ဟိုပင်မြို့ရဲစခန်းရဲ့ လက်သံပြောင်ချက်

Monday, July 22, 2013


ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ခိုက်ရန် ဖြစ်ပွားခဲ့သည့် လူငယ် တစ်ဦးကို ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးခဲ့သဖြင့် ထိုလူငယ်မှာ ဒဏ်ရာအကြီးအကျယ် ရပြီး ကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။



ဟိုပင်နှင့် များစွာ ဝေးကွာခြင်း မရှိသည့်  မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

မောင်ဆန်းမိုး အသက် ( ၁၉ ) နှစ် သည် ဇူလိုင်က ၁၀ ရက်နေ့ ညပိုင်းက ခိုက်ရန်ဖြစ်ပွားမှုဖြင့် ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းတွင်  မိဘများက ငွေကျပ် တစ်သိန်းဖြင့် ရွေးထုတ်ယူခဲ့ရကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးက ဆိုသည်။

 ရွေးထုတ်ယူခဲ့ရချိန်တွင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် လမ်းမလျှောက်နိုင်တော့ဘဲ မိုးညှင်းမြို့ ပြည်သူ့  ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း သူက ဆက်ပြောသည်။

“ဆေးစာမှာ ဆိုင်ကယ်အက်စီးဒင့် ဖြစ်တယ်ဆိုပြီးတော့ ရေးထားတယ်။ ရဲစခန်းကို ပေးခဲ့ရတဲ့ ငွေတစ်သိန်းကိုလည်း လာပြန်ပေးသွားတယ်။ မောင်ဆန်းမိုး အခြေအနေကတော့ ဘယ်လို ပြောရမှန်းကို မသိသေးဘူး” ဟု မောင်ဆန်းမိုး၏ မိသားစုဝင် တစ်ဦးက ဧရာဝတီကို ပြောသည်။

ထိုနေ့ညက ခိုက်ရန်ဖြစ်ပွားမှုဖြင့် လူငယ် ၆ ဦးကို ဖမ်းဆီးခဲ့ပြီး မောင်ဆန်းမိုးကို သီးသန့်ချုပ်ထားခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူ လူငယ် တစ်ဦးက ပြောသည်။ ထိန်းသိမ်းခံရစဉ် ငွေပေးရသော်လည်း မောင်ဆန်းမိုးပေးခဲ့ရသည့် ငွေပမာဏထက် နည်းသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ငါးယောက်ကို တစ်ခန်းထဲမှာ ထားတယ်။ မောင်ဆန်းမိုးကို သက်သက် ထားပြီး တညလုံး တနေ့လုံး ရိုက်နေတာ။ ဖမ်းလို့ မမိလိုက်တဲ့ ဖိုးဖြူဆိုတဲ့ သူ ဘယ်မှာ ရှိလဲဆိုတာ မေးမေးပြီး ရိုက်နေတာ။
ညနေပိုင်း အိမ်တွေက ပိုက်ဆံနဲ့ လာရွေးမှ ကျွန်တော်တို့ကို လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့ ၅ ယောက် တစ်ယောက်ကို လေးသောင်း စီနဲ့ ပေးလိုက်ရတယ်” ဟု မောင်ဆန်းမိုးနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် လှိုင်မင်းထက်က ဧရာဝတီကို ပြောသည်။

ရိုက်နှက်ခံရသူ မောင်ဆန်းမိုးမှာ ခါးရိုးတစ်ချောင်း ကျိုးပြီး၊ အတွင်းအင်္ဂါများ ထိခိုက်မှုရှိနိုင်ကြောင်း မိုးညှင်းဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

“အခုတော့ မောင်ဆန်းမိုးရဲ့ မိဘတွေကိုရော ရဲစခန်းကိုရော ပြည်နယ်က ဆင်းပြီး လာစစ်တယ်လို့ ကြားတယ်။
ဟုတ်မဟုတ်တော့ မသိဘူး။ ရဲစခန်းကလည်း အမှု မလုပ်ဖူးလို့ ပြောပြန်တယ်။ ကလေးကတော့ အခြေအနေ မကောင်းသေးဘူး” ဟု မောင်ဆန်းမိုး၏ မိသားစုဝင် တစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဟိုပင်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved