၈၈ မျိုးဆက်၊ ဧရာဝတီမြစ်ဆုံ၊ တရုတ် CPI ကုမ္ပဏီ

Monday, July 22, 2013

တရုပ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ China Power Investment – CPI က ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က ဦးကိုကိုကြီးနဲ့ ဦးမြအေးတို့ကို ယမန်နေ့က ဖိတ်ခေါ်ပြီး ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ပြန်စချင် လို့ ဆွေးနွေးမှု တခုလုပ်ခဲ့ပါတယ်။

မြရိပ်ညို ဆွေးနွေးပွဲမြင်ကွင်းတချို့၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

CPI ရဲ့ ဖိတ်ကြားချက်နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ ဦးမြအေးတို့ဟာ ရန်ကုန်မြို့၊ မြရိပ်ညို ဟိုတယ် ကို မနေ့က မနက် ၁၀ နာရီက သွားခဲ့ကြပြီး CPI YN ဥက္ကဋ္ဌဖြစ်တဲ့ Mr. Li Guanghua ဦးဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေး ခဲ့ကြတာပါ။ 

အဲဒီဆွေးနွေးပွဲမှာ Mr. Li Guanghua က ပထမဆုံး ရေအားလျှပ်စစ်နဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းတွေရဲ့ အခြေအနေ တွေကို ရှင်းပြခဲ့ပါတယ်။ ဆိုလိုတာက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ချင် လို့ မြန်မာနိုင်ငံက နိုင်ငံရေး အင်အားစုတွေ ကို ချည်းကပ်လုပ်ဆောင်လာမှုတွေထဲက တခုလို့ ပြောရမှာပါ။ 

အဲဒီမှာ ဦးကိုကိုကြီးက ပြန်လည်ဆွေးနွေးချက်ကို ၈၈ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုဖော်ပြထားတယ်။ 

ဦးကိုကိုကြီးက'' ပြည်သူများ၏ ဧရာဝတီ မြစ်အပေါ်ထားရှိသော စိတ်ခံစားမှုနှင့် မြန်မာ- တရုတ် နှစ် နိုင်ငံ ဆက်ဆံရေးအပေါ် အဓိက အလေးထားသင့်သည်'' လို့ ဆွေးနွေးခဲ့တာကို ကြည့်ခြင်းအားဖြင့် ၈၈ ကို တရုတ်ဘက်က မြစ်ဆုံပြန်စတင်ဖို့ ချည်း ကပ်ပြောဆိုတယ်ဆိုတာ ထင်ရှားပါတယ်။ 

နောက် ဦးမြအေးက “၈၈ မျိုးဆက်များနဲ့ ပြည်သူများဟာ အနောက်ယိမ်း၊ အရှေ့ယိမ်းရယ်လို့ မရှိဘဲ ရိုးရာယဉ်ကျေးမှုအရ အရှေ့ ခုနှစ်အိမ် အနောက် ခုနှစ်အိမ် ရင်းရင်းနှီးနှီးဆက်ဆံတဲ့ ဓလေ့ရှိတာကြောင့် တရုတ်ကုမ္မဏီတွေနဲ့လည်း အရှည် သဖြင့် သုံးဦး သုံးဖလှယ်(ကုမ္မဏီ၊ ဒေသခံ၊ အစိုးရ) ပြေလည်ရေးဟာ အရေးကြီးပါတယ်" လို့ ဆွေးနွေးချက်ဟာ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ပြန်စတင်ဖို့ တရုတ်ဘက်က ချည်းကပ်မှုကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ 

မကြာသေးခင်က ၈၈ မျိုးဆက်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာလည်း အလားတူ ချည်းကပ်ပြောဆိုမှုတွေ ရှိခဲ့ဖူးပါ တယ်။ 

ဒါပေမယ့် ၈၈ မျိုးဆက်ဟာ တလျှောက်လုံး ဧရာဝတီမြစ်ဆုံ စီမံကိန်း ကိစ္စမှာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပြီး နိုင်ငံ့ အသက်သွေးကြော ဧရာဝတီအတွက် အစဉ်တစိုက်ကာကွယ်ပြောဆိုလာတာပါ။ 

တရုတ်ကုမ္ပဏီရဲ့ အုပ်ချုပ်ရေး ဌာနဘက်က Ms.Li Xiaoping က ရာသီဥတု ပြောင်းလဲ အကျိုးသက်
ရောက်မှုတွေကို ဆက် ပြီး ဆွေးနွေးလိုက်သေးသလို ဆည်၊ တမံ ပညာရှင်ဆိုသူ Mr.Xu Zeping ကလည်း ခိုင်ခံတဲ့ ဆည်တည်ဆောက်မှုတွေ အကြောင်းကို ညနေပိုင်းထိ ဆက်ပြီးဆွေးနွေးသွားခဲ့တယ်လို့ သိရပါတယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved