ရုပ်ချောတဲ့သူတွေ ဆောင်းတဲ့ ဦးထုပ်

Thursday, September 12, 2013

 ~




ရုပ်ချောတဲ့သူတွေ ဆောင်းတဲ့ ဦးထုပ် တဲ့။ ဘယ်လို ဦးထုပ်မျိုးလဲ။ ဘယ်လောက်လဲ။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြဝတီမြို့မှာ တွေ့ရတာပါ။  
ခမောက်လိုလို ထီးလိုလို ဆိုတော့ ခမောက်ထီး လို့ ပြောရမယ် ထင်ပါတယ်။
လက်ကိုင်တပ်မထားတဲ့ထီးပါပဲ။ လက်ကိုင်အစား ခေါင်းမှာစွပ်ဖို့ဖန်တီးထားတာပါ။

ရောင်းတဲ့သူကတော့ ရုပ်ချောတဲ့သူတွေ ဆောင်းတဲ့ ဦးထုပ် လို့ အတည်ပေါက် ပြောပြီး ရောင်းပါတယ်။
ဆိုင်ကယ်စီးရင်းဆောင်း၊ နေပူမိုးရွာလည်း ဆောင်း၊ ကလေးလူကြီးဆောင်းနိုင်တဲ့ယိုးဒယားခမောက်ထီး၊
အိမ်အပြန်လက်ဆောင်ပေးနိုင်တဲ့ထီးလို့ သူက ညွှန်းပါတယ်။

ရောင်းဈေးက ကျပ်တထောင်။
ကျပ်တထောင်ဆိုတာက လောလောဆယ်မှာ မုန့်ဟင်းခါး နှစ်ပွဲသုံးပွဲ ဝယ်စားနိုင်တဲ့ငွေပမာဏ ဖြစ်ပါတယ်။



မြဝတီ - ရန်ကုန် ကားကြီးပေါ် သူတက်လာတော့ ခရီးသည်တချို့ အားပေး ဝယ်ယူကြပါတယ်။
ရုပ်ချောတဲ့သူတွေ ဆောင်းတဲ့ ဦးထုပ်ဆိုတာကြောင့်  ဝယ်ကြတာ ဖြစ်နိုင်သလို အိမ်အပြန်လက်ဆောင်ပေးဖို့ သို့မဟုတ် လက်တွေ့ အသုံးတည့်နိုင်ဖွယ်ရှိလို့ ဝယ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ရုပ်ချောတဲ့သူတွေ ဆောင်းတဲ့ ဦးထုပ် အကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org အတွက် ရေးတဲ့အခါ ထည့်သွင်းဖို့ အမှတ်တရဓာတ်ပုံရိုက်ခဲ့ပါတယ်။ ကားက မြ၀တီ ကုန်သွယ်ရေးဇုန်မှာ စာရွက်စာတမ်းကိစ္စဝိစ္စများအတွက် ဆယ်မိနစ်ဝန်းကျင် သောင်တင်ရစဉ် ဈေးသည်တွေ တက်လာတတ်ပါတယ်။
ခပ်ချောချော ဦးထုပ်ရောင်းသူက အဲဒီဈေးသည်များထဲကတယောက် ဖြစ်ပါတယ်။

လမ်းလျှောက်ဈေးသည်တို့ရဲ့ အားသာချက်ကတော့ ဆိုင်လခ ပေးစရာမလိုတာပါပဲ။
 စည်ပင်သာယာခွန်လည်း လွတ်ကင်းဖွယ်ရှိပါတယ်။
ဝယ်လိုသူက သူတို့ဆီသွားရတာ မဟုတ်ဘဲ သူတို့က ဝယ်မယ့်သူရှေ့ အရောက်သွားရတဲ့ဈေးရောင်းနည်းလို့ ဆိုရမှာဖြစ်ပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved