အထင်ကရတွေရဲ့ ငြိမ်းချမ်းရေးအထူးပြုပွဲတော်ကြီး

Monday, July 15, 2013


မြန်မာပြည် ငြိမ်းချမ်းရေးပွဲတော်ကြီးကို လာမယ့်   ဇူလိုင် ၂၇၊ ၂၈ (စနေ တနင်္ဂနွေ) နှစ်ရက်ခွဲပြီး ရန်ကုန်မြို့မှာ ကျင်းပတော့မှာပါ။

သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ပြုလုပ်မယ့် ဒီပွဲက မြန်မာပြည်ရဲ့ မငြိမ်းချမ်းသေးတဲ့ဒေသတွေ ငြိမ်းချမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။

ဒီပွဲတော်ကြီးရဲ့ အမည်နာမက အနုပညာရှင်တွေရဲ့  နှိုးဆော်ကြွေးကြော်သံတခုပါပဲ။

 ပထမနေ့
- ဒါရိုက်တာ ကျော်ဇောလင်းစီစဉ်တဲ့ “မြေဇာပင်ပြဇာတ်”
 မင်းမော်ကွန်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် 

- ဦးနန်းဝင်း စီစဉ်တဲ့ “ငြိမ်းချမ်းရေးရောဟိဏီဇာတ်ထုပ်”
နန်းဝင်း၊ သိန်းဇော်၊ ချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်း၊ လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်၊ နန်းခင်မွှေး

- မိုးဝင်း၊ မိုးမင်း၊ ဟန်ဇာမိုးဝင်းတို့ရဲ့ “ငြိမ်းချမ်းရေးလိုတယ်” အော်ပရာပြဇာတ် 

- ဖိုးချစ်ရဲ့ ငြိမ်းချမ်းရေးနှစ်ပါးသွား
- စောဖိုးခွားနဲ့ တိုင်းရင်းသားများရဲ့ “ချစ်ကြပါ" တေးသီချင်းစုဖျော်ဖြေမှု
-  ဇော်ပိုင်၊ မီးမီးခဲ၊ ချမ်းချမ်း၊ ဒယ်နီရယ်စော၊  နီနီခင်ဇော်၊ အယ်လ်လွန်းဝါ၊  လင်းလင်း၊ ချစ်သုဝေ၊ ကျားပေါက်၊ project-one, Cyclone, Fire cracker တို့ရဲ့ သီချင်းများ၊ ငြိမ်းချမ်းရေးတေးသီချင်းအသစ်များ 

ဒီလို လူငယ် လူလတ်တန်းစားအဆိုတော်တွေရဲ့ တေးသီချင်း အစီအစဉ်တွေသာမက လူကြီးပိုင်းတွေ ဖြစ်တဲ့ မြန်မာ သံအဆိုတော်ကြီးများဖြစ်ကြတဲ့ ဒေါ်မာမာအေး၊ ဦးမောင်မောင်ကြီး၊ ဦးမင်းနောင်၊ ဦးခင်မောင်လွင်တို့ရဲ့ ငြိမ်းချမ်းရေးအဖွင့်တေးသီချင်း အစီအစဉ်တွေလည်း ပါဝင်ပါသေးတယ်။

တေးရေး နိုင်မြန်မာရေးစပ်ပြီး အဆိုတော် ရန်ပိုင်စိုး၊ ဖိုးသင်္ကြန်၊ ကျော်ကျော်ဟန်၊ ထက်မြက်တင့်တယ်၊ စိမ်းလဲ့လဲ့၊ သူဇာအောင်တို့ သီဆိုပြီး   မင်သမီး ၀င်းသပြေထွန်း ကပြမယ့် “စစ်မီးငြိမ်း စည်တော်သံ” ဆိုတဲ့ ပဏာမ တေးအစီအစဉ် ကိုလဲ နားဆင်ရမှာဖြစ်တယ်လို့ ဒီ မြန်မာပြည် ငြိမ်းချမ်းရေးပွဲတော်ကြီးကို စီစဉ်သူဖြစ်တဲ့ လူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာက သူ့ရဲ့ လူမှုကွန် ရက်တခု ဖြစ်တဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ကြော်ငြာထားတာကိုလည်း တွေ့ရပါတယ်။

ဒီလို ဇူလိုင်၂၇ ရက်နေ့မှာ ရုပ်ရှင်၊ သဘင် ၊ ဂီတ အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲပြီးသွားတဲ့နောက်မှာတော့ ....

ဒုတိယနေ့

ဒုတိယနေ့ကတော့ ယခင့် ယခင်က ငြိမ်းချမ်းရေးအတွက် ရံပုံငွေဖျော်ဖြေပွဲတွေမှာ ၀င်ရောက်ဖျော်ဖြေခြင်း မတွေ့ရလို့ ပရိသတ်အများအပြားရဲ့ တိုးတိုးတိတ်တိတ် အပြစ်တင် ဝေဖန်တာ ခံနေရတဲ့  Iron Cross တေးဂီတ အဖွဲ့ရဲ့ ဖျော်ဖြေမှုလို့ သိရပါတယ်။

IC အဖွဲ့ရဲ့ အားပါးတရဖျော်ဖြေမှုကို ရှုစားရင်း “မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြပါစို့” လို့လည်း ဇာဂနာက သူရဲ့ ဖေ့ဘုတ် စာမျက်နှာထက်ကနေ တိုက်တွန်းထားပါသေးတယ်။

“အနုပညာရှင်တွေရဲ့ အလုပ်က သူတို့ နိုင်သလောက် တာဝန်ထဲကမှ ဒါကို တောင်းဆိုပေးတာ၊ အသံထွက် ပေးတာပါ။
အနုပညာသည် ဆိုတာကတော့ တာဝန်တခုအရ ဟိုဘက်ခေတ်တွေတုန်းက အစိုးရ ခိုင်းတဲ့ဟာတွေချည်းပဲ သူတို့လုပ်တဲ့ သဘော ရှိတာကိုး။
အခုဟာက ခိုင်းလို့ လုပ်တာ မဟုတ်ဘဲနဲ့ ကိုယ့်စိတ်သဘောထဲကကို ဒါဟာ အသံထွက်ပေးဖို့လိုပြီ၊ တိုင်းပြည်မှာ ငြိမ်းချမ်းရေး အတွက်ကို အနုပညာရှင်တွေကိုယ်တိုင်က မဟုတ်တာတွေ လျှောက်ပြီး လုပ်နေကြမယ့်အစား၊ တတိုင်းပြည်လုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ့်ဟာကို အနုပညာရှင်မှန်ရင် ထိပ်ဆုံးကနေ၊ ရှေ့ဆုံးကနေ တောင်းဆိုသင့်ပြီလို့ အနုပညာရှင်တွေ အားလုံးကလည်း ယုံကြည်သွားပြီ၊ လုပ်မယ်ဆိုတဲ့ ဆန္ဒလည်း သူတို့ဆီမှာရှိသွားပြီ၊ အဲဒီအတွက်ကြောင့် ဒီဟာကတော့ အတိုင်းအတာ တခုအနေနဲ့ နှိုးဆော်တဲ့ အသံဖြစ်သွားမှာပါ” လို့ ဇာဂနာက ဧရာဝတီကို ပြောပါတယ်။

ကဲ .. အရင်ကလို ခိုင်းတာမလုပ်တော့ဘူးဆိုတဲ့ အနုပညာရှင်တွေရဲ့ ငြိမ်းချမ်းရေးပွဲတော် ဖျော်ဖြေပွဲကြီးကို လာမယ့် ဇူလိုင် ၂၇ နဲ့ ၂၈ တွေမှာ အားပေးလိုက်ကြပါဦးနော်..။
မစပ်စု ~


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved