မြန်မာစစ်သားရဲဘော်များနှင့် အာလင်တန်

Saturday, August 24, 2013




~


            အမေရိကန်နိုင်ငံသို့ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံ အာလင်တန် အမျိုးသား သင်္ချိုင်းသို့ ရောက်ခဲ့စဉ်က အဲဒီ့စစ်သင်္ချိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးကို ရေးချင်စိတ် အတော်ပြင်းပြခဲ့ပါတယ်။
ဒါပေမယ့် ရေးဖြစ်တဲ့ဆီကို မရောက်ခဲ့ပါဘူး။


ရေးမယ်လို့ စဉ်းစားတုန်းကလည်း ကိုယ့်နိုင်ငံကိုယ့်တိုင်းပြည်နဲ့ ကွာဝေးလွန်းလှတဲ့ ဒီမိုကရေစီစနစ်ကို အစွမ်းကုန်ကျင့်သုံးတဲ့ အမေရိကန်နိုင်ငံကရော၊ အမေရိကန်ပြည်သူပြည်သားများကရော သူတို့တိုင်းပြည်က စစ်သည်တွေ အပေါ်ထားတဲ့စိတ်ဓါတ်လေးကို မြတ်နိုးစရာ ဖြစ်လို့ပါ။

            တနေ့က ကျွန်မ ရန်ကုန်မြို့ထဲက Mr. Brown ဆိုင်ကို ရောက်ခဲ့ပါတယ်။  သူငယ်ချင်းနှစ်ဦးနဲ့ စကားစမြည် ပြောရင်း အအေးသောက်နေချိန်မှာ ကျွန်မအနားကို စစ်မှုထမ်းဟောင်း နှစ်ဦးရောက်လာပါတယ်။
လက်ထဲမှာ စာအုပ် လေးတွေ ကိုကိုယ်စီကိုင်ရင်း ကျွန်တော်တို့ထမင်းဖိုးအတွက် စာအုပ်ကလေးများအားပေးပါဦး လို့ ဆိုလာတဲ့ပုဂ္ဂိုလ်က သက်လတ်ပိုင်း လေးဆယ်ကျော် ငါးဆယ် ၀န်းကျင်လောက်ရှိပါတယ်။ သူ့ဘေးမှာ ရပ်နေတဲ့ စစ်သည်ကတော့ သုံး ဆယ်လောက်တောင်ရှိမယ်လို့ ကျွန်မ မထင်မိပါဘူး။

          စာအုပ်လေးတွေကို ကျွန်မ ကြည့်လိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်လေး နှစ်အုပ်၊ သုံးအုပ်လောက်ရယ်၊ ဘာသာရေးဆိုင်ရာ စာအုပ်လေးငါးအုပ်လောက် တွေ့ပါတယ်။ တစ်ဖက်က စစ်သည်လေး လက်ထဲမှာတော့ ပုံပြင်စာအုပ်ဆန်ဆန်စာအုပ်မျိုးလေးတွေ လှမ်းတွေ့မိပါတယ်။ နံနက်စောစောလည်း ဖြစ်တော့ စာအုပ်လေးဝယ်လိုက်ခြင်းအားဖြင့် စစ်မှုထမ်းဟောင်းများအတွက် ထမင်းဖိုးလေးလည်းဖြစ်၊ ကိုယ်လည်း ဖတ်ရ၊ ကုသိုလ်လေးလည်းရ ဆိုတဲ့ အတွေးနဲ့ တစ်အုပ် တစ်ထောင့်ငါးရာလို့ဆိုတော့ နှစ်အုပ်ယူပြီး ငါးထောင်တန် တစ်ရွက်ကို ထုတ်ပေးလိုက်တဲ့ အခါ သက်လတ်ပိုင်း စစ်သည်က ၃ အုပ်ယူလိုက်ပါ၊ ငါးထောင်ဖိုးပေါ့ လို့ဆိုပြီး တဂျီ ဂျီ လုပ်ပါတော့ တယ်။ ကျွန်မနဲ့ အတူထိုင်နေတဲ့ သူငယ်ချင်းနှစ်ဦး ကျွန်မကို ရှည်ရန်ကော ဆိုတဲ့ အကြည့်မျိုးနဲ့ ပြုံးဖြီးဖြီး လုပ်တော့တာ ပါပဲ။ အခုလို ဇွတ်တရွတ်ရောင်းနေတဲ့ သူအပေါ် ကျွန်မမှာ စိတ်တိုပြီး အဲဒီလို အတင်းရောင်းရင် တစ်အုပ် မှ မယူတော့ ဘူး လို့ ပြောပြောဆိုဆိုနဲ့ ယူထားတဲ့ စာအုပ်ကို ပြန်ပေးတဲ့အခါ သက်လတ်ပိုင်းစစ်မှုထမ်းဟောင်းက မျက်နှာလေး ငယ်ငယ်နဲ့ အတင်းရောင်းတာ မဟုတ်ပါဘူးခင်ဗျာ၊ စိတ်မရှိပါနဲ့၊ နှစ်အုပ်ပဲယူပါ လို့ဆိုပြီး ကျွန်မကို ငွေနှစ်ထောင်အမ်း ပေးပါတယ်။

          ကျွန်မအကြောင်းကို သိတဲ့ သူငယ်ချင်းကတော့ ကုသိုလ်ယူချင်တဲ့ လူကလည်း ဒေါသချည်းပဲ လို့ ငေါ့တော့ တော့ ဆိုလိုက်တာကိုခံလိုက်ရပါသေးတယ်။ နင်ကမသိလို့ သူတို့တွေက လုပ်စားနေတာ လို့လည်း မှတ်ချက်ချသူ ကချပါတယ်။ ဒီလို စစ်မှုထမ်းဟောင်းများ စာအုပ်လာလာရောင်းတာ ကျွန်မ ခဏခဏ ကြုံဖူးပါတယ်။ တစ်ခါတစ်လေ အိမ်ပေါက်ဝမှာ ရပ်ပြီး လာရောင်းတာလည်း ကြုံဖူးပါတယ်။ ဒီနေ့တော့ ကိုယ့်ဟာကိုယ် စိတ်တိုပြီးပြောလိုက်မိရာက စပြီး အမေရိကန်နိင်ငံက အာလင်တန်စစ်သင်္ချိုင်းဆီ စိတ်ရောက်သွားပါတယ်။



          အာလင်တန် သင်္ချိုင်းက ဗားဂျီးရီးနားပြည်နယ်မှာ ရှိပါတယ်။ အစ်ကို ဖြစ်သူက အာလင်တန်ကို သွားရအောင် လို့ ဆိုတော့ ကျွန်မက ဘာမှန်းကို မသိခဲ့ပါဘူး။ နောက်တော့ သူက စစ်သင်္ချိုင်းဖြစ်တဲ့ အကြောင်းကို ပြောပြပါတယ်။ ကျွန်မတည်းတဲ့ အိမ်ကနေဆို တစ်နာရီနီးပါးလောက် ကားမောင်းသွားရပါတယ်။ အာလင်တန်အကြောင်းကိုလည်း အစ်ကို ဖြစ်သူက လမ်းမှာ ကျွန်မကို ပြောပြသည့်တိုင်အောင် ကျွန်မကို အာလင်တန်က သိပ်ပြီးဆွဲဆောင်မှု မရှိသေး ပါဘူး။

          အာလင်တန်စစ်သင်္ချိုင်းကိုရောက်တော့ ကားမှတ်တိုင်လို အမိုးလေးတွေရှိတဲ့ နေရာကို သွားပြီး လှည့်လည်ပြ တဲ့ ကားကို စောင့်ရင်း စိတ်ထဲမှာလည်း ဘာကြောင့်များ ကားနဲ့ လှည့်လည်ကြည့်ရမှာလဲ လို့ တွေးမိပါတယ်။ ကားပေါ် အရောက်မှာ ကားမောင်းသူက မိုက်ခွက်ကလေးနဲ့ အာလင်တန်စစ်သင်္ချိုင်းအကြောင်း နိဒါန်းချီကာ စကားဆိုရင်း ကားထွက်ခဲ့ပါတယ်။ ကားဘေး တစ်ဖက်တစ်ချက်ကိုကြည့်လိုက်တော့ မျက်စိတစ်ဆုံး စိမ်းနေတဲ့ မြက်ခင်းတွေကြားက မှတ်တိုင်ဖြူဖြူလေးတွေကို တွေ့ရပါတယ်။ ကားသမားကြီးပြောနေတဲ့ အာလင်တန်အကြောင်းကို ကျွန်မ လုံးစေ့ပတ်စေ့ မမှတ်မိတော့ပေမယ့် ကားလမ်းတစ်လျှောက် ၀ဲ၊ ယာ မှာ မြှပ်နှံထားတဲ့ သူတွေက ဘယ်စစ်ပွဲတုန်းက ကျဆုံးခဲ့တာ စသဖြင့် ဖြစ်ပါတယ်။ အာလင်တန်စစ်သင်္ချိုင်းကြီးရဲ့ အကျယ်အ၀န်းကလည်း ၆၂၄ဧက ရှိတယ်ဆိုလို့ ကျွန်မအနေနဲ့ ကျဆုံးသွားတဲ့စစ်သည်တော်တွေ များလိုက်တာ၊ ပေးဆပ်လိုက်ရတာ လို့လည်းတွေးမိပါတယ်။

          အာလင်တန်စစ်သင်္ချိုင်းမှာ အမေရိကန်ပြည်တွင်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သည်တော်တွေ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ဗီယက်နာမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ စတဲ့ စစ်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ စစ်သည်တော်တွေကို မြှပ်နှံထားတယ် လို့ သိရှိခဲ့ရပါတယ်။
ဒါ့အပြင် သူနာပြုစစ်သည်တော်တွေရဲ့ မှတ်တိုင်တွေလည်း အမြောက်အမြားကို ရှိပါတယ်။ တစ်နေရာအရောက်မှာတော့ ကားရပ်လိုက်တဲ့အခါ အားလုံးကားပေါ်ကဆင်းတော့ ကျွန်မလည်း လိုက်ဆင်းပြီး အစ်ကို ဖြစ်သူနောက်လိုက်ခဲ့ပါတယ်။  အစ်ကိုဖြစ်သူက ကနေဒီ့ ကိုမြှပ်ထားတဲ့ နေရာလို့ခပ်တိုးတိုးလေးဆိုပါတယ်။

ကနေဒီ့ကို မြှပ်ထားပါတယ်လို့ ဆိုတဲ့နေရာက မှတ်တိုင်ဖြူဖြူလေးစိုက်ထားတာမဟုတ်ဘဲ ခင်းထားတဲ့ အုတ်တွေကြားမှာ အနက် ရောင် ကျောက်ပြားဟာ မြေကြီးနဲ့တစ်သားတည်းရှိပြီး ကနေဒီ့ဇနီးကို သူနဲ့ယှဉ်လျက် မြှပ်ထားပြီး၊ သူတို့ရဲ့ ရင်သွေး ငယ် နှစ်ဦးကိုလည်း သူတို့ရဲ့ အောက်ဖက် ၀ဲ၊ ယာ တစ်ဖက်ဆီမှာ မြှပ်ထားပါတယ်။ ကနေဒီဟာ ပထမ ဦးဆုံးသော ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သမတဖြစ်တာကြောင့် အာလင်တန်မှာ နေရာယူခွင့်ရတယ် လို့ ထင်မြင်မိပါတယ်။



ထူးခြားချက်ကတော့ ကနေဒီရဲ့ ခေါင်းရင်းမှာ ဓါတ်ငွေ့နဲ့ ထွန်းညှိထားတဲ့ မီးတောက်လေးဟာ အဆုံးမဲ့ တောက်လောက်နေမယ့် မီးတောက်လေးအဖြစ်တွေ့ရတာပါပဲ။

          အဲဒီကနေဆက်ပြီးသွားတဲ့နေရာလေးကတော့ အမည်မသိစစ်သားများအတွက် စိုက်ထူထားတဲ့ ကျောက်တိုင် လေးဆီပါပဲ။ အဲဒီ့ ကျောက်တိုင်လေးဟာ ပထမကမ္ဘာစစ်ပွဲက ကျဆုံးခဲ့တဲ့ အမည်မသိ စစ်သည်တော်ရဲ့ ခေါင်းရင်းဖက် မှာစိုက်ထူထားပြီး ၀ဲ၊ ယာ တစ်ဖက်တစ်ချက်မှာတော့ ကိုရီယားစစ်ပွဲမှာ ကျဆုံးတဲ့ စစ်သည်တော်နဲ့ ဒုတိယ ကမ္ဘာစစ်ပွဲ မှာ ကျဆုံးတဲ့ စစ်သည်တော်တို့ကိုမြှပ်နှံထားပါတယ်။ သူတို့နှစ်ဦးရဲ့ကြားမှာတော့ ဗီယက်နာမ်စစ်ပွဲမှာကျဆုံးတဲ့ အမည်မသိ စစ်သည်တော်ကို မြှပ်နှံထားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၈ ခုနှစ်မှာ DNA စစ်ဆေးမှုအရ သူဟာ Lieutenant Michael Blassie   ဖြစ်ကြောင်းသိရှိခဲ့ရတဲ့အတွက် ကျွန်မ ရောက်ရှိခဲ့တဲ့အချိန်မှာ သူ့ကို ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။

            ကျွန်မကို အံ့သြဖွယ် ဖြစ်စေတာက အဲဒီ အမည်မသိစစ်သည်တော်တွေကို စစ်သည်တော်များနှင့် စနစ်တကျ စောင့်ကြပ်နေခြင်းပါပဲ။ နာရီဝက်ကို တစ်ကြိမ် စစ်သည်တော်များကို တာဝန်လွှဲပြောင်းပေးနေတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့အခါ ဖနောင့်ရိုက်အလေးပြုသံကိုကြားလိုက်ရတဲ့အခါ ကျွန်မမှာ အမေရိကန်တွေရဲ့ သူတို့စစ်သားတွေ အပေါ်ထားတဲ့ စိတ်ကို မလေးစားဘဲ မနေနိုင်အောင်ပါပဲ။ ဒီလိုစောင့်ကြပ်ကြတဲ့စစ်သည်တော်တွေဟာ အသေးစိတ် စနစ် တကျပြဌာန်းထားတဲ့အတိုင်း စောင့်ကြပ်ရပါတယ်။

            ကျောက်တိုင်နောက်မှ အမည်မသိစစ်သည်တော်ကို စောင့်ကြပ်ကြတဲ့စစ်သားနှစ်ဦးဟာ စောင့်ကြပ်နေစဉ် အတွင်းမှာ ခင်းထားတဲ့ အနက်ရောင်အပူခံကျောက်ပြားအတိုင်း ခြေလှမ်း၂၁လှမ်း လျှောက်သွားပြီး၊ အရှေ့ဖက်ကိုလှည့် ၊ မျက်နှာမူကာ ၂၁စက္ကန့်ငြိမ်သက်နေပြီးမှ တစ်ခါ မြောက်ဖက်သို့လှည့်ပြီး မျက်နှာမူကာ ၂၁စက္ကန့် ငြိမ်သက်နေပြီး ပြန်လျှောက်လာရပါတယ်။ အဲဒီလိုစောင့်ကြပ်မှုဟာ တာဝန်လွှဲပြောင်းတဲ့ အထိ ဆက်တိုက်လုပ်နေရပါတယ်။

            အဲဒီ့အစောင့်အကြပ်များဟာ နွေရာသီဆိုရင် နေ့အခါမှာ နာရီဝက် အလှည့်ကျ စောင့်ကြပ်ရပြီး၊ ဆောင်းရာသီ ဆိုရင် နေ့အခါမှာ တစ်နာရီ တစ်ကြိမ် တာဝန်လွှဲပြောင်း စောင့်ကြပ်ရပါတယ်။ ညအခါမှာတော့ နှစ်နာရီ တစ်ကြိမ် လွှဲပြောင်း တာဝန်ယူရပါတယ်။ စောင့်ကြပ်ခြင်းတာဝန်ဟာ ရာသီဥတုအခြေအနေကို ပဓာနပြုထားခြင်းမရှိဘူးလို့ သိရပါ တယ်။

            ၆၂၄ဧက ကျယ်ဝန်းတဲ့ အာလင်တန်စစ်သင်္ချိုင်းတစ်ခုလုံးကို လှည့်လည်ကြည့်ရှုနေတဲ့လူတွေဟာ အတော်ကို များပေမယ့်  ကနေဒီမိသားစုကို မြှပ်နှံထားတဲ့ နေရာ၊ အမည်မသိစစ်သည်တော်ကျောက်တိုင်တို့မှာ စုစုဝေးဝေး စောင့်ကြည့်ကြတာကိုတွေ့ရပါတယ်။ လာရောက်တဲ့ ဧည့်သည်တွေဟာ လူငယ်ရော၊ လူကြီးတွေရော၊ နိုင်ငံခြားသား ဧည့်သည်တွေအပြင် ဘီးတပ်ကုလားထိုင်တွေနဲ့ လာရောက်ကြတဲ့ အဖိုး၊ အဖွား အုပ်စုကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အာလင်တန်သင်္ချိုင်းတစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ လူတိုင်းမှာ လက်ကိုင်ဖုန်းလေးတွေရှိ ကြပေမယ့် ဖုန်းမြည်သံကို ကျွန်မ မကြားရသလို လူငယ်လေးတွေဟာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်ရှုနေတာကို တွေ့ရပါတယ်။ အာလင်တန် အ၀င်မှာ Silence and Respect လို့ရေးထားတာကို ကျွန်မမြင်ခဲ့တုန်းက  စိတ်ထဲမှာ ထူးထူးခြားခြားမဖြစ်ပေမယ့် လာရောက်ကြည့်ရှုတဲ့ လူတွေအားလုံးဟာ တကယ့်ကို သူတို့ရဲ့လေးစားမှုကို ငြိမ်သက်ခြင်း နဲ့ ပြနေတယ်လို့ခံစားမိပါတဲ့အခါ ရင်ထဲမှာ ထူးထူးခြားခြားကို ခံစားခဲ့ရပါတယ်။

            အာလင်တန်က ပြန်လာတဲ့ခရီးတစ်လျှောက်မှာတော့ ကျွန်မ ရင်ဟာ ဆို့နင့်ကြေကွဲနေပါတယ်။ အာလင်တန်က ငြိမ်သက်စွာ လဲလျောင်းအိပ်စက်နေကြတဲ့ စစ်သားများအတွက်လား။ ကျွန်မတို့နိုင်ငံက စစ်သားတွေအတွက်လား။ သေချာတာကတော့ ကျွန်မတို့နိုင်ငံက စစ်သည်ရဲဘော်တွေ အတွက်ပါ။



 မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းမှာ  လွတ်လပ်ရေးရအောင်ယူခဲ့ပေးတဲ့ စစ်သည်ရဲဘော်တွေ အများကြီးရှိပါ တယ်။ ဂျပန်ပြည်ကို သွားရောက်ပြီး စစ်ပညာကိုသင်၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ဗမာ့တပ်မတော်ကို ထူထောင် ပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဟာ မြန်မာ့သမိုင်း ဖတ်စာအုပ်ထဲမှာပဲ အသက်ဝင်ပါတော့တယ်။ ရဲဘော်သုံးကျိပ်များရဲ့ အမည် နာမ၊ မိသားစု နဲ့ သူတို့ မျိုးဆက်တွေကို အာလင်တန်စစ် သင်္ချိုင်းကို လှည့်လည်ကြည့်ရှုစဉ်မှာ အလွန်ပင်အောက်မေ့ သတိရပါတယ်။ မြန်မာ့အာဇာနည်ကိုးဦးရဲ့ အမည်နာမကို တောင်မှ မှန်မှန်ကန်ကန် မသိတော့တဲ့ ကျွန်မတို့ လူငယ်တွေ ဟာ တစ်နေ့ တိုင်းပြည်ကို အုပ်ချုပ်၊ ဥပဒေတွေ ပြဌာန်း၊ တရားတွေ စီရင်၊ သတင်းတွေ ထုတ်လွှင့်မယ့်သူတွေ ဖြစ်လာဦး မှာပါ။   

ကျူးကျော်စစ်တွေကို စစ်နွှဲခဲ့ရတဲ့ စစ်သည်တော်တွေ၊ ပြည်တွင်းစစ်ကြောင့် ကျဆုံးခဲ့ရတဲ့စစ်သည်တော်တွေ အားလုံးဟာ အာလင်တန်စစ်သင်္ချိုင်းက စစ်သည်ရဲဘော်တွေလို လေးစားမှုမျိုး ဘာကြောင့်များ မရကြပါသလဲ။ ဘယ်သူ တွေကများ စစ်သည်ရဲဘော်တွေအပေါ် ချစ်ခင်လေးစားစိတ်ကို ပျောက်ကွယ် အောင်လုပ်ပစ်ကြပါသလဲ ဆိုတာကို တွေးရင်းသာ ရင်မောခဲ့ရပါတော့တယ်။

                                                                                                                    ဘာရာဒွါဂျာ (မြန်မာပြည်)



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved