သတ္တိခဲမောင်နှံ

Wednesday, September 4, 2013

 ~


တကယ်က သူတို့နှစ်ဦးကို ဒီထက်ပိုချီးမြှောက်ပြောကာ ဂုဏ်ပြုချင်ပါ၏။ တော်ကြာ အချင်းချင်းတွေ မြှောက်ပေးနေတယ်၊ ဘယ်လောက်ရလို့ကြော်ငြာဝင်ပေးနေလဲ မသိဘူး ဆိုပြီး အပြောခံရမှာလည်း စိုးရပြန်သည်။
စာအုပ်အကြောင်း မပြောခင်သူတို့နှစ်ယောက်ကို ကျနော့်အမြင် ထုတ်ဖော်ပြောချင်သည်။ 


သူတို့နှစ်ဦးတွင် သတင်းစာသမားစိတ်၊ သတင်းချစ်စိတ်၊ သတင်းအတွက် tပင်ပန်းခံနိုင်စိတ်နှင့် လူပုံ ခန္ဓာလုံးလုံးလေးတွေတူပြီး
ကျန်သော မတူကွဲတာလေးတွေလည်း ရှိသည်။
တယောက်က အသားလတ်လတ် တယောက်က ညိုပြာညက်၊ တယောက်က ပြုံးပြုံး ပြုံးပြုံးနှင့် နှုတ်စိတ်စကားနည်းသလောက် တယောက်ကပြောမိပြီဆိုလျှင် မွန်ကလေ မွန်ကလေ (တကယ်တော့သူကရခိုင်ပါ သူ့နာမည်သူတလုံးတည်းကိုယ်စားပြုသုံးခြင်းသာ)နှင့် အမျှင်မပြတ်တော့။
ပြောလိုက်လျှင်လည်း အားရပါးရ၊ ပြီးတယောက်က တဖက်လူကို အားနာနေတတ်ချိန် တယောက်က ကိုယ့်ဘက်က အမှန်တရားအတွက် နောက်မတွန့်လက်မလျှော့တတ်သည့်စိတ်ဓာတ်နှင့်။

အရွယ်အားဖြင့် ကျနော့်ထက်ငယ်ကြသော်လည်း တချို့နေရာတွေတွင်သူတို့က ကိုယ့်ထက်ပိုရင့်ကျက်နေတတ်ကြသည်။
 မီဒီယာအရေး လှုံ့ဆော်ရပြီ ဆိုလျှင် နှစ်ယောက်သား တက်ညီလက်ညီ စားဖို့မေ့နားဖို့မေ့။

ခု ဒီစာအုပ်လေး သူတို့စိတ်ကူးပုံဖော်နေကြချိန် ကိုကျော်ဇေယျာထွန်း ရေးထားသလို ခင်ဗျားကဘာမို့ဖတ်ရမှာလဲ ဆိုတဲ့အမေးမျိုး သူတို့ကြုံရမည်မှန်းကြိုသိထားနှင့်ပေမည်။
 နောက် ဒီအချိန်က နာမည်ကြီးစာအုပ်ထုတ်ဝေရေးတိုက်ကြီးများတောင် ဈေးကွက်ရဖတ်သူရှိ အဟောင်းများနှင့်သာ တဝဲလည်လည်နေချိန် လုံးချင်းလောကမှာ နာမည်ကြီးမဟုတ်တဲ့ သတင်းစာသမားနှစ်ယောက်ကလောင်အမည်နဲ့ ရဲရဲဝံ့ဝံ့ထုတ်လိုက်ကြသည်။
သူတို့စာအုပ်ကနေ အမြတ်ပြန်ရရမည်ဟု သူတို့မျှော်လင့်ထားမည်မဟုတ်မှန်း ကျနော်ပြောရဲပါသည်။ သို့သော် ...

သူတို့စိတ်ကူးပုံဖော်ခြင်သော စာအုပ်တအုပ်အဖြစ် ထုတ်လိုက်နိုင်ပြီဆိုသည့် ကျေနပ်နှစ်သိမ့် အားရစိတ်ပီတိကပင် သူတို့လိုချင်သောအမြတ် ဖြစ်ပေမည်။

သူတို့တွေ ချစ်သူတွေတောင်ဖြစ်သေးလား မသိသေးချိန် သူတို့သတင်းစာသမားဘဝ စတင်ခဲ့ရာ စာစောင်အသီးသီးတွင် သူတို့လက်ရာ သတင်းဆောင်းပါးများကို ကျနော် အမြဲစောင့်ဖတ်ရှုဖြစ်နေခဲ့သည်။ 
 


မှတ်မှတ်ရရဆိုလျှင် ဤစာအုပ်ပါ ကျော်ဇေယျာထွန်း၏ "စလူဆိပ်ချောင်းက မျက်ရည်စက်များ"နှင့်
မြတ်စုမွန်၏"လူနာဆောင် ခွန် ရှစ် ဝေါ့ဒ်" သတင်းဆောင်းပါးများ။

တရက်မြတ်စုမွန်နှင့်ဆုံချိန် ဟဲ့ ငါ့နှမ ညည်းဘယ်တုန်းက ဆေးရုံတက်လိုက်ရတာလဲ၊ ငါမသိလိုက်ဘူး ဆိုသောအခါ ထိုဆောင်းပါးမှာ လွန်ခဲ့သောနှစ်က
 ရေးထားသောဆောင်းပါးဖြစ်ကြောင်း၊ ဆေးရုံတက်တာကြာပြီဖြစ်ကြောင်း၊ အဆိုပါဆောင်းပါးကို နှစ်ကြိမ်တိုင် တင်ကြည့်သော်လည်း စိစစ်ရေုးဖြုတ်ကြောင်း၊
 ယခု စိစစ်ရေးလျှော့ပေါ့ပေးလာချိန် ပြန်တင်ကြည့်ရာ စင်းလုံးချော မလွတ်သော်လည်း ဟိုဖြတ်ဒီတောက်နှင့် ဖော်ပြခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
 (ဒါသည်ပင် ကျနော်တို့ သတင်းစာသမားတွေဖြတ်သန်းခဲ့ရဖူးသော ကိုယ်တွေ့ သမိုင်းမှတ်တမ်းများပင်)
ယခုစာအုပ်ပါ စာရေးသူ၏အမှာစာတွင် ကျော်ဇေယျာထွန်းကလည်း ထိုသမိုင်းများကိုမှတ်တမ်းတင်ခြင်းနှင့်  ကျနော်တို့တတွေဖြတ်သန်းခဲ့ရသော ခေတ်တခုစနစ်တခုကို ထင်ဟပ်ပြလိုရင်းလည်းဖြစ်သည်။

နာဂစ်၊ ဂီရိ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကာလနှင့် ထိုကာလအလွန်အခြေအနေများ ကျနော်တို့သတင်းစာသမားတွေ ကိုယ်တွေ့ဖြတ်သန်းခဲ့သော ကျွန်တော်တို့နိုင်ငံ၏ မျက်မှောက်နှင့် အတိတ်ကာလ အခြေအနေများသည် မည်သို့သော အပြောင်းအလဲတွေကြုံပါပြီနည်း၊
 သူတို့နှစ်ယောက်ရဲ့ သတင်းသမားနှင့်ဘဝများစွာထဲမှာ အဖြေရှာဖော်ထုတ်ကြည့်ရအောင်ပါ။

စိတ်ကူး၊ အိပ်မက်၊ ဖြစ်ခြင်တဲ့အရာကို ရဲရဲဝံ့ဝံ့ လက်တွေ့ အကောင်အထည်ဖော်ရဲသော
ညီငယ် ကျော်ဇေယျာထွန်းနှင့် နှမငယ်မြတ်စုမွန်သို့

လေးစားဂုဏ်ယူလျက်
စောလင်းအောင်

 


(ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမား တယောက်ဖြစ်တဲ့ စောလင်းအောင်ရဲ့ Facebook ကနေ ကူးယူ ဖော်ပြပါတယ်။)
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved