်ဝံသရဲ့ ကျန်းမာရေး အခြေအနေ

Thursday, July 4, 2013

ကျမဟာ ဖေဖေ အဆုတ်ကင်ဆာ စဖြစ်ပါပြီဆိုတုန်းကလဲ စင်ကာပူက ဆေးစစ်ချက် result ရပြီးပြီးချင်း မောင်လေးနဲ့အမက လှမ်းပြီး ဖုန်းဆက်ပြော့ပီးပြီးချင်းပဲ facebook ပေါ်မှာ ကိုယ့်ရဲ့ ခံစားချက်နဲ့ ဖေဖေ့ရဲ့ လက်ရှိအခြေအနေကို ရေးခဲ့ဖူးပါတယ်။

ဒီလို ရေးခဲ့တာဟာ လွန်ခဲ့တဲ့ ဆယ်လ လောက်ကပါ။ အဲဒီတုန်းက ဖေဖေ့ကို တကိုယ်လုံး PET Scan ရိုက်ပါတယ်။
အဲဒီမှာ ပေါ်လာတဲ့အဖြေက အဆုတ်ရဲ့ ဘယ်ခြမ်းမှာ အကျိတ်လုံးဖြစ်နေတာအပြင် ဦးခေါင်းခွံမှာပါ ဘလော့တစ်ခုတွေ့တယ်ဆိုတဲ့အဖြေပါ။
တကယ်တမ်း ကီမို ပထမဆုံးအကြိမ် ပေးပြီးတဲ့အခါ အဲဒီ ပျံ့နေတယ်ဆိုတဲ့ ဦးခွံထဲက ဘလော့လေးက သေးလဲ မသေး၊ ကြီးလဲ ကြီးမလာတဲ့အတွက် အရင်က ဖြစ်ခဲ့ဖူးတဲ့ ဒဏ်လို့ပဲ သတ်မှတ်လိုက်ကြပြီး stage ကို လျှော့ချ ခဲ့ပါတယ်။
ကျမတို့လဲ ရောဂါအခြေအနေ မဆိုးဝါးသေးဘူးဆိုပြီး ၀မ်းသာခဲ့ကြတာပေါ့။

ပြီးခဲ့တဲ့အပတ် ၂၉.၇.၁၃ ရက်နေ့ကတော့ ကီမို အကြိမ် ၁၃ ကြိမ်မြောက် ပေးပြီး၊ RT အကြိမ် ၃၀ ပေးပြီးတဲ့အချိန် အတော်လေးကို ဖြူဖျော့နေတဲ့ ဖေဖေဟာ သိသိသာသာကို နှုတ်နဲနေပါတယ်။
ဒါကို ကျမတို့က သူ့ရဲ့ဆောင်းပါးတွေ ပြန်လည်ထုတ်ဝေဖို့အတွက် စာမူတွေ ရွေးနေရင်း ခေါင်းရှုပ်လို့ ပင်ပန်းလို့ စိတ်မကြည်ဖြစ်နေတယ်ပဲ ထင်ခဲ့တာပါ။

ဒါပေမယ့် ၃၀.၇.၁၃ မှာ တနင်္ဂနွေပိတ်ရက်လဲ ဖြစ်တော့ အိမ်မှာ တချိန်လုံးနီးပါး ရှိနေတဲ့အခါမှပဲ ဖေဖေ့ကြည့်ရတာ အားမရချင်စရာ ထိုင်ရာက ထလိုက်ရင် ယိုင်သွားတာ ညာခြေလေး ဆွဲနေတာ၊ မနက်စာစားတဲ့အခါ ခက်ရင်းနဲ့ ဇွန်းကို မြဲအောင် အတော်ကြိုးစားကိုင်နေရတာကို သိသိသာသာ မြင်ရတော့ စိတ်ထဲ တမျိုးဖြစ်မိပါတယ်။

ဒါကလည်း ကီမိုတွေ သွင်းတာ အကြိမ်ရေများတော့ ကျမတို့ အမြဲတမ်း ဆည်းပူးနေကျ online knowledge နဲ့ chemo brain ပဲ ဖြစ်မှာပါဆိုပြီး တွေးမိကြပါတယ်။

ဒါပေမယ့် ညနေလောက်မှာ ဖေဖေက စကားပြောတာ ၀ါကျကို ဆုံးအောင် မပြောနိုင်ပဲ ကျမကို ခေါ်ပြီး တခုခု ပြောဖို့ စဉ်းစားနေသလို စိုက်ကြည့်နေတဲ့ပုံစံကို ဘ၀င်မကျဖြစ်ပြီး ခေါင်းထဲကို အတွေးတစ်ခုရောက်လာပါတယ်။
ဒါလည်း ကီမိုရဲ့ ဘေးထွက်ဆိုးကျိုးပဲဖြစ်မှာပါလို့ ထင်ထားလိုက်ပါတယ်။

နောက်နေ့မနက် Monday ကျတော့ ဖေဖေက ဆေးခန်းကို ရက်ချိန်း ၂ရက်ကျန်နေ သေးပေမယ့် ပြန်ပြချင်ကြောင်း ပြောတာနဲ့ ဖေဖေ့ကို ကြပ်မတ်ပြီး ကုသပေးနေတဲ့ ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစိုးအောင်ကို ၀ိတိုရိယဆေးရုံမှာ ချက်ချင်းပဲ သွားပြဖြစ်ပါတယ်။

ဆရာကြီးက ဖေဖေ့ကို စစ်ဆေးပြီး CT Head ရိုက်ခိုင်းတော့တာပါပဲ။
ချက်ချင်း Result ထုတ်ပြီး ကြည့်ပေးတဲ့အခါ ဦးနှောက်အတွင်း ရောဂါ ပျံ့နှံ့မှု နှစ်နေရာ ရှိနေတာ တွေ့ရပါတယ်။
ဦးနှောက်ရဲ့ ညာဘက်အောက်ပိုင်းတစ်နေရာမှာနဲ့ ရှေ့ပိုင်း ဘယ်ခြမ်းတစ်နေရာမှာပါ။
မြန်နိုင်သမျှ အမြန်ဆုံး RT ပေးဖို့ စီစဉ်ကြပါတယ်။

ပင်လုံဆေးရုံကြီးမှာပဲ RT စက်ကြီးက ရှိတာမို့ သွေးအားနည်းနေတဲ့ ဖေဖေ့ကို သွေး၂အိတ် ၀ိတိုရိယမှာ သွင်း၊ ချက်ချင်း သွေးအဖြေထုတ် RBC 8.3 ဖြစ်လာတဲ့အခါ ပင်လုံဆေးရုံကြီးကို လွှဲပြီး RT ရိုက်စေပါတယ်။
ဆရာကြီး ဦးစိုးအောင်ရဲ့လက်ထောက် ဒေါက်တာ ဦးမင်းဒင်က သေချာ ဂရုတစိုက် RT လုပ်ပေးပါတယ်။
RT ကို ဒီနေ့ ၃.၇.၁၃ ကစပြီး ၁၀ ရက်တိတိ ပေးပါမယ်။

RT ပေးတဲ့အချိန် ပင်လုံဆေးရုံကြီးကို သွား၊ ပြီးတာနဲ့ ၀ိတိုရိယဆေးရုံကြီးကို ပြန်လာပြီး သွေး ၂အိတ် ထပ်သွင်းပါတယ်။
ကျမ အခု အိမ်ပြန်လာတဲ့အချိန်ထိ ဖေဖေ သွေး ၄အိတ် သွင်းပြီးပါပြီ။ ဒါပေမယ့် ဖေဖေ့ရဲ့ လက်ချောင်းလေးတွေဟာ ဖြူဆုတ်နေပါသေးတယ်။
ညာဘက်လက်ကလေးထဲမှာ စက္ကူစလေး ညှပ်ခိုင်းပြီး ကျမက တဖက်ကဆွဲ၊ ဖေဖေက တဖက်ကဆွဲစေတဲ့ လေ့ကျင့်ခန်းလေးကို သူနာပြုတွေက စေခိုင်းတဲ့အတိုင်း လုပ်ပေးခဲ့ပါတယ်။

ဖေဖေ ကျမကို တွေ့ရင် သူ လုပ်ချင်တာတွေ အမြဲမှာတတ်တော့ အသင့်ပါသွားတဲ့ note book နဲ့ ပြောသမျှ လိုက်ရေးရပါတယ်။

ဖေဖေက တလုံးချင်း တခုချင်းမှာပါတယ်။
ဖေဖေမှာတာတွေက အခု သူတွေ့ကြုံနေရတဲ့ ရောဂါ အခြေအနေကို သူ့ရဲ့ စာဖတ်ပရိသတ်နဲ့ FB friends များကို အသိပေးစေချင်တာပါ။
ဒီဆန္ဒကြောင့် အခု ကျမ ဒီစာကို ရေးနေရခြင်းဖြစ်ပါတယ်။

ဖေဖေ့ကို ဆရာဝန်တွေက လောလောဆယ်မှာ စာမဖတ်ရ၊ TV မကြည့်ရ၊ ကွန်ပျူတာ မသုံးရ၊ မတွေးရ၊ စာမရေးရ၊ ဦးနှောက်ကို အသုံးပြု အားပြုတာ ဘာမှ မလုပ်ပဲ ဦးနှောက်ကို အနားပေးရမယ်လို့ ပြောပါတယ်။
စာရေးဆရာဖြစ်တဲ့ ဖေဖေ၊ သူ့အလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ်လို့ အမြဲတွေးနေတတ်တဲ့ ဖေဖေ့အတွက်တော့ တော်တော်လေး လိုက်နာဖို့ ခက်ခဲပါ လိမ့်မယ်။

သူ့ကို ဆရာဝန်တွေ အဲဒီလို မှာထားလို့ အပတ်စဉ် ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးနေတဲ့ ပြောချင်လွန်းလို့ ကဏ္ဍကို လတ်တလောမှာ မရေးနိုင်သေးပဲ ခန အနားပေးရမှာ ဖြစ်တဲ့အကြောင်း သူ့စာဖတ်ပရိသတ်ကို အသိပေးခိုင်းပါတယ်။

ဖေဖေ့ရဲ့စာဖတ်ပရိသတ်ကြီးရေ...
ဖေဖေ့စာတွေ အမြန်ဆုံး ပြန်ဖတ်ရဖို့အတွက် ဖေဖေ့ကျန်းမာရေး အမြန်ပြန်လည်ထူထောင်လာစေဖို့ ဆုမွန်ကောင်းများတောင်းပေးမယ်ဆိုရင် ကျမတို့ တမိသားစုလုံးက အင်မတန်ကို ကျေးဇူးတင် ၀မ်းမြောက်နေမှာဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်ရှင်။

ဆရာမောင်ဝံသရဲ့ သမီးဖြစ်သူ ဒီကနေ့ ရေးသားထားတာကို သူ့ Facebook ကနေ ကူးယူဖော်ပြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved