ဒီမိုကရေစီ မရသေးတဲ့ မြန်မာပန်းချီ

Tuesday, July 9, 2013



 အနုပညာပြပွဲများ လွတ်လွတ်လပ်လပ် ပြသခွင့် ရပြီလား??

အနုပညာ ဖန်တီးတင်ပြမှုများ၊ ပြပွဲများပြုလုပ်မှုများ အတိုင်းအတာ တခုအထိ လွတ်လပ်လာပြီဟု ဆိုနိုင်သော်လည်း ယခုအချိန်အထိ ပန်းချီပြပွဲ ပြုလုပ်ခွင့်နှင့် ပြသခွင့် ရယူပြသနေရဆဲ ဖြစ်ကြောင်း ပြခန်း မန်နေဂျာ တဦးဖြစ်သူ ကိုအောင်မြင့်ထွန်းက ပြောသည်။


ရန်ကုန်မြို့
ဂယ်လာရီ ၆၅ ပန်းချီပြခန်းမှ မြင်ကွင်းတခု (ဓာတ်ပုံများ - SEAN HAVEY / THE IRRAWADDY)

စာပေနှင့်အခြား အနုပညာနယ်ပယ်တို့တွင် လွတ်လွတ်ဖန်တီးတင်ပြခွင့် အထိုက်အလျောက် ရရှိနေပြီ ဖြစ်သော်လည်း ပန်းချီနှင့် ဓာတ်ပုံ ပြပွဲများအတွက် ပြသခွင့် တင်နေရကြောင်း၊ ပြသခွင့် မတင်ဘဲ ပြသသည့် ပွဲအချို့ ရှိသော်လည်း သက်ဆိုင်ရာက လာရောက်ပြီး ပြသခွင့် တင်ရန် တွန်းအားပေးခြင်းများ ရှိကြောင်း သိရသည်။

ပန်းချီပြပွဲများအတွက် ပြပွဲပြသခွင့် တင်ပြရခြင်းကြောင့် အချိန်ကုန် ငွေကုန် အလုပ်ရှုပ်ဖြစ်ရသည်ဟု ဆိုသည်။

“ဒီလိုဗျာ၊ ပြပွဲအတွက် ခွင့်ပြုချက် တင်တဲ့အခါ ပန်းချီဆရာတွေရဲ့ ကိုယ်ရေးအချက်အလက်၊ ပြသမယ့် ကား စာရင်းတွေ တင်ပေးရ တယ်။ တကိုယ်တော် ပြပွဲလုပ်ရင် လွယ်ကူပေမယ့် ပန်းချီဆရာ အများကြီးပါတဲ့ အုပ်စုပြပွဲလုပ်တဲ့အခါ ဒေတာ တွေ ကောက်ယူရ၊ စာရင်းတွေ ပြုစုရနဲ့ မလွယ်ဘူး”
ဟု ကိုအောင်မြင့်ထွန်းက ပြောသည်။

ပြပွဲ ပြသခွင့်အတွက် ပြပွဲမတိုင်မီ ရက်သတ္တ ၁ ပတ်ကြိုတင်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေးကော်မတီသို့
တင်ပြကာ ခွင့်ပြုချက် ယူရကြောင်း၊ ယင်း ကော်မတီသည် ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်တွင် ပါဝင်ကြောင်း သိရသည်။


စနေနေ့က
ဂယ်လာရီ ၆၅ ပြခန်းသို့ရောက်လာသော ဧည့်သည်တချို့နှင့်အတူ တွေ့ရသည့် စာရေးဆရာ ကိုတာ

ယင်းသို့ အချက်အလက်များ ပြည့်စုံစွာဖြင့် ခွင့်ပြုချက် ရယူပြသသည့် အခါ ကြီးကြပ်အုပ်ချုပ်ရေး ကော်မတီက
 “ကျောဘက်တွင် ပါရှိသော စည်းကမ်းချက်များနှင်အညီ လိုက်နာ ဆောင်ရွက်ပါမည် ဟူသော ကတိဝန်ခံချက်များ အတိုင်း ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ ၂ အရ ခွင့်ပြုသည်” ဟု ဖော်ပြချက်ပါဝင်သည့် ခွင့်ပြုမိန့် လက်မှတ်ထုတ်ပေးသည်။

ယင်း စည်းကမ်းချက်များမှာ

၁။ ဤပြပွဲ ပြသခွင့်ပြုသည့် လက်မှတ်သည် သတ်မှတ်ထားသည့် ကာလအပိုင်းအခြား အတွင်းသာ အတည်ဖြစ်သည်၊

၂။ ဤပြပွဲ ပြသခွင့်ပြုသည့် လက်မှတ်ကို လွှဲပြောင်း အသုံးပြုခြင်း မပြုရ၊

၃။ ပြပွဲတွင် အသံချဲ့စက် အသုံးပြုမည် ဆိုပါက သက်ဆိုင်ရာ ရဲအာဏာပိုင်၏ ခွင့်ပြုချက်ကို အချိန်မီ ကြိုတင် ရယူရမည်၊

၎။ ဤပြပွဲ ပြသခွင့်လက်မှတ်ကို ၁၉၆၄ ခုနှစ် စာကြည့်တိုက် ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၉ အရ ကော်မတီက  ရုပ်သိမ်းနိုင်သည်။ … စသည်ဖြင့် တွေ့ရသည်။


ဂယ်လာရီ ၆၅ မှ ပန်းချီကားတခုကို စမတ်ဖုန်းများဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း

ယခင် ကာလများက ပြပွဲတွင် ပြသမည့် အနုပညာလက်ရာ များကို စိစစ်ရာတွင် နိုင်ငံရေးနှင့် ပတ်သက်မှု ရှိ/မရှိ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆီလျော်မှု ရှိ/မရှိ စသည်ဖြင့် စိစစ်ကြောင်း၊ ယခု ကာလတွင် ယခင်ကလောက် တင်းကြပ်မှု မရှိတော့ဘဲ ပြပွဲ အတော်များများကို ခွင့်ပြုကြောင်း သိရသည်။

သို့ရာတွင် ခွင့်ပြုမိန့် ရရှိရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေရဆဲ ဖြစ်၍ လွတ်လပ်သည်ဟု မဆိုနိုင်ကြောင်း၊ အနုပညာ ဖန်တီးမှု၊ ထုတ်လုပ်မှု၊ ပြသမှုတွင် အဟန့်အတားသဖွယ် ဖြစ်နေကြောင်း သုံးသပ် ပြောဆိုမှုများ ရှိနေသည်။ 

ဂယ်လာရီ ၆၅ ရောက် အမျိုးသမီးငယ်တဦး
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved