အနုပညာဖန်တီးမှုဟာ အဲဒီ နှစ်ခု အတိုင်း ဖြစ်စေနိုင်သလို၊ အဲဒီ နှစ်ခုမှ အပလည်း ဖြစ်နိုင်ပါသလား… စသည်ဖြင့် ပါဖောမင့်အနုပညာ တင်ဆက်မှုတွေ ကို ကြည့်ရင်း စဉ်းစားမိပါတယ်။
တဖန် ဆက်ပြီးတော့ …အနုပညာ ဆိုတာ “စိတ်ခံစားမှုကို ကျွမ်းကျင်မှုဖြင့် ပုံဖော်တင်ပြခြင်း” ဖြစ်တယ်လို့ ဆိုတဲ့အကြောင်း၊ ကျွမ်းကျင်မှု ဦးစီးတဲ့ လက်ရာ တခုဟာ လက်မှုပညာ Craft ဖြစ်သွားပြီး၊ စိတ်ခံစားမှုက ဦးစီးရင်တော့ အနုပညာမြောက် ဖန်တီးမှု Art လို့ ဆိုတဲ့အကြောင်း ကိုလည်း ဆက်စပ်တွေးမိပါတယ်။
NIPAF ၊ Japan Foundation ၊ New Zero Art Space ၊ The Inya Gallery တို့ ပေါင်း တင်ဆက်တဲ့ “ဂျပန်ပါဖောမင့် အနုပညာ ဖလှယ်ပွဲ” ကို သြဂုတ် ၄ ရက်နေ့ ညနေ ၄း၀၀ နာရီမှာ New Zero Art Space ပြခန်းမှာ ဂျပန်ပါဖောမင့် အနုပညာရှင် ၆ ဦး၊ မြန်မာပါဖောမင့် အနုပညာရှင် ၈ ဦးတို့ တင်ဆက် ပြသခဲ့တာဖြစ်ပါတယ်။
ဂျပန် Artist တွေက တော့ Seiji SHIMODA, Toshiharu WATARU, Hitomi FUJITA, Chika MATSUDA, Hiroyuki YAMAZAKI, Kiyono KOBAYASHI, တို့ ဖြစ်ပြီး၊ မြန်မာ Artist တွေကတော့ အေးကို၊ ညိုဝင်းမောင်၊ အောင်မြတ်ဌေး၊ ရတနာဝင်း၊ နိုရာ၊ ကိုလတ်၊ သွိုက်တာ၊ ကျော်ကိုထက် တို့ ဖြစ်ပါတယ်။
ပါဝင်တင်ဆက်တဲ့ အနုပညာရှင်တွေကို လေ့လာကြည့် တော့ (အသက်အရွယ် အကြီးဆုံး) ၁၉၄၉ ခုနှစ်မှ (အသက်အရွယ်အငယ်ဆုံး) ၁၉၉၀ ခုနှစ် အတွင်းမွေးဖွားခဲ့ မျိုးဆက်သစ် အနုပညာရှင်တွေ ပါဝင်တာကြောင့် စိတ်ဝင်စားစရာပါပဲ။
အနုပညာကြားခံ မီဒီယာထဲမှာ လူကိုယ်တိုင်ပါဝင် တင်ဆက်ပြသတဲ့ ပါဖောမင့် အနုပညာတင်ဆက်မှုက ကျနော်တို့ ဆီမှာ အတော်အတန် ကျယ်ပြန့်လာပြီလို့ ဆိုရမှာပါ။ သို့ပေမယ့် လက်ခံအားပေးမှု အပိုင်းကတော့ နည်းပါးနေသေး တာ သတိပြုမိပါတယ်။
ဒါကလည်း အားပေးလက်ခံသူတွေရဲ့ အပိုင်းက အဆင်သင့် မဖြစ်သေးလို့ ဖြစ်နိုင်သလို ပါဖောမင့် အနုပညာရှင်တွေကိုယ်တိုင်ကလည်း အနုပညာတင်ဆက်မှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သူတို့ရဲ့ အနုပညာတင်ဆက်မှုကို ခွဲခြားကြည့်ရင် Politics Issue, Social Issue တွေ အဓိကအားဖြင့် လွမ်းမိုးနေပါတယ်။ ဒါကလည်း ခေတ်က အနုပညာရှင်တွေ အပေါ် ရိုက်ခတ်ရာကနေ ပေါက်ဖွားလာတဲ့ ခံစားမှုကို ထင်ဟပ်ပြတာ ပါပဲ။
၁၉၅၃ ခုနှစ်ဖွား Artist Seiji SHIMODA ရဲ့တင်ဆက်မှုက အလွန်ရိုးရှင်းပါတယ်။ သူ့ရဲ့မျက်နှာကို တိပ်အနီနဲ့ နဖူး မေးရိုးတွေက စပြီး တင်းတင်းကြပ်ကြပ် ဆွဲကပ်ပါတယ်။ တဖြည်းဖြည်းနှာခေါင်းပေါက် ကလေး ပေါ်ရုံမျှ အထိ ဆွဲကပ် ဖိပိတ်လာပါတယ်။
တင်ဆက်မှုကိုကြည့်ရင်း မွန်းကြပ်မှုတွေ ကူးစက်ခံစားလာရပါတယ်။ တဆက်တည်း အသက်ရှင်ခြင်းနဲ့ အသက်ရှူခြင်းကိုပါ စိတ်နဲ့ သိမြင်လာပါတယ်။ ၁၉၄၉ ခုနှစ်ဖွား Artist Toshiharu WATARU ရဲ့ တင်ဆက်မှုကတော့ ဂျပန်ရိုးရာ အရုပ်ကလေးတွေနဲ့ တင်ဆက်တာ တွေ့ရပါတယ်။
သူ့ရဲ့ တင်ဆက်မှုထဲမှာ ပြောင်းလဲမှုနဲ့ ရိုးရာဓလေ့တွေ ဘယ်လို ဆက်စပ်သွားသလဲ၊ မြင့်လာသလား၊ လျော့ကျသွားသလား စသဖြင့် အတွေးစိတ်မှာ ဖြစ်လာပါတယ်။ ဒီပွဲမှာ ပါဝင်သူတွေထဲမှာ အသက် အငယ်ဆုံးလို့ ပြောနိုင်တဲ့ ၁၉၉၀ ဖွား Artist Hitomi FUJITA ကတော့ မိန်းကလေး ပီပီ ရေဘူး၊ ပန်းပွင့်မျိုးစုံ၊ ပူဖောင်း၊ ခေါင်းလောင်းတွေ သုံးပြီး တင်ဆက်ပါတယ်။
Title က Flower Tea ဖြစ်ပြီး၊ သူမပေးချင်တဲ့ Message က Exploitation (ခေါင်းပုံဖြတ် အနိုင်ကျင့်ခြင်း) လို့ဆိုပါတယ်။ စာနာမှုနဲ့ အတ္တကြား လူသားရဲ့ စိတ်ထားကို ထင်ဟပ်ပြတာလို့ ဆိုရမှာပါ။
Chika MATSUDA ကိုတော့ ၁၉၈၃ မှာ မွေးပါတယ်။ သူမတင်ဆက်တဲ့ ပါဖောမင့် တင်ဆက်မှုကို Sonant လို့ ခေါင်းစဉ် ပေးထားပြီး၊ သူမ ပေးချင်တဲ့ concept message က Words which come out from a mouth (ပါးစပ်က ထွက်လာတဲ့ စကားလုံးများ) လို့ ဆိုပါတယ်။ သူမက မြန်မာတို့ရဲ့ ကွမ်းယာနဲ့ အဖြူရောင် ပိတ်စတခုကို သုံးပြီး ပါဖောမင့်တင်ဆက်မှု ပြုလုပ်သွားတာပါ။
ပေါ့ပေါ့ပါးပါး လို့ ဆိုနိုင်ပေမယ့် စဉ်းစားဝေဖန်စရာ တွေ ဆင့်ပွား ခံစားရပါတယ်။ မွန်းကြပ်ပိတ်လှောင်မှုကို အမူအယာအရရော၊ အပြောစကားတွေ အရရော ပူးပေါင်း တင်ဆက်ပြသူက ၁၉၆၃ ခုနှစ်ဖွား Artist Hiroyuki YAMAZAKI ပါ။ ၀ုန်းဒိုင်းကြဲပေါက်ကွဲမှုတွေက ခေတ်ကိုရော လူ့အဖွဲ့အစည်းကိုရော သည်းမခံ နိုင်စရာ ခံစားနေရပြီး၊ လွတ်မြောက် ထွက်ပေါက်ကို ပိတ်လိုက် ဖွင့်လိုက်နဲ့ အားမလိုအားမရ ဖြစ်နေတဲ့ ခံစားမှုကို ဖော်လှစ်ပြသပါတယ်။
ဒီပွဲဟာ သူမရဲ့ ပထမဆုံး ပါဖောမင့်အနုပညာ တင်ဆက်မှု ဖြစ်တယ်လို့ ဆိုလာသူက Artist Kiyono KOBAYASHI ပါ။ သူမကို ၁၉၈၂ ခုနှစ်မှာ မွေးဖွားပါတယ်။သူမက ပြင်ပမီဒီယံအနေနဲ့ မိန်းကလေးသုံး ခေါင်းဘီး တချောင်းကို သုံးပါ တယ်။
ခေါင်းဘီးနဲ့ ဖြီးသင်ပြီး မိန်းကလေးသဘာဝ ကျစ်ဆံမီး ကျစ်ပြီး တင်ဆက်ပါတယ်။ သူမကို ကူညီတင်ဆက် ပေးတာက Artist Hiroyuki YAMAZAKI ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ်ဖွား၊ မြန်မာ Artist အေးကိုရဲ့ တင်ဆက်မှုကတော့ Political Issue ပါပဲ။ တပါတီ အာဏာရှင် လက်အောက်၊ စစ်အာဏာရှင် လက်အောက်ကနေ အခုလို ပြောင်းလဲလာနေပြီလို့ ပြောဆိုနေကြပေမယ့် မရေရာ သေးတဲ့ အနေအထားကို တင်ဆက်ပြတာတွေ့ရပါတယ်။
သူ သုံးစွဲတဲ့ တခြားမီဒီယာတွေက ပလပ်စတစ်အစ တခု၊ နှုတ်ခမ်းနီနဲ့ တိပ်အဖြူတွေပါ။
“ငါ့ကိုယ်ငါ ဘာကို ယုံကြည်ရမှာလဲ။ ငါတိုပ ဘယ်မှာ ရပ်တည်နေရမှာလဲ။ ငါ့တို့ ဘယ်သူ့ကို ယုံကြည် ရမှာလဲ။ ငါ့တို့ရဲ့ မျှော်လင့်ချက်တွေက ဘယ်မှာလဲ။ ငါ့တို့ရဲ့ လွတ်လပ်ခွင့်တွေက ဘယ်မှာလဲ။ ငါ့တို့ရဲ့ ချစ်ခြင်းတရားတွေက ဘယ်မှာလဲ။ ငါ့တို့ရဲ့ မေတ္တာတရားတွေက ဘယ်မှာလဲ။ ငါတို့ရဲ့ ငြိမ်းချမ်းရေးတွေက ဘယ်မှာလဲ။ ငါ့တို့ရဲ့ လူဖြစ်ရခြင်းတွေက ဘယ်မှာလဲ။ ငါတို့ ရှာတွေ့ကြ ပြီလား” လို့ အော်ဟစ်ရင်း မျက်နှာနဲ့ ဦးခေါင်းတခုလုံးကို တိပ်နဲ့ ရစ်ပတ်စည်းနှောင်ပစ်လိုက်တယ်။
ပြီးတော့ ပါးစပ်နေရာမှာ ဆိုးထားတဲ့ နှုတ်ခမ်းနီတွေနဲ့ ပြီး ပလပ်စတစ်မှာ ၂၀၁၅ လို့ ရေးတယ်။ ပြီးနောက်ပြီးတော့မှ ပလပ်စတစ်ကို ထိုးခွဲ တိုးဝင်ပြီး သူရဲ့ တင်ဆက်မှုကို အဆုံး သတ်ပါတယ်။
Artist ညိုဝင်းမောင်ကိုတော့ ၁၉၅၅ မှာ မွေးဖွားပါတယ်။ သူ ပါဖောမင့်အနုပညာ တင်ဆက်မှုမှာတော့ ကုလားထိုင်တလုံး၊ လေမှုတ်ဘာဂျာတခုကို ပံ့ပိုးမီဒီယာအဖြစ် သုံးပါတယ်။
လောကကြီးမှာ မဖြစ်မနေ လုပ်ဆောင်နေ ရတဲ့ အလုပ်တွေ ရှိသလို သိမှုမှတ်မဲ့ လုပ်ဆောင်နေတဲ့ တခြားအလုပ်တွေ၊ တခြား မျှော်လင့်စရာတွေကိုလည်း လုပ်နေရတဲ့ အကြောင်း တင်ပြသွားပါတယ်။
Title က How do you take part in globalization ဖြစ်ပြီး၊ သူ ပေးချင်တဲ့ Message က အခြေအနေတခု အပေါ်မှာ ဘယ်လိုပါဝင် လုပ်ဆောင်ကြမှာလဲ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာ တွေ အပေါ်မှာ ကိုယ့်အမြင် ကိုယ့်ခံစားချက်၊ ကိုယ့်ယုံကြည်ချက်တွေ အတိုင်း ရှိနေတဲ့ အကြောင်း လို့ ပြောပါတယ်။
Artist အောင်မြတ်ဌေးကိုတော့ ၁၉၇၃ မှာ မွေးဖွားပါတယ်။ အောင်မြတ်ဌေး တင်ဆက်တဲ့ ပါဖောမင့် မှာတော့ ပံ့ပိုးမီဒီယံ အဖြစ် ရောင်စုံမီးကြိုးခွေတခုကို သုံးပါတယ်။ Title က အစွဲအလမ်း (Obession) ဖြစ်ပြီး၊ အလှအပ ဆိုတာ ထောင်ချောက် ဖြစ်တဲ့ အကြောင်း Message ပေးချင်တာလို့ သိရတယ်။
၁၉၈၇ ခုနှစ်မှာ မွေးတဲ့ Artist ရတနာဝင်း ရဲ့ ပါဖောမင့် တင်ဆက်မှု Title က “Yes or No,” ပါ။ သူမရဲ့ တင်ဆက်မှုနဲ့ ပတ်သက်ပြီး သူမက “လူတွေဟာ ဆုံးဖြတ်ချက် (Decision) ချတဲ့ အခါ အရေးကြီးတယ်။ ပတ်ဝန်းကျင်ကို ကြည့်ရတယ်၊ လူ့အဖွဲ့အစည်း ကို ကြည့်ရတယ်၊ နောက်ပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်း (Culture) ကိုလည်း ကြည့်ရတယ်။
အဲဒါကို အခြေခံပြီး “ရက်စ် ဒါမှမဟုတ် နိုး” ဆိုတာ ဆုံးဖြတ်တာပါ” လို့ ပြောပါတယ်။ Artist နိုရာရဲ့ ပါဖောမင့်တင်ဆက်မှုကို အမည်ပေးထားတာက Touching the Red Line ပါ။ အနီရောင်လိုင်းကို ထိစပ်ခြင်း လို့ ဆိုရမှာပါ။
တနည်းအားဖြင့် အနီရောင်လိုင်းက လူ့အဖွဲ့အစည်းကို ရည်ညွန်းတယ်လို့ ဆိုပါတယ်။ သူမ ပေးချင်တဲ့ Message က ကျမတို့ဟာ လူ့အဖွဲ့အစည်းကနေ ပြေးမလွတ်နိုင်ဘူး၊ လူတိုင်းဟာ လူ့အဖွဲ့အစည်းရဲ့ အထိ အတွေ့နဲ့သာ ရှိနေရတယ်။ ကိုယ်စီ ကိုယ်စီဟာ လူ့အဖွဲ့အစည်းနဲ့ တနည်းမဟုတ် တနည်း ပတ်သက် စပ်ယှက် ထိစပ်နေရတယ် လို့ ဆိုပါတယ်။
Artist ကိုလတ် ကို ၁၉၈၈ ခုနှစ်မှာ မွေးဖွားပါတယ်။ သူက Hesitate (ခပ်မြန်မြန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဖောမင့်ကို တင်ဆက်ပါတယ်။ သူ့တင်ဆက်မှုထဲမှာ ယောက်ျားလေး တယောက်ဟာ မိန်းကလေး စိတ်ပေါက်ပြီး မိန်းကလေးလို ၀တ်စား ဆင်ယင်နေပေမယ့် စိတ်ကသာ ပြောင်းနေပေမယ့် တကယ့်အရှိ တရား ရုပ်က မပြောင်းဘူး ဆိုတဲ့ Message ကို ပေးချင်တာလို့ ဆိုပါတယ်။
ဒီတင်ဆက်မှုဟာ ၀ိရောဓိ ဖြစ်စေနိုင်တဲ့ တင်ဆက်မှုလို့ ထင်ပါတယ်။ အရင်ခေတ်တွေ တုန်းက ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲဖို့ မလွယ်ကူပေမယ့် အခုခေတ်မှာတော့ သိပ်ခက်ခဲမှု မရှိတော့ပါဘူး။ Social Issue အရ ထည့်သွင်း စဉ်းစားစရာ ကောင်းတဲ့ တင်ဆက်မှုပါ။
၁၉၈၈ ခုနှစ်ဖွား၊ Artist သွိုက်တာ ရဲ့ Changing ဆိုတဲ့ တင်ဆက်မှုက တမျိုးတဘာသာ ထူးခြားတယ်လို့ ဆိုရမှာပါ။
သူမက Changing ဆိုတဲ့ အပြောင်းအလဲ မှာ အပေါ်ယံ ဗဟိဒ္ဓ ပြောင်းလဲမှုသည် တကကယ့် အပြောင်း အလဲမဟုတ်၊ မိမိရဲ့ စိတ်တွင်း သန္တာန်က ပြောင်းလဲမှာသာ ပြောင်းလဲမှုလို့ ဆိုနိုင်တာကို Message ပေးလိုတာလို့ သိရပါတယ်။
သူမရဲ့ တင်ဆက်မှုက ဘာသာရေး၊ လူမှုရေးတွေ အပေါ် တကိုယ်ရည် ဖြတ်သန်းမှုနဲ့ သီးခြား ခံယူချက် အမြင်အတွေး ကို ထင်ဟပ်တင်ပြတာလို့ ဆိုနိုင်ပါတယ်။
Artist ကျော်ကိုထက် ကတော့ သေတ္တာအဖြူ ၂ လုံး၊ သေတ္တအနက် ၂ လုံးနဲ့ ရောင်စုံပလပ်စတစ် ကြိုးတွေ သုံးပြီး ပါဖောမင့် အနုပညာ တင်ဆက် ပါတယ်။ မတူညီမှုတွေ၊ တူညီမှုတွေ ဟာ အချင်းချင်း အဆင်း အရောင် အမျိုးမျိုးနဲ့ နှောင်ငင်ဆွဲဆောင်နေပြီး၊ လူသား ဖြစ်တည်မှုက မရေရာမှု သာ ဖြစ်တယ်လို့ ဆက်လက်ဆင့်ပွား ခံစားရပါတယ်။
သူ့ကို မွေးဖွားတာက ၁၉၈၄ ခုနှစ်ပါ။ ဘာပဲ ဖြစ်ဖြစ် နိုင်ငံတကာမှာတော့ အနုပညာစိတ်နဲ့ လူကိုယ်တိုင်ပါဝင် တင်ဆက်တဲ့ ပါဖောမင့် အနုပညာကို အားပေး မြှင့်တင်နေတာတွေ့ရပါတယ်။
ယခုတင်ဆက်တဲ့ ပါဖောမင့်ပွဲကို နိပွန် နိုင်ငံတကာ ပါဖောမင့် အနုပညာ ပွဲတော်၏ အာဆီယံ နိုင်ငံများသို့ (NIPAF ASEAN TOUR 2013) အနုပညာ ပူးပေါင်း ဖလှယ်ရေး အစီအစဉ်နဲ့ ပြသနိုင်တာ ဖြစ်ပြီး၊ မြန်မာ နှင့် ဂျပန်တို့အကြား ပိုမိုနက်ရှိုင်းတဲ့ အပြန်အလှန် နားလည်မှုတွေ ရရှိစေမှာလို့ ယုံကြည်ကြောင်းနှင့် အနုပညာ နဲ့ ဆက်စပ်လာပြီး နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ကိုလည်း အနာဂတ်မှာ တည်ဆောက် သွားနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း NIPAF ၏ ဒါရိုက်တာ Seiji Shimoda က ပြောပါတယ်။
NIPAF (Nippon International Performance Art Festival) ဆိုတာက နိပွန် နိုင်ငံတကာ ပါဖောမင့်အနုပညာ ပွဲတော် ပါ။ နိပွန်ဆိုတာက ဂျပန်လူမျိုးတွေက သူတို့ကိုယ် သူတို့ ခေါ်ဝေါ်တဲ့ အမည်ပါ။
သူတို့ တိုင်းပြည်ကိုလည်း နိပွန် နိုင်ငံတော် ဆိုပြီး ဂုဏ်ယူစွာ ပြောဆိုတတ်ပါတယ်။ NIPAF ကို ၁၉၉၃ ခုနှစ်က စပြီး Seiji Shimoda ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ ပါဖောမင့်အနုပညာ ကျယ်ပြန့်မြှင့်တင်နိုင်ဖို့နဲ့ ကမ္ဘာနဲ့အ၀ှမ်း ချိတ်ဆက်ပြီး အနုပညာ တင်ဆက်မှုတွေ ပြုလုပ်နိုင်ရေးအတွက် ရည်ရွယ်ပါတယ်။
၁၉၉၆ ခုနှစ်က စပြီး “အာရှနိုင်ငံများသို့” သွားရောက်တင်ဆက်ပြသပါတယ်။ အာရှက ပါဖောမင့် အနုပညာ ရှင် များ ပေါ်ထွက်လာရေး၊ အားပေးနိုင်ရေး ရည်ရွယ် တယ်လို့ သိရပါတယ်။
အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၅၀က ပါဖောမင့် အနုပညာရှင် ၄၀၀ ကျော်တို့ ချိတ်ဆက်ပြီး အနုပညာ လှုပ်ရှားမှုများ၊ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်မှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
၁၉၉၇ ခုနှစ်က စပြီး အာရှ နိုင်ငံများသာမက ဥရောပ၊ အမေရိက နိုင်ငံများသို့ သွားရောက်ကာ အနုပညာ ပူးပေါင်းဖလှယ်မှုနှင့် အနုပညာ လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိပါတယ်။
We hate them because we don't know them. ဆိုတာ အရင်ခေတ်တွေမှာ ရှိခဲ့တာပါ။
အခုခေတ်မှာတော့ We love them because we know them. လို့ ပြောင်းယူပြီး အပြန်အလှန် နားလည်မှု နဲ့ ပူးပေါင်းဖလှယ်မှုတွေ ပြုလုပ် လာကြပါပြီ။
အထူးသဖြင့် အနုပညာရေးရာကနေ တဆင့် ကြိုးစားနေကြပါပြီ။ ဒီလို အနုပညာအားပေးမြှင့်တင်တဲ့ တင်ဆက်မှုတွေဟာ အနာဂတ် လူသားအဖွဲ့အစည်းရဲ့ ငြိမ်းချမ်ရေးနဲ့ အပြန်အပြန်အလှန် နားလည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ။
နိုင်စွမ်း ~
0 comments :
Post a Comment