ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် အမြတ်ထုတ်နေသူတွေကို အားလုံး ဆန့်ကျင်ပါ

Sunday, July 14, 2013

သမ္မတ ဦးသိန်းစိန်က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့နဲ့ ယမန်နေ့ နေ့လယ်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး မှာ တွေ့ဆုံခဲ့ကြပြီး ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချပြီး အမြတ်ထုတ် လုပ်ဆောင်နေသူများကို အားလုံးက ဝိုင်းဝန်း ဆန့်ကျင်ဖို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။ 

 သမ္မတ ဦးသိန်းစိန်နဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ-ပြန်ကြားရေး ၀က်ဆိုက်

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းတို့ ပါဝင်သလို ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများနှင့် မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဌ ဦးဌေးဦး၊ ဘာသာပေါင်းစုံ ညီညွှတ်ရေး အဖွဲ့မှ နာယက၊ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

သမ္မတ ဦးသိန်းစိန်က State Building, Nation Building နဲ့ Peace Building တွေကို အပြီး တည်ဆောက်
နေ ချိန်ဖြစ်သလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လူမျိုးမရွေး၊ ဘာသာမ
ရွေး နိုင်ငံသားအားလုံးလက်ခံ ကျင့်သုံးတဲ့ New National Identity ကို တည်ဆောက်ဖို့ ကြိုးပမ်းနေချိန် လည်းဖြစ်တယ်လို့ ဆွေးနွေးပြောဆိုသွားတယ်လို့ ဆိုပါတယ်။ 

တချို့ ဘာသာရေး ပဋိပက္ခနဲ့ နားလည်မှုလွဲတာတွေဟာ ကိုလိုနီခေတ်ကတည်းက စတင်ခဲ့တာဖြစ်ပေမယ့် လူမျိုး၊ ဓလေ့ စရိုက်မတူတဲ့ ပြည်သူတွေဟာ နားလည်သည်းခံမှုတွေနဲ့ သဟဇာတဖြစ်အောင် သမိုင်းနဲ့ချီ နေလာခဲ့တာဖြစ်တယ်လို့လည်း ဦးသိန်းစိန်က ဆွေးနွေးပါတယ်။ 

ပဋိပက္ခဖြစ်ပွားမှုတွေရဲ့ အခြေခံ အကြောင်းအရင်းတွေထဲမှာ ပညာရေး နိမ့်ပါးမှု ၊ စီးပွားရေး အဆင် မပြေမှု
တွေ ပါဝင်ပြီး အဲဒါတွေ ဖြေရှင်းဖို့ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြောင်း၊ မြန်မာနိုင်ငံ မှာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို အကာအကွယ်ပေးရမယ်ဖြစ် တယ် လို့လည်း ဦးသိန်းစိန်က ပြောပါတယ်။ 

 “မိမိအနေဖြင့် နိုင်ငံသားအားလုံး မတူညီသည့် ကိုးကိုယ်ယုံကြည်မှုကို အချင်းချင်းနားလည် စာနာကြင်နာ ကြရန်နှင့် ဘာသာရေး အစွန်းရောက်သည့် ရန်လိုမုန်းတီးမှု များကို ဆန့်ကျင်တိုက်ဖျက်သွားကြရန် ဘာသားရေး အစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကိုပိုကြီးထွားအောင်၊ မတည်မငြိမ်ဖြစ်အောင် ကိုယ် ကျိုး စီးပွားနှင့် ယှဉ်ပြီးအမြတ်ထုတ်လုပ်ဆောင်နေ သူများ ကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် တရား ဥပဒေ အရလည်း ထိရောက်စွာ အရေးယူသွားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း” လို့ ဦးသိန်းစိန် က ပြော ဆိုတာကို ပြန်ကြားရေး ၀က်ဆိုက်က ကိုးကားဖော်ပြထားပါတယ်။ 


“ယင်း ပြဿနာများသည် မိမိတို့ပြည်တွင်းတွင်သာပြီးမသွားဘဲ ယနေ့ ဒေသတွင်း ပြဿနာဖြစ်
အောင်၊ နိုင်ငံတကာ ပြဿနာ ဖြစ်အောင် ပုံဖော်ကြိုးပမ်းနေကြသည့်အတွက် ကုလသမဂ္ဂအဖွဲ့အစည်း သည်ပင် လျှင် မိမိတို့အပေါ် ပြစ်တင် ဝေဖန်မှုများ ရှိလာနေပြီဖြစ်ပါကြောင်း၊ လူတစ်စု၏ မဆင်မခြင် လုပ်ရပ်များကြောင့် မိမိတို့တိုင်းပြည်အတွင်း နေထိုင်ကြသ ည့် ပြည်သူအားလုံးအပေါ်ကျရောက်လာနိုင် သည့် ဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေးပြီး အလားတူ ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေ ရန်၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရန်နှင့် ပြည်သူများအပေါ် ဘေးအန္တရာယ် မကျရောက် စေရန် အတွက် ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ဘာသာပေါင်းစုံအဖွဲ့ကြီး အနေဖြင့် တက်တက် ကြွကြွ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံ အပ်ပါကြောင်း” လည်း ဦးသိန်းစိန် က ပြောပါတယ်။ 

“ယနေ့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသိအမှတ်ပြုထားသည့် ဘာသာကြီး လေးဘာသာ အနက် မည်သည့် ဘာသာမဆိုအနှစ်သာရအားဖြင့် လူသားများကို လိမ္မာအောင်၊ ယဉ်ကျေးအောင်၊ သည်းခံခွင့် လွှတ်တက် အောင်၊ မေတ္တာ တရား ထားတတ်အောင်နှင့် အမှန်အမှား ဝေဖန်ပိုင်းခြား တတ်အောင် လေ့ကျင့် သင်ကြား ပေးခြင်းဖြစ်သည့်အတွက် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေဖြင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို နားလည် လက်ခံကြရမည်ဖြစ်ပါကြောင်း” လည်း ဦးသိန်းစိန် က ပြောပါတယ်။ 

သမ္မတ ဦးသိန်းစိန်ဟာ ဒီမနက်ပိုင်းမှာတော့ ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်ကနေ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေဆီ ကို တရားဝင် ခရီးစဉ်အဖြစ် စတင်ထွက်ခွာမှာလည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာက ဘင်္ဂလီလူမျိုးကြောင့် စဖြစ်ခဲ့တဲ့ပြသနာပါ ဘာသာရေးကြောင့် စဖြစ်ခဲ့တာ မဟုတ်ပါဘူး အဲဒီဘင်္ဂလီတွေက နယ်မြေလုချင်လို့ ဘာသာရေးကို ခုတုံးလုပ်နေကြတာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved