ဒေါက်တာရန်မျိုးသိမ်းရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကဲဖြတ်ချက်တချို့

Friday, August 23, 2013

ဒေါက်တာ ရန်မျိုးသိမ်းရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် အကဲဖြတ်ချက်တွေ ပါဝင်တဲ့ အင်တာဗျူး တခုပါ။ 
သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြ ထားတာနဲ့ ပြန်လည် သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

ဒေါက်တာ ရန်မျိုးသိမ်း၊ ဓာတ်ပုံ- Yan Myo Thein's Facebook

ဒီနေ့ထွက် မော်ဒန်ဂျာနယ်မှာ ဖော်ပြထားတဲ့ ကျွန်တော့်ရဲ့အင်တာဗျူးပါ။ အဝေး၊ အနီးက ကျွန်တော့် ရဲဘော်တွေ၊ မိတ်ဆွေတွေ ဖတ်၊ သုံးသပ်၊ ဝေဖန်၊ မှတ်ချက်ပြုနိုင်ဖို့ တင်ပေးလိုက်ပါတယ်။
လေးစားလျက်-

(၁) NLD ပါတီရဲ့အားသာချက် အားနည်းချက်တွေအပေါ်ဆရာ့ရဲ့အမြင်လေးပြောပြပေးပါရှင့်

အန်အယ်လ်ဒီပါတီရဲ့ အဓိကအားသာချက်ကတော့ ပြည်သူလူထု အများစုကြီး ကထောက်ခံ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုပါ။ အဓိကအားနည်းချက်ကတော့ ယနေ့အချိန် အထိ ပါတီကို စနစ်တကျတည်ဆောက်နိုင်ခြင်းမရှိသေးတဲ့အနေအထားပါ။
အခုလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ပါတီတည်ဆောက်ရေးကို စနစ်တကျ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒါဟာ အနာဂတ်မျိုးဆက်တွေ အတွက် နိုင်ငံရေးအမွေကောင်းပေးတာ ဖြစ်နိုင်ပါတယ်။

(၂) ပြည်သူတချို့က NLD ပါတီကိုဝေဖန်မှုတချို့ရှိလာတာတွေ့ရတယ်။အဲ့ဒါကရောဘာကြောင့်ပါလဲ။

အန်အယ်လ်ဒီပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာတွေကို ခပ်စိတ်စိတ်တွေ့လာနေရပါ တယ်။ အန်အယ်လ်ဒီပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တယ်ဆိုတာက အခုထက် ပိုကောင်းစေချင် လို့ ထင်ပါတယ်။ အားမလိုအားမရဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတီဟာ အဲဒီဝေဖန်မှုတွေကို ကြိုဆိုရပါမယ်။ ဝေဖန်တယ်ဆိုတာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြ တာဖြစ်လို့ ကျေးဇူးတောင်တင်ရပါမယ်။ 
အဲဒီဝေဖန်မှုတွေကို ဆန်းစစ်ကာ၊ ပြုပြင်သင့်တာ၊ ပြောင်းလဲသင့်တာတွေကို စနစ်တကျလုပ်လာနိုင် မယ်ဆိုရင် ပါတီအတွက်ရော၊ ဒေါ်အောင်ဆန်းစုကြည်အတွက်ရော အကျိုးရှိမှာဖြစ်တဲ့အပြင်၊
တိုင်းပြည်နဲ့ပြည်သူလူထုအတွက်လည်း အကျိုးများစေမှာဖြစ်ပါတယ်။ ဝေဖန်ရတဲ့အဓိက အကြောင်း ကတော့ အန်အယ်လ်ဒီပါတီကိုအားမရလို့ပါ။

(၃)ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တချို့ကထောက်ခံမှုအရင်ထက်စာရင်နည်းလာတာတွေ့ရ တယ်။ အဲ့ဒါကိုရော ဘာကြောင့်လို့ထင်ပါသလဲဆရာ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုအချို့ အရင်ကထက်စာရင်လျော့လာတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်က လွဲရင် ပြည်သူ လူထု က ယုံကြည်အားကိုးလောက်တဲ့ ခေါင်းဆောင်မရှိတာပါ။ ဒေါ်စုအပေါ် အားမရလို့၊ မထောက်ခံဘူးဆိုရင်၊ အဲဒီလူတွေ ဘယ်သူ့ကိုထောက်ခံမှာလဲ။ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိလွှတ်တော်တွင်း ဆောင်ရွက်မှုတွေကို အားမရတာတွေရှိသလို၊ ပါတီတည်ဆောက်ရေး အပိုင်းမှာ လစ်ဟင်းမှုတွေကို မကြိုက်တာတွေကြောင့် မထောက်ခံသလို ဖြစ်လာနေတာပါ။ ဒါပေမယ့် သေသေချာချာပြန်ကြည့်ရင်၊ ရွေးချယ်စရာလုံးဝမရှိတဲ့အနေအထားပါ။ ဒေါ်စု ကလွဲရင် တခြားထောက်ခံစရာလူတစ်ယောက်မှ မရှိတာကိုက ပကတိအခြေအနေပါ။

(၄)NLD အတွက် အားသာချက်၊အားနည်းချက်၊ခြိမ်းခြောက်ခံရတာ၊အခွင့်အလန်းတွေက
ဘာတွေဖြစ်နိုင်မလဲဆရာ။

အန်အယ်လ်ဒီရဲ့ အားသာချက်က ဒေါ်အောင်ဆန်းစုကြည်၊ အားနည်းချက်က လျော့ရဲတဲ့ပါတီ ဖွဲ့စည်းမှု၊ Threat ကပြည်ခိုင်ဖြိုးပါတီနဲ့မဟာမိတ်ပါတီတွေ၊ အခွင့်အလမ်းကတော့ ၂၀၁၅ အလွန် အစိုးရ နဲ့ လွှတ်တော်ကို ဦးဆောင်နိုင်တာပါ။

(၅) NLD ရဲ့ ၂၀၁၅ အလားအလာကို သိပါရစေ။

အန်အယ်လ်ဒီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးတွေမှာအမတ်နေရာအများစုကို အနိုင်ရနိုင်ပါတယ်။ ပြည်နယ်တွေမှာလည်း အမတ်နေရာတွေရနိုင်ပါတယ်။ အဲဒါကြောင့် အပြတ်အသတ် နိုင်မယ်လို့ဆိုနိုင်ပါတယ်။ အန်အယ်လ်ဒီက ရွေးချယ်တဲ့သူဟာ သမ္မတ နဲ့ဒုတိယသမ္မတ ဖြစ်လာပါလိမ့် မယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်ဥက္ကဌ ဖြစ် လာနိုင်ခြေရှိပါတယ်။

(၆)တချို့က လက်ရှိနိုင်ငံ့ခေါင်းဆောင်တချို့ နဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးအပေါ် မေးခွန်း ထုတ်နေကြတာတွေရှိပါတယ်။ အဲ့ဒီ့အပေါ်ဆရာ့ အမြင် သိပါရစေရှင့်။

ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်းအပါအ၀င် လွှတ်တော်အပိုင်းကလူတွေနဲ့ဆက်ဆံရေးဟာ အတော့်ကို ကောင်းနေတယ်လို့ဆိုနိုင်ပါတယ်။ 
သမတနဲ့အစိုးရအဖွဲ့အပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ထိတွေ့မှုအပိုင်းမှာ အားနည်းပါတယ်။ လွှတ်တော်နိုင်ငံရေးထဲ ၀င်လိုက်ပြီဆို ကတည်းက ဒေါ်စုဟာ သူတို့နဲ့ထိတွေ့အလုပ်လုပ်ရမယ်ဆိုတာက ရှင်းနေပါတယ်။ 
ဒါပေမယ့်
ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ပြည်သူလူထုဆီကို လွဲမှားတဲ့မက်ဆေ့ခ်ျရောက်သွားနိုင်တာမျိုး ကိုတော့သတိပြုစေချင်ပါတယ်။ ပြည်သူလူထုဟာ တကယ်တော့ အတော့်ကို ထိလွယ်ရှလွယ်ပါ တယ်။ နိုင်ငံရေးအရ အတော့်ကို နုနယ်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့

(၁)အခု ၈၈ သွားနေတဲ့ လမ်းကြောင်းကိုရော ဘယ်လို သုံးသပ်မိပါသလဲဆရာ။

အခု ၈၈ သွားနေတဲ့လမ်းကြောင်းက မသေချာ၊ မရေရာတဲ့၊ ၀ိုးတိုးဝါးတားလမ်းကြောင်း ပါ။ ပြည်သူတွေမျှော်လင့်တဲ့အနေအထားနဲ့ အတော့်ကို အလှမ်းဝေးနေပါတယ်။

(၂)၈၈ မှာရော အားသာချက်၊အားနည်းချက်၊အခွင့်အလန်၊ခြိမ်းခြောက်ခံရတာတွေက ဘာတွေဖြစ်မလဲဆရာ။

၈၈ ရဲ့အားသာချက်ကတော့ ပြည်သူလူထုက သူတို့ကို ဒေါ်စုပြီးရင်ဒုတိယခေါင်းဆောင်တွေအဖြစ် သတ်မှတ်ခံထားရတာပါ။ အားနည်းချက်ကတော့ လူထုအခြေပြုအဖွဲ့အစည်းအဖြစ်ရပ်တည်နေတာ၊
နိုင်ငံရေးအရ ပြတ်သားမှုမရှိတာ၊ အဖွဲ့အစည်းအဖြစ် စနစ်တကျဖွဲ့စည်းရပ်တည်နိုင်မှုမရှိတာ၊ မူဝါဒ၊လမ်းစဉ်သတ်သတ်မှတ်မှတ်မရှိတာတွေပါ။ Threat ကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့မဟာမိတ်ပါ တီတွေပါ။ အခွင့်အလမ်းကတော့ လက်ရှိအခြေအနေအထိပြည်သူလူထုဟာ ဒေါ်စုပြီးရင် ၈၈ ကို အမျှော်လင့်ဆုံးဖြစ်နေသေးတာပါ။

(၃)တချို့က ၈၈ ကိုလည်းဝေဖန်တာရှိလာပါတယ်။ပြသနာတချို့ကို ပိုကြီးအောင်လုပ်လာတယ်လို့
ဝေဖန်ကြတာတွေကိုရော ဆရာ့အနေနဲ့ ဘာမှတ်ချက်များပေးချင်ပါသလဲဆရာ။

အဲဒါကတော့ မဟုတ်ပါဘူး။ ပြသနာဆိုတာက အကြောင်းမရှိပဲ မပေါ်လာပါဘူး။ အဲဒီ ပြဿနာတွေ ကို လိုက်ဖော်ပေးနေတာ၊ လိုက်ကောက်သင်းကောက်ပေးနေတာ က ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကို ထောက်ပြချင်လို့ပါ။ ပြဿနာတွေပိုကြီးလာတယ်ဆိုတာက တာဝန်ရှိတဲ့သူတွေရဲ့ဖြေရှင်းကိုင်တွယ်ပုံ နည်းလမ်းမှားယွင်းတာကနေစကြတာပါ။ 
အဲဒီတော့ ၈၈ က ပြဿနာတွေကို ပိုကြီးအောင်လုပ်လာတယ်လို့ ဝေဖန်တာက အခြေအမြစ် မရှိဘူးထင်ပါ တယ်။ ပြသနာတွေကို သိသာမြင်သာအောင်လုပ်ပေးတာ အစိုးရနဲ့တာဝန်ရှိသူတွေက ကျေးဇူးတောင်တင်ရဦးမှာပါ။ ပြဿနာတွေကြီး လာရတာက ၈၈ ကြောင့်မဟုတ်ပါဘူး။ တာဝန်ရှိသူတွေရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲ မှု ကြောင့်ပါ။

(၄)၈၈ ကရော ၂၀၁၅ မှာ ရွေးကောက်ပွဲ ၀င်ခဲ့ရင် ဘယ်လို အနေအထားရှိနိုင်ပါသလဲဆရာ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၈၈ အနေနဲ့၊ အန်အယ်လ်ဒီပါတီနဲ့ပူးပေါင်းဝင်တယ်ဆိုရင်တော့ အမတ်နေရာ အတန်အသင့်ရနိုင်ခြေရှိပါတယ်။ အဲဒီလိုမဟုတ်ပဲ၊ ၈၈ အနေနဲ့ သီးသန့်ဝင်မယ်ဆို ရင်တော့ အနိုင်ရရှိဖို့ အတော့်ကို အလားအလာနည်းတယ်လို့ဆိုရပါမယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

(၁)ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်း၊ဗျူဟာကိုဘယ်လိုထင်မြင်မိပါသလဲဆရာ။

ပြည်ခိုင်ဖြိုးပါတီကတော့ လက်ရှိအနေအထားမှာ low profile နဲ့ ကေဒါပါတီအသွင် ရပ်တည် တည်ဆောက်နေတယ်လို့မြင်ပါတယ်။ လူထုအတွင်းမှာ ကျယ်ပြန့်တဲ့ ထောက်ခံမှုရအောင် စနစ်တကျတည်ဆောက်နေတယ်လို့ဆိုနိုင်ပါတယ်။

(၂)ပြည်ခိုင်ဖြိုးပါတီရဲ့ အားသာချက်၊အားနည်းချက်၊ခြိမ်းခြောက်ခံရမှုနဲ့ အခွင့်အလန်းတွေကို သိပါရစေဆရာ

ပြည်ခိုင်ဖြိုးပါတီရဲ့အားသာချက်ကတော့ ငွေကြေး၊ အချက်အလက်စတဲ့အရင်းအမြစ်အပိုင်းတွေမှာ အားကောင်း တာနဲ့တပ်မတော်နဲ့နီးစပ်တာပါ။ အဓိကအားနည်းချက်ကတော့ ပြည်သူလူထုအများစု ကြီးက ယုံကြည်ထောက်ခံမှု မရှိတာပါ။ သူတို့အတွက် Threat ကတော့ အန်အယ်လ်ဒီပါတီနဲ့ အခြား ဒီမိုကရက် တစ် အင်အားစုတွေပါ။ သူတို့ရဲ့အခွင့်အလမ်းကတော့ အန်အယ်လ်ဒီပါတီနဲ့ ရွှေလမ်းငွေလမ်းဖောက်ဖို့ အားကောင်းလာနေတာပါ။

(၃) ပြည်ခိုင်ဖြိုးပါတီကခေါင်းဆောင်တချို့ကနောက်ပိုင်းပွင့်လင်းမြင်သာမှုရှိလာတာ တချို့ ကိစ္စတွေမှာ ပြည်သူတွေကပြည်ခိုင်ဖြိုးအပေါ်အရင်လောက် ခါးခါးသီးသီး သိပ်မဖြစ်တော့တာအပေါ် ဆရာ့ အမြင်လေး သိ ပါစေ။

ပြည်ခိုင်ဖြိုးပါတီအပေါ် ပြည်သူတွေက အရင်လောက် ခါးခါးသီးသီးသိပ်မဖြစ်တော့ဘူးလို့တော့ သုံးသပ်ဖို့ ခက်ပါတယ်။ အဲဒါက နောက်ပိုင်းပွင့်လင်းမြင်သာမှုရှိလာတာကြောင့်လို့ပြောမယ်ဆို ရင်တော့ပို မဖြစ်တန်ရာဘူးထင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ပွင့်လင်းမြင်သာမှုဟာပြည်သူလူထုရဲ့ နှလုံးသား ကို ဆွဲကိုင်လှုပ်နိုင်လောက်တဲ့အထိ အားမကောင်းသေးဘူးဆိုတာကတော့ ပကတိ အခြေအနေပါ။

(၄) ပြည်ခိုင်ဖြိုးပါတီရဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အလားအလာကရော ဘယ်လိုရှိနိုင်မလဲဆရာ။

ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာအနည်းစုပဲအနိုင်ရနိုင်မယ်ထင်ပါတယ်။ ပီအာစနစ်အောက်မှာဆိုရင် နည်းနည်းတော်ပါဦးမယ်။ အခုလက်ရှိရွေးကောက်တဲ့စနစ်အောက် မှာ ဆိုရင်တော့ ခွက်ခွက်လန်ရှုံးမယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာကလည်း ကြွေ တစ်လှည့် ကြက်တစ်ခုန်ပါ။ 
အန်အယ်လ်ဒီပါတီနဲ့ပြည်ခိုင်ဖြိုးပါတီအကြား ရွေးကောက်ပွဲမတိုင်ခင် မဟာမိတ်ဆက် ဆံရေးပုံဖော်နိုင် ကာ၊ အရှောင်အတိမ်းလေးတွေနဲ့ ရွေးကောက်ပွဲဝင်နိုင်ရင်တော့ အမတ်နေရာအချို့ပိုရလာနိုင်ပါတယ်။


ဒေါက်တာ ရန်မျိုးသိမ်း ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved