ကြယ်ကြွေည သန်းခေါင်ယံ

Sunday, August 18, 2013





ပြီးခဲ့တဲ့ တနင်္ဂနွေည သန်းခေါင်ယံနဲ့ တနင်္လာနေ့ မိုးသောက်ယံမှာ Perseids meteor ကြယ်တွေ ကြွေမယ့်အကြောင်းကို ဟိုးအစောကြီး ကတည်းက နက္ခတ်တာရာ ပြက္ခဒိန်မှာ ကျနော်မှတ်ထားမိတယ်၊



 ဒါပေမယ့် မှတ်သာမှတ်ထားပေမယ့် မျှော်လင့်ချက် ကတော့ သိပ်အကြီးကြီး မထားမိပါဘူး၊ အကြောင်းက သြဂုတ်လဟာ နွေရာသီ ဆိုပေမယ့် တိမ်တွေထူ၊ မိုးတွေရွာချင်လည်း ရွာနေတတ်တာမျိုး မဟုတ်လား၊ အရင်ကလည်း အဲဒီလို မှတ်ထားပြီး သတ်မှတ်ရက် နီးလာတော့ ကောင်းကင်ကို တမော့မော့နဲ့ တိမ်တွေ ကင်းမှ ကင်းပါ့မလားလို့ စောင့်ကြည့်ရင်း ဘာမှ မမြင်လိုက်ရဘဲ ကျော်လွန်သွားတဲ့ ရက်တွေ ရှိခဲ့ဖူးတာကိုး...၊
ဒါပေမယ့် ဒီနှစ် ဥရောပရဲ့ နွေရာသီဟာ အပူလှိုင်းတွေဘာတွေ ဖြတ်တဲ့အထိကို ပူပါတယ်၊
ဒီလိုနဲ့ ကြယ်တွေအများဆုံး ကြွေမယ်ဆိုတဲ့ တနင်္ဂနွေညကို နီးလာတဲ့အထိ ရာသီဥတုကလည်း နေ့ရောညပါ ကြည်ကြည်လင်လင်နဲ့ ရှိနေခဲ့တော့ မျှော်လင့်ချက် ပါးပါးလေး ပြန်တက်လာခဲ့တယ်၊
D-day မတိုင်ခင် ၂ ရက်အလိုမှာ မိုးလေဝသ ခန့်မှန်းချက်ကို ကြည့်တော့ ကောင်းကင်ဟာ စနေကနေ တနင်္ဂနွေညမှာ အကြည်လင်ဆုံး ရှိနေမယ်၊
ဒါပေမယ့် ကြယ်ကြွေညရဲ့ အထွတ်အထိပ်လို့ ဆိုတဲ့ တနင်္ဂနွေကနေ တနင်္လာညမှာတော့ တိမ်စိုင်တချို့ ရှိနိုင်မယ်-တဲ့၊
ဘယ်လိုပဲဖြစ်ဖြစ် တနင်္လာနေ့မှာ အလုပ်သွားရမှာ ဖြစ်လို့ တနင်္ဂနွေမှာ ညဥ့်နက်သန်းခေါင် နေဖို့ ကျနော့်အတွက် ခဲယဉ်းပါတယ်၊ ဒါနဲ့ပဲ စနေနေ့ညမှာ ကြယ်တွေကို ဓါတ်ပုံထွက်ရိုက်ဖို့ ရွေးချယ်လိုက်တော့တယ်...၊

တကယ်တော့ မူလအစီအစဉ်က ဟိုတလောက ကျနော်တို့သွားခဲ့တဲ့ observatory ရှိတဲ့တောင်ပေါ်ကိုသကို သွားဖို့ပါ၊ အဲဒီနေရာမှာ မြို့ ပြရဲ့ ̔အလင်းညစ်ညမ်းမှု̕ တွေ မရှိသလောက် နည်းပါးပါတယ်၊ ဒါပေမယ့် ဖြစ်ချင်တော့ အနီးကပ်မှ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး၊ ကျနော် ခါးမျက်သွားတယ်၊ ဒါနဲ့ပဲ တောင်ပေါ်သွားမယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး အိမ်အနီးက မြင်ကွင်းမှာပဲ ကျေနပ်လိုက်ရ တော့တယ်၊

စနေနေ့ည ၁၁ နာရီ ၃၅ မိနစ်မှာ ဝရန်တာကနေ လှမ်းကြည့်တော့ ကောင်းကင်ဟာ တိမ်တွေလုံးဝ ကင်းစင်ပြီး ကြည်လင်နေခဲ့ပြီ၊ ဒါနဲ့ နေ့လယ်ကတည်းက ဓါတ်ခဲကို အားအပြည့်သွင်းထား၊ မဲင်မိုရီကဒ်ကို ရှင်းထားတဲ့ ကင်မရာကို ထရိုင်ပေါ့ထ်မှာတပ်၊ intervalometer timer ကို ကင်မရာမှာတပ်၊ အနွေးထည်နဲ့ ဓါတ်မီးကိုယူ၊ မအိမ်သူကို တခါတည်း ဂွတ်နိုက်လုပ်ပြီး အိမ်အောက်ကို ဆင်းလာခဲ့တယ်...၊


ဟိုး.. ငယ်ငယ်လေး ကတည်းက ကျောင်းစာတွေထဲမှာ သင်ခဲ့ရတဲ့ နဂါးငွေ့တန်း ဂလက်ဆီကို ကျနော့်ရဲ့ မျက်စိရှေ့တည့်တည့်မှာ ထင်းထင်းကြီးကို တွေ့နေရတယ်၊ ဒါတောင်မှ အိမ်နားမှာ ကားပါကင်က မီးတွေ၊ လမ်းမီးတွေ၊ အိမ်တချို့က မီးတွေနဲ့ လင်းနေလို့ အမှောင်ဆုံးဖြစ်တဲ့ သစ်ပင်ရိပ်တွေမှာ ကပ်သပ်ပြီး နေခဲ့ရတာပါ၊ မြန်မာပြည်မှာ ဆိုရင်တော့ မှောင်ရိပ်ခိုမှုနဲ့ အဆွဲခံရနိုင်ပေမယ့် အခုတော့ မီးမရှိတဲ့ အခိုက်အတန့်ကို ကျေနပ်နေမိတယ်၊ ဂလက်ဆီကို မြင်ကွင်းကနေ ပျောက်သွားမှာစိုးလို့ ကျနော်တော့ လက်နက်နဲ့ငြိမ်းချမ်းရေး မလဲချင်.. အဲ... အလင်းမဝင်ချင် သေးဘူး၊း) ဒီပုံကို တနင်္ဂနွေနေ့ မနက် ၁ နာရီ ၂၅ မိနစ်မှာ ရိုက်ပါတယ်...၊


နက္ခတ်တာရာ ပြက္ခဒိန် အလိုအရ ကြယ်ကြွေမှာကို ကောင်းကင်တခွင်လုံးမှာ မြင်ရမှာဖြစ်ပေမယ့် ကြယ်တွေက Perseus constellation ကနေ ကြွေမယ်လို့ ဆိုတယ်၊ ကျနော်နေတဲ့ အရပ်ကနေ ကြည့်မယ်ဆိုရင် Perseus constellation က မြောက်ဖက်မှာ ရှိပါတယ်၊ ကံဆိုးချင်တော့ အဲဒီမြောက်ဖက်မှာ အဆောက်အဦးတွေက မီးတွေ၊ လမ်းမီးတွေနဲ့ လင်းထိန်နေလို့ ကင်မရာကို ဘယ်လိုမှ လှည့်လို့မရနိုင်ခဲ့ဘူး၊ ဒါနဲ့ပဲ Milky way ရှိတဲ့ တောင်ဖက်အရပ်ကိုပဲ ကင်မရာကို အသေချိန်ထားပြီး ထိုင်ရိုက်နေလိုက် တော့တယ်၊ မနက် ၁ နာရီလောက်က စပြီးတော့ ကြယ်တွေက အရပ်ရှစ်မျက်နှာလုံးမှာ ကြွေပါတယ်၊ တစ်နာရီကို အလုံး ၅၀ ကနေ ၆၀ လောက်အထိ ကြွေမယ်လို့ ပြောထားပေမယ့် ကျနော့်မျက်စိရှေ့ မှာတော့ အဲဒီလောက် မများပါဘူး၊ တချို့ ကြယ်တွေက ခဏလေးနဲ့ မီးလောင်သွားလို့ ကြွေချိန်မြန်တာအပြင် ကျနော်က မြက်ခင်းပေါ်မှာ လှဲမအိပ်ဘဲ ထိုင်ရုံပဲထိုင်နေလို့ ကောင်းကင်တခွင်လုံးကို မြင်ကွင်းက မခြုံမိတာကြောင့်လည်း ပါ,ပါလိမ့်မယ်၊ အင်မတန်လှတဲ့ meteor fireball ကြယ်လုံးကြီး ၃ လုံး ကြွေတာကို မျက်စိနဲ့ မြင်လိုက်ရပေမယ့် ကင်မရာရှိတဲ့ဖက် မဟုတ်လို့ မမိလိုက်ဘူး၊ ကျနော်ရိုက်လို့ ရတဲ့အထဲက ခေါင်းပြတ်၊ အမြီးပြတ်၊ ဟိုတစောင်း၊ ဒီတစောင်း ပုံတွေကို ဖယ်ပြီး အဆင်အပြေဆုံး အပေါ်ကပုံနဲ့ပဲ ဒီတစ်ခေါက် ကျေနပ်လိုက်ရ ပါတယ်...၊

အိမ်ပေါ်ကို ပြန်တက်လာတော့ မနက် ၃ နာရီခွဲ ရှိနေပြီ၊ လုံးဝမည်းမှောင်တဲ့ နေရာကနေ ရိုက်ခဲ့တာ မဟုတ်လို့ ကြယ်တွေက လင်းသင့်သလောက်တော့ မလင်းပါဘူး၊ ဒါပေမယ့် နဂါးငွေ့တန်း ဂလက်ဆီအပါအဝင် Perseids meteor shower ရဲ့ ကြယ်ကြွေမိုး အမှတ်တရအဖြစ် တင်လိုက်ပါတယ်၊ ပုံတွေအားလုံးကို ISO 3200 နဲ့ f/2.8 မှာထားပြီး intervalometer timer နဲ့ စက္ကန့်သုံးဆယ် အလင်းပေးပြီး ရိုက်ပါတယ်...။ ။

ညီလင်းသစ်
၁၂ သြဂုတ်၊ ၂၀၁၃
http://nyilinnthit.blogspot.com/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved