ငါးတန်း ABC သမား၊ ငါးပုဒ်ကျက် ဘွဲ့ရနဲ့ မြန်မာပြည်ပညာရေး

Wednesday, September 25, 2013

 ~




ပြီးခဲ့တဲ့ရက်ပိုင်း ဥရောပခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနဲ့ ပညာရေးဆိုင်ရာတွေ ပို့ချတယ် ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။



သတင်းဆိုတော့လည်း ပို့ချချက်ထဲက ကောက်နုတ်ပြီး ဖော်ပြထားတာပါပဲ။ ပညာရေးလို့ဆိုလိုက်ရင် ကျွန်မမှာ ကျောစိမ့်လှပါတယ်။
စာသင်တဲ့ ဆရာမ တစ်ယောက်အတွက် ပညာရေးဟာ အသက်မွေးဝမ်းကျောင်းမှုတစ်ခုဖြစ်သလို၊ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
ပညာရေး နိမ့်ကျတယ်ဆိုရင် ကျွန်မတို့လည်း နိမ့်ကျခြင်းရဲ့ တရားခံများဖြစ်ပါတယ်။

            တစ်ခါတစ်လေ တရားခံတိုင်းဟာလည်း တရားခံဖြစ်ချင်လွန်းလို့ မဟုတ်ပါဘူး။ တရားခံဖြစ်အောင် တွန်းပို့လို့ တရားခံဖြစ်သွားတာတွေ အများကြီးပါ။
ဒီလိုပါပဲ ကျွန်မတို့လည်း ခေတ်စနစ်က ကောင်းကောင်းကြီး တွန်းပို့ခံလိုက်ရတဲ့ တရားခံတွေပါ။
ကျွန်မတို့က တော်လှန်ရေးကောင်စီခေတ်က ကျောင်းသားကျောင်းသူအစစ်တွေပါ။ ငါးတန်း ရောက်မှ အေ၊ ဘီ၊ စီ၊ ဒီ သင်ရတဲ့ မျိုးဆက်တွေပါ။
တက္ကသိုလ်ဝင်တန်းရောက်တော့လည်း သိပ္ပံ၊ ၀ိဇ္ဇာဘာသာတွဲကို အဋ္ဌမတန်းမှာ မခွဲတော့ဘဲ ပေါင်းပြီး ဇီဝဗေဒကို ဖြုတ်ပြီး ရှစ်ဘာသာသင်ယူခဲ့ရတာ မြန်မာလိုချည်း သင်ရတဲ့အတွက် သင်သမျှဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အခြေခံလောက်ကိုတော့ ခုထိပြောနိုင်သေးပါတယ်။
တနည်းအားဖြင့် ခေါင်းထဲဦးနှောက်ထဲ ကျန်နေတယ်။ မြန်မာစကားပဲပြောတဲ့ ငါးတန်းက စပြီး အင်္ဂလိပ်စာ စသင်ရတဲ့အတွက် မြန်မာလိုသင်တဲ့ ဘာသာရပ်များရဲ့ သဘောတရားဟာ ခုထိကျန်နေခဲ့တယ်လို့ အောက်မေ့ပါတယ်။

          တက္ကသိုလ်ရောက်တော့လည်း အဓိကယူတဲ့ ဘာသာရပ်ရော၊ တခြားတွဲယူရတဲ့ ဘာသာရပ်တွေ အားလုံး မြန်မာလိုပဲသင်ရပါတယ်။
ဒါ့ကြောင့်လည်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က သင်ခဲ့တဲ့ ယုတ္တိဗေဒကို ခုထိနားလည် သဘောပေါက်နေသလို သမိုင်းကိုလည်း ကောင်းကောင်းသိပါတယ်။
မြန်မာလိုသင်၊ မြန်မာလိုနားလည်၊ မြန်မာလိုချရေးရတော့ အလွတ်ကျက်ရတာဆိုလို့ ကဗျာစာကိုးတွေ၊ အဓိပ္ပါယ်သတ်မှတ်ချက်တွေလောက်ပဲရှိပါတယ်။
ဘာသာရပ်ကိုလည်း နားလည်၊ နားလည်တာကိုလည်း နားလည်သလိုချရေးနိုင်တဲ့ ဘာသာစကားဆိုတော့ ကျွန်မတို့ အလွတ်မကျက်မှတ်ခဲ့ရပါဘူး။

          ကျွန်မတို့ ဘွဲ့ရပြီးတော့ န၀မတန်းကစလို့ ဘာသာရပ်တိုင်းကို အင်္ဂလိပ်လိုပြောင်းလဲလိုက်ပါတယ်။ န ၀ တ ခေတ်ပေါ့လေ။
ကျွန်မတို့ မဟာသိပ္ပံကျမ်းပြုတွေ ဂျွမ်းထိုးခဲ့တဲ့နှစ်ပေါ့လေ။ ကျမ်းကို အင်္ဂလိပ်လို ပြုစုရပါပြီ။ ဘာသာရပ်တစ်ခုလုံးကို မြန်မာလိုသင်ခဲ့၊ မှတ်ခဲ့၊ ဖြေခဲ့တဲ့သူတွေကို တွေးကြည့်ရင် ကိုယ်ချင်းစာနိုင် ပါတယ်။ မဟာပညာရှင်များက ကျောင်းစာတွေကို အင်္ဂလိပ်လိုသင်လိုက်ရင် ပညာရေးအဆင့်မြင့်သွားတယ်လို့ အထင်ရောက်ပုံရပါတယ်။
ခု ကျွန်မတို့ ငါးတန်း အေ၊ ဘီ၊ စီ၊ ဒီ သမားတွေ သက်ဆိုင်ရာဘာသာရပ်တွေရဲ့ ပါမောက္ခကြီးတွေ ဖြစ်နေပါပြီ။

          ကျွန်မတို့က သင်လိုက်တဲ့ တပည့်သားတွေက နည်းပြလောက်ဖြစ်ပြီး၊ မူလတန်းဆရာမလောက်လည်း ဖြစ်နေပါပြီ။
ငါးတန်း အေ၊ ဘီ၊ စီ သမားတွေရဲ့ တပည့်တွေ ဆရာပြန်ဖြစ်တဲ့အချိန်မှာ အဲဒီတပည့်တွေက စုစုပေါင်း တနှစ်ခွဲလောက် တက္ကသိုလ်ပညာရေး၊ တနည်းအားဖြင့် ငါးပုဒ်ကျက်ဖြေ တက္ကသိုလ်ပညာရေးစနစ်နဲ့ ဘွဲ့ရခဲ့သူတွေပါ။

          ငါးတန်း အေ၊ ဘီ၊ စီ သမားက ပါမောက္ခဖြစ်ချိန်မှာ ငါးပုဒ်ကျက် ဘွဲ့ရသမားများက ဆရာမ ဖြစ်နေပြီပေါ့။

အဲဒီ့ဘွဲ့ရတွေဟာ ငါးတန်း အေ၊ ဘီ၊ စီ သမားက အင်္ဂလိပ်လို သင်လိုက်တာကို ခံယူခဲ့သူများပါ။
ကျွန်မတို့ခေတ်မှာ မြန်မာလိုသင်ရတဲ့အတွက် သင်ဆိုင်ရာ ဘာသာရပ်ကိုတော့ ကောင်းကောင်းကြီးကို တတ်ကျွမ်းနားလည်ခဲ့ရပါတယ်။
ဒါပေမယ့် ကျွန်မတို့ ပို့ချရတဲ့အခါကျတော့ ဘာသာရပ်ကို အင်္ဂလိပ်စာနဲ့ ရေးသားထားပြီး နားလည်အောင်ရှင်းပြ လက်ချာပေးတာကတော့ ဗမာလိုပါ။
ပို့ချသူက ဘာသာရပ်ကို နားလည်အောင်ရှင်း ပြနိုင်ပေမယ့် အင်္ဂလိပ်ဘာသာစကားအနက်ကို ပြန်နေရတာနဲ့ အချိန်ကုန်တော့ ဘာသာရပ်ဟာ မှေးမှိန်သွားသလိုများ ဖြစ်ခဲ့ဟန်တူပါတယ်။
အင်္ဂလိပ်ဝေါဟာရတွေကို ဘာသာပြန်ပေးနေသလိုဖြစ်တော့ ကျွန်မတို့ ဘာသာရပ်ဆိုင်ရာ အတွေးအခေါ်၊ အယူအဆတွေထက် ကျောင်းသားကျောင်းသူများကလည်း ရှေ့မှာချထားတဲ့ အင်္ဂလိပ်လို ပြင်လိုက်ကြီးရေးထားတဲ့ စာပေါ်မှာ ခဲတံလေးတွေနဲ့ အဓိပ္ပါယ်ကိုသာမက အသံထွက်ကိုပါ မြန်မာလို စာလုံးပေါင်းပြီး မှတ်ရရှာပါတယ်။ 
ပို့ချလိုက်တဲ့ သဘောတရားတွေ၊ ရှင်းပြချက်တွေဟာ သာမညဖြစ်သွားပြီး ရေးထားတဲ့ ဘာသာစကားက ရှေ့ရောက်သွားသလိုဖြစ်သွားတယ်လို့ ကျွန်မမှာ အမြင်ရှိပါတယ်။

          ခုအဲဒီတပည့်များက ဆရာဖြစ်နေပါပြီ။ ငါးပုဒ်ကျက်ဘွဲ့ရများ ဆရာဖြစ်နေပါပြီ။ တက္ကသိုလ်အဆင့် ပညာသင်ယူမှုကို ဘာမှမရလိုက်တဲ့သူတွေပါ။ 
အခြေခံပညာကျပြန်တော့လည်း လူခြောက်ဆယ်၊ ခုနစ်ဆယ် ဆရာမတစ်ယောက်နဲ့ သင်ခဲ့ရတဲ့အပြင် အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်းတွေ၊ ကုစားစနစ်တွေ စသဖြင့် ဘာတွေ ဘယ်လိုဖြစ်ကုန်သလဲတော့ မသိပါဘူး။ တော်တော်ကို အူလည်လည် ဖြစ်နေတဲ့ ပညာရေးစနစ်ရဲ့ သားကောင်များဟာ ဆရာဖြစ်ကုန်ကြပါပြီ။

          ရန်ကုန်နာရေးကူညီမှုအသင်းမှာ ဆရာမွမ်းမံသင်တန်းလေး လုပ်စဉ်က ဘုန်းတော်ကြီးပညာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေ နဲ့ တွေ့ဆုံရတဲ့အခါ သက်ပြင်းသက်မ ရှိသမျှ အကုန်ချလိုက်ရ ပါတော့တယ်။ ပထမဦးဆုံးသိလိုက်ရတာက သူငယ်တန်းအင်္ဂလိပ်စာသင် ဆရာ၊ ဆရာမများရဲ့ အဖြစ်သနစ်ကိုပါ။
မွမ်းမံသင်တန်းကိုလာရောက်တက်သူများက သူငယ်တန်းကနေ စတုတ္ထတန်းအထိသင်ကြားနေတဲ့ ဆရာ၊ ဆရာမ နှစ်ဆယ်ကျော်၊ အစိတ် ၊ သုံးဆယ် အရွယ်လောက်တွေပေါ့။

            စာသင်ခန်းထဲကို ကျွန်မ ပန်းသီးအနီလေးတစ်လုံး ယူသွားပါတယ်။ သူငယ်တန်းအင်္ဂလိပ်စာက ဝေါဟာရ သက်သက်နဲ့ပဲ ဖွဲ့စည်းထားတာပါ။
ဝါကျတစ်ကြောင်းမှ မပါပါဘူး။ a for apple နဲ့စတဲ့ ပြဋ္ဌာန်းချက်ပါ။ ကျွန်မက ပန်းသီးလေးကိုပြပြီး a for apple နော်လို့ ဆိုတဲ့အခါ ဆရာ၊ ဆရာမတွေက ရယ်ပါတယ်။
ဒီတော့ ကျွန်မက ပန်းသီးလေးနဲ့ပါတ်သက်ပြီး ဆက်ပြောပါလို့ဆိုတဲ့အခါ အားလုံးသော ဆရာ၊ ဆရာမတွေက အူကြောင်ကြောင် ဖြစ်သွားပါတယ်။
ဘယ်သူ့ဆီကမှ ဘာအသံမှ ထွက်မလာပါဘူး။ ဗမာလိုပြောပါ ဒီပန်းသီးလေးအကြောင်းလေလို့ ဆိုတော့ ဘာမှမပြောဘဲ အချင်းချင်း တီးတိုးစကားဆိုကြပါတယ်။
ဒီတော့ ကျွန်မက ပန်းသီးလေးက နီတာပေါ့ လို့ ဆိုလိုက်တော့လည်း မျက်နှာလေးတွေက ကျွန်မပေးတဲ့ အချက်အလက်ပေါ်မှာ ဘာမှန်းမသိပါဘူး။
အဲဒါကိုပဲ အင်္ဂလိပ်လိုပြောကြည့်ပါဦးဆိုတော့လည်း ဒီအတိုင်းပါပဲ။

          ပန်းသီလေးနီတယ်။ ပန်းသီးလေး ချိုတယ်။ ပန်းသီးလေးက အလုံးလေးဖြစ်တယ်။ ပန်းသီးလေးက အသီးအနှံဖြစ်တယ်။
ဒီလိုလေး မြင်ပြတော့ ဟုတ်ပေသားပဲ လို့ ဆိုချင်တဲ့၊ လင်းလက်လာတဲ့ မျက်ဝန်းတွေကို တွေ့ရပြန်တော့ ရင်ထဲ ငိုချင်ချင်ဖြစ်ခဲ့ပါတယ်။
ဘာမှ မတွေးတတ်တော့ပါလား လို့ စဉ်းစားမိပါတယ်။ သူတို့ သင်ယူစဉ်က ဆရာမကလည်း စာအုပ်ကိုကိုင် အင်္ဂလိပ်လိုရေးထားတာကို ဘာသာပြန်ပြ၊ သူတို့က အလွတ်ကျက်၊ စာမေးပွဲဖြေ၊ အတန်းတက်နဲ့ ဘွဲ့ရသွားတာကိုး။

          အခုပညာရေးနိမ့်ကျတယ်လို့ဆိုကြတယ်။ ကျွန်မတို့ ပညာရေးစနစ်ကို ဘယ်လိုမြှင့်တင်မှာပါလဲ။ ဘယ်လိုပို့ချချက်တွေ ပြင်ဆင်ပြီး ဒီဆရာ၊ ဆရာမတွေကို မွမ်းမံမှာပါလဲ။
ကျွန်မတို့ မုန့်လုံးစက္ကူကပ်တော့မှာလား။

၁၉၈၈ နောက်ပိုင်း န ၀ တ ခေတ်မှာ  ကျွန်မတို့တိုင်းပြည်က စက်မှုလက်မှုအထက်တန်းကျောင်းတွေ ပျောက်ကွယ်သွားပါတယ်။ အင်မတန် နှမြောစရာကောင်းတဲ့ ဖြစ်ရပ်ပါ။
လုပ်သားအစားထိုးမှုကြီးတစ်ခုလုံး ပျက်စီးသွားတာပါပဲ။ ကျွန်မတို့ တက္ကသိုလ်တက်တဲ့နှစ်မှာ ပညာရေးဘွဲ့အတွက် ဆုံးရှုံးမှုက ဒီနေ့ထိ မမေ့နိုင်ပါဘူး။
ကျွန်မက အဲဒီ့ပညာရေးတက္ကသိုလ်ကို တက်ချင်သူမို့ မမေ့နိုင်တာပါ။ ကျွန်မတို့ဆယ်တန်းအောင်တဲ့နှစ်မှာ ပညာရေးဘွဲ့ဟာ ဘွဲ့တစ်ခုရပြီးမှ တက်လို့ရမယ် လို့ သတ်မှတ်လိုက်တဲ့အတွက် ကျွန်မ ဒီနေ့အထိတက် ရောက်ခွင့်မရပါဘူး။ ကျွန်မ ပထမဘွဲ့ရပြီးတဲ့နောက် ကျွန်မ မဟာဝိဇ္ဇာတက်ရောက်ခွင့်ရတဲ့အတွက် ပညာရေးတက္ကသိုလ်နဲ့ အလှမ်းဝေးခဲ့ရတာ အခုထိပါပဲ။ အခုထက်ထိလည်း တက်ခွင့်ရသေးရင် တက်ချင်ပါသေးတယ်။

          ဒီလိုဒီပုံဖြတ်သန်းခဲ့တဲ့ ပညာရေးစနစ်ကို နိမ့်ကျနေတဲ့အကြောင်းတွေပဲ မပြောတော့ဘဲ ပညာရှင်များက မြှင့်တင်ရမယ့် နည်းလမ်းကောင်းများ၊ အထူးသဖြင့် ဖြစ်နိုင်ချေရှိပြီးလက်တွေ့ကျတဲ့ နည်းလမ်းကောင်းများကို ရှာဖွေကြဖို့ရာ အချိန်တန်ရုံမက နောက်များပင်ကျနေပါပကော။

 ဘာရာဒွါဂျာ (မြန်မာပြည်)

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved