ဒိုင်ယာနာ သေဆုံးခဲ့မှု ပြန်စစ်ဆေး

Sunday, August 18, 2013

ဗြိတိန်နိုင်ငံက ဝေလ မင်းသမီး ဒိုင်ယာနာ သေဆုံး ခဲ့ရတဲ့ အဖြစ်နဲ့ပတ်သက်ပြီး ပြန်လည် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

 ဒိုင်ယာနာမင်းသမီး၊ ဓာတ်ပုံ- www.fanpop.com

၁၉၉၇ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ကားတိုက်ပြီး ကွယ်လွန်သွားသူ မင်းသမီး ဒိုင်ယာနာနဲ့ သူ့ ချစ်သူ ဒိုတီ အယ်ဖရက်တို့ရဲ့ အမှုမှာ စစ်ဘက်က ပတ်သက်နေတယ်ဆိုတဲ့ စစ်ဘက်က ပြောဆိုမှုကို ဘီဘီစီ သတင်း တပုဒ်က ဖော်ပြထားပါတယ်။ 

ဒါပေမယ့် ရဲတပ်ဖွဲ့က ဒီသတင်းအပေါ် အတည်မပြုပဲ သူတို့ရဲ့ စစ်ဆေးမှုဟာ အမှုပြန်ဖွင့်ဖို့လည်း မဟုတ် ဘူးလို့ ပြောထားပါတယ်။ 

ဗြိတိန်တော်ဝင် မင်းသား ချားလ်စ်ရဲ့ ကြင်ယာဟောင်း မင်းသမီး ဒိုင်ယာနာဟာ အိမ်ထောင်ရေး အဆင် မပြေ ဖြစ်ပြီးတော့ ပြင်သစ် ရေနံ သူဋ္ဌေး တဦးရဲ့သားဖြစ်သူ ဒိုတီနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ 

ဒီအပေါ် ဗြိတိန်တော်ဝင်တွေအကြား မနှစ်သက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပြီး  ၁၉၉၇ ခုနှစ်က ကားတိုက်မှုဖြစ်စဉ်မှာ အရက်အလွန်အကျွံမူးပြီး မဆင်မခြင် ကားမောင်းသူကြောင့်ဖြစ် တယ် လို့ ၂၀၀၈ ခုနှစ်က သေမှု သေခင်း စစ်ဆေးချက်က ထုတ်ပြန်ထားတာပါ။ 

ဒါပေမယ့် အခုထိလည်း ဒိုင်ယာနာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် သို့လောသို့လောနဲ့ မို့ ဘာကြောင့်များ ဒိုင်ယာနာသေဆုံးခဲ့ရလဲ ဆိုတဲ့ မေးခွန်းတွေက ဆက်လက်ဖြစ်နေဆဲပါ။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved