ပုဒ်မ ၁၀ (က)၊ ၅ ( ည) စတဲ့ ဥပဒေတွေ ပယ်ဖျက်မှာ မဟုတ်ဘူးတဲ့

Wednesday, July 10, 2013

အရေးပေါ် စီမံမှု ဥပဒေများ ( ဥပမာ ပုဒ်မ ၁၀ -က ၊ ပုဒ်မ ၅ -ည တွေ ဆက်ရှိနေအုံးမှာဖြစ် 
ပြီး ပြစ်ဒဏ်တွေကို လည်း လျှော့ပေါ့ရန် မရှိဘူးလို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောလိုက်ပါတယ်။ 

အဆိုပါ ဥပဒေတွေဟာ ယခင်စစ်အစိုးရလက်ထက်တုန်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အပစ်ပေး အရေးယူ ထောင်ချတာ၊ နေအိမ်အကျယ်ချုပ်ချတာတွေ လုပ်ခဲ့တဲ့ ဥပဒေ ပုဒ်မတွေပဲဖြစ်ပါတယ်။ 



မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အရေးပေါ်စီမံမှုဥပဒေ အမိန့် ကြော်ငြာစာတွေအနက် ပြစ်ဒဏ်များကို တိုးမြှင့်ထားသော ဥပဒေများ။ ဥပမာအားဖြင့် ၁၀ (က)၊ (ခ) ပုဒ်မ ၅ ပုဒ်မခွဲ(ည) အစရှိသော ဥပဒေများကို ပြန်လည်လျော့ပေါ့ ရန် အစီစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ပြင် အရေးပေါ်စီမံမှုဥပဒေပါ ပုဒ်မများကို ရပ်ကွက်ထဲ အလစ်သုတ်
ခြင်း၊ ရန်ဖြစ်ခြင်း၊ ခါးပိုက်နှိုက်ဖမ်းဆီးခြင်း၊ စီးပွားရေးဝိသမ သောင်းကျန်းမှု ကိစ္စများတွင် သုံးစွဲနေသည့် ကိစ္စများရပ်ကို ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်းမေးမြန်းစဉ် ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက အဆိုပါ ပုဒ်မတွေ ဆက်ရှိနေမှာဖြစ်ပြီး ပြစ်ဒဏ်တွေကိုလည်း လျှော့ပေါ့သွားဖို့ အစီအစဉ်မရှိဘူးလို့ ဖြေကြားခဲ့တယ်။


"ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး နဝမနေ့တွင် ဦးကြည်မြင့်(လသာမဲဆန္ဒနယ်)က အရေးပေါ်စီမံမှုဥပဒေတွင် အမိန့်ကြော်ငြာစာများအနက် ပုဒ်မ ၁၀ ပုဒ်မခွဲ (က) (ခ)၊ ပုဒ်မ ၅ ပုဒ်မခွဲ (ည) ကဲ့သို့သော ပုဒ်မများတွင် ပြစ်ဒဏ်များတိုးမြှင့်ထားခြင်းနှင့် ရန်ဖြစ်၊ အလစ်သုတ်၊ ခါးပိုက်နှိုက်၊ ဝိသမ လောဘစီးပွားရေးသမားများကိုနှိမ်နှင်းမှုများ၌ ၎င်းဥပဒေ ကို သုံးနေခြင်းများကို ဖယ်ရှားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ၁၉၇၅ခုနှစ် နိုင်ငံတော် အား နှောင့်ယှက်ဖျက်စီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေသည် ၂၀၀၈ အခြေခံဥပဒေနှင့် ညီညွတ်နေဆဲဖြစ်သည့်အတွက် ပြစ်ဒဏ်များ ကို ပြန်လည်လျော့ပေါ့
ပေး ရန် အစီအစဉ် မရှိပါကြောင်း၊ အလစ် သုတ်၊ ဆူညံ၊ ရန်ဖြစ်၊ ခါးပိုက်နှိုက်မှုများ နှင့် ဝိသမလောဘ သမားများကို ၎င်း၁၉၇၀ ဥပဒေနှင့် ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေတို့ဖြင့် အရေးမယူပဲ ပြစ်မှု ဆိုင်ရာ ဥပဒေနှင့် အထူးဥပဒေ ပြဋ္ဌာန်းချက်များနှင့်သာအရေး ယူ ပြီး နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူများ၏ လူမှုဘဝလုံခြုံရေးကို အကာအကွယ်ပေးထားသော ဥပဒေများဖြစ် ပြီး ထိရောက်သော ပြစ်ဒဏ်များကို 
ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် ထပ်မံတိုးမြှင့်ရန်နှင့် လျော့ပေါ့ရန်အစီအစဉ် မရှိ ပါ ကြောင်းဖြင့် ပြန် လည်ဖြေ ကြား ခဲ့ပါသည်။" လို့ ပြည်သူ့လွှတ်တော်ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။




အပြည့်အစုံကို ပြည်သူ့လွှတ်တော် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာကို ပြန်လည်ဖော်ပြပေးလိုက် ပါတယ်။


၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၃)ဖြင့် ပြဋ္ဌာန်းထားသော နိုင်ငံတော် အား နှောင့်ယှက် ဖျက်ဆီးလိုသူ များ၏  ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် ပုဒ်မ ၁၀ သည် ဗဟိုအဖွဲ့က နိုင်ငံတော် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးမည့်အန္တရာယ်မှ ကြိုတင်ကာကွယ်ရေး အတွက် ကန့်သတ်မိန့်ချမှတ်ရန် လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်ပါရာ အဆိုပါဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ(က) အရ အရေးယူခြင်းခံရသူကို တစ်ကြိမ်လျှင် ရက်ပေါင်း ၆၀ ထက်မပိုစေဘဲ စုစုပေါင်း ရက်ပေါင်း ၁၈၀ အထိ ဖမ်းဆီး ချုပ်နှောင်ထားနိုင်ပြီ ပုဒ်မ ၁၀ ပုဒ်မခွဲ(ခ)မှာ အရေးယူခြင်းခံရသူအား တစ်နှစ်အထိ တားဆီးမှုပြု လုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း။

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်‌ရှောက်သည့် ဥပဒေကို ၁၉၉၁ ခုနှစ် မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၁၁/၉၁ ဖြင့် တစ်ကြိမ် သာ ပြင်ဆင်ခဲ့ရာ ပုဒ်မ ၁၀ ပုဒ်မခွဲ(က)နဲ့ (ခ)ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်မပြုခဲ့ဘဲ ပုဒ်မ ၁၄ မှာ ပြဋ္ဌာန်းထားသော ဆက်လက်ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှုပြုလုပ်ရန်ဖြစ်စေ ကြိုတင် ခွင့်ပြုချက်ပေးရာမှာ တစ်ကြိမ်လျှင် ရက်ပေါင်း ၁၈၀ ထက် မပိုစေဘဲ စုစုပေါင်း ၃ နှစ်အထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းချက်ကို တစ်ကြိမ်လျှင် တစ်နှစ်ထက်မပိုစေဘဲ စုစုပေါင်း ၅ နှစ်အထိ ခွင့်ပြုနိုင်ကြောင်း အစားထိုးပြင်ဆင်ခဲ့ခြင်းကို တွေ့ရှိရပါကြောင်း၊ 

ထို့ကြောင့် ယင်းဥပဒေအရ ဆက်လက် ဖမ်းဆီးချုပ်နှောင်ရန်ဆိုသည့် ဆက်လက် တားဆီးမှုပြုလုပ်ရန် ကာလနှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းမရှိဘဲ တည်ဆဲဥပဒေတစ်ရပ် ကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းပြီး ပြင်ဆင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

 နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါပြဋ္ဌာန်းချက်များမှာ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေအခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ပုဒ်မ ၄၁၀၊ ၄၁၂၊ ၄၁၄ တို့နဲ့ ဆန့်ကျင်ခြင်းမရှိဘဲ ညီညွတ်နေဆဲဖြစ်သည့်အတွက် ပြစ်ဒဏ်များကို ပြန်လည်လျော့ပေါ့ရန် အစီအစဉ် မရှိပါကြောင်း။

အရေးပေါ်စီမံမှုအက်ဥပဒေကို ၁၉၅၀ ပြည့်နှစ် အက်ဥပဒေအမှတ် ၁၇ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး၊ အဆိုပါ ဥပဒေက ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားရေးနှင့် ငြိမ်းချမ်း သာယာရေး အမြန်ရစေရန်နှင့် ‌မြေအောက်လှုပ်ရှားမှုများပြုလုပ်၍ ဖျက်ဆီးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း တို့ကို ကာကွယ်ရန် အတွက်လည်းကောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်လည်း
ကောင်း၊ နိုင်ငံတော်၏ ဘောဂဗလ၌သော်လည်းကောင်း၊ အစိုးရချေးယူငွေ၌သော်လည်းကောင်း၊ အစိုးရရဲ့ အာမခံ၌သော်လည်းကောင်း၊ တရားဝင်ငွေစက္ကူ၌သော်လည်းကောင်း၊ ပြည်သူကို အယုံအကြည် ပျက် ပြားစေရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက်လည်း
ကောင်း၊ အစိုးရအပေါ် အကြည်အညိုပျက်စေရန် ပြောဆိုခြင်း၊ ပြုမူခြင်း၊ မေတ္တာပျက်စေရန်နဲ့ တာဝန်တ္တရားဆောင်ရွက်မှုကို ယုတ်လျော့စေရန် ကြံရွယ်လုပ်ဆောင်မှုများကို ထိရောက် ဟန့်တား 
ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပါကြောင်း၊အဆိုပါဥပဒေအရ ဆောင် ရွက် ရသော မှုခင်းများဟာ နိုင်ငံတော်အတွက် အရေးကြီးသော မှုခင်းများဖြစ်သည့်အတွက် တရားစွဲ ဆိုနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောတူညီချက် ရယူပြီးမှသာ ဆောင်ရွက်ရသော အမှုများဖြစ် ပါကြောင်း၊ ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ည)တွင် “ပြည်ထောင်စု၏ လုံခြုံရေး ကိုသော် လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို သော်လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစ်စု၏ ကိုယ်ကျင့်‌တရား ကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လွဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်း သို့ဖြစ်စေရန် အကြောင်းရှိသော အပြုအမူကို ပြုလျှင် ခုနစ်နှစ်အထိ ထောင်ဒဏ် စီရင်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း စီရင်ခြင်းခံရမည်” ဟု ပြဋ္ဌာန်းထားရှိရာ မည်သည့်နိုင်ငံတွင် မဆို နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက် လာသော ခေတ်စနစ်နှင့်အညီဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတော် အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေတို့မှာ နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူများ၏ လူမှုဘဝ လုံခြုံရေးကို အကာအကွယ်ပေးထားသော ဥပဒေများဖြစ်ရာ ယင်းဥပဒေများမှာ ထိရောက် သန့်ထားနိုင်လောက်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် ထပ်မံတိုးမြှင့်ရန် မရှိ သကဲ့သို့ ထပ်မံလျှော့ပေါ့ရန် အစီအစဉ်များလည်း မရှိပါကြောင်း။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်သည့် အလစ်သုတ်၊ ဆူညံ၊ ရန်ဖြစ်၊ ခါးပိုက်နှိုက်မှုများ နဲ့ ဇူဇကာ စတဲ့ ဝိသမလောဘသားများကို ပြစ်မှုဆိုင်ရာဥပဒေနှင့် အထူး ဥပဒေ ပြဋ္ဌာန်း ချက်များမှာပါရှိသော သက်ဆိုင်ရာပုဒ်မများဖြင့်သာ အရေးယူပြီး ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ည) ဖြင့်လည်းကောင်း၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလို သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ(က) နဲ့ ပုဒ်မခွဲ(ခ)ဖြင့် လည်း ကောင်း အရေးယူခဲ့ခြင်းများ မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဖြေကြားသည့် ဌာန 
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
မေးမြန်းသူ 
ဦးကြည်မြင့် (လသာ)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved