စနိုဒင်က ၂၁ ရာစု စစ်အေးခေတ်ကို မွေးဖွားပေးသလား

Saturday, August 3, 2013

အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒ၀က် စနိုဒင်ကို ရုရှားနိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် အဖြစ် ၁ နှစ် တာ နေထိုင်ခွင့် ပေးလိုက်တာဟာ အမေရိကန် ပြည်ထောင်စု အိုဘားမား အစိုးရကို အကြီးအကျယ် 
ဒေါသ ဖြစ်စေခဲ့ပါပြီ။ 


စနိုဒင်ဟာ ဟောင်ကောင်ကနေ ရုရှားနိုင်ငံ မော်စကို လေဆိပ်ထဲမှာ ရက်တော်တော်များများ ပိတ်မိနေ ခဲ့ပြီး နိုင်ငံတချို့ကိုလည်း ခိုလှုံခွင့် လျှောက်ထားခဲ့ပါတယ်။ 

တချိန်တည်းမှာ စနိုဒင်ကို ခိုလှုံခွင့် မပေးရေးအတွက် အမေရိကန်က ဖိအားပေး ပြောဆိုမှုတွေ ဆက်တိုက် 
ဖြစ်လာခဲ့ပါတယ်။ 

ရုရှားနိုင်ငံကိုလည်း အလားတူ အမေရိကန်က ဖိအားပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ရုရှားဟာ အမေရိကန် ရဲ့ ဖိအားပေးမှုကို လွန်ဆန်ပြီး အခုတော့ ၁ နှစ်တာ နေထိုင်ခွင့်နဲ့အတူ ယာယီ ခိုလှုံခွင့်ပေးလိုက်တာဖြစ်ပါ တယ်။ 

အခုတော့ စနိုဒင်ဟာ မော်စကို လေဆိပ်ထဲကနေ ရုရှားနိုင်ငံတွင်းက လုံခြုံတဲ့ တနေရာကို ရောက်သွားပြီ လို့ သူ့ရှေ့နေက နိုင်ငံတကာ မီဒီယာတွေကို ပြောပါတယ်။ 

စနိုဒင်ကို ရုရှားက ခိုလှုံခွင့်ပေးလိုက်ခြင်းဟာ စစ်အေးခေတ် အမေရိကန်- ရုရှား အားပြိုင်မှုတွေအလွန် ဒုတိယ စစ်အေးတိုက်ပွဲကို ဖန်တီးလိုက်ခြင်းလားလို့ သုံးသပ်မှုတွေလည်း ဆက်တိုက်ပေါ်ထွက်လာနေပါ တယ်။ 

စနိုဒင်ဟာ အမေရိကန်ရဲ့ လုံခြုံရေး ကိစ္စတချို့ကို ဖော်ချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထွက်ပြေးတိမ်းရှောင်
နေရ သူပါ။ သူ့ဆီမှာ အမေရိကန်ရဲ့ အထူးလျှို့ဝှက် လုံခြုံရေး ကိစ္စတွေလည်း ရှိနေတယ်လို့ ပြော ဆိုနေကြ ပြီး စနိုဒင်ဟာ ၂၁ ရာစု စစ်အေးတိုက်ပွဲကို မွေးဖွားပေးမယ့် မီးတစအဖြစ် တင်စားပြောဆိုနေသူတွေလည်း ရှိနေပါတယ်။ 

စနိုဒင်အာ ကမ္ဘာ့အင်အား အကြီးဆုံး အမေရိကန် ပြည်ထောင်စုနဲ့ အားပြိုင်ကစားကွက်ပေါ်က နယ်ရုပ် တရုပ် ဖြစ်လာနေပြီလို့လည်း ပြောဆိုမှုတွေ တွေ့ရပါတယ်။ 

စနိုဒင်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတခုလည်း မကြာမီ ပေါ်ထွက်လာနိုင်မယ် ထင်ပါတယ်။  အခုထိ
တော့ လက်တွေ့ ကမ္ဘာမျက်နှာပြင်ပေါ်က ပိတ်ကားပေါ်မှာ စနိုဒင် ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ ဘယ်သူ မှ ကြိုတင် မသိနိုင်ဘူး ထင်ပါတယ်။

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved