"...လက်ငင်းဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် တပ်မတော်မှ စစ်သားရဲဘော်သူငယ်လေးများ မည်မျှကျဆုံးသွားခြင်းကိုလည်း ပြောချိန်မတန်တော့ မည်သူ့နှင့်မျှ ထပ်တူထပ်မျှကြေကွဲခွင့်မရလိုက်ပါ..."
(စာအုပ်မိတ်ဆက်ပွဲတခုမှာ တွေ့ရတဲ့ ကိုကိုကြီးနဲ့လုပ်ဖော်ကိုင်ဘက်တချို့)
Where is the Life we have lost in living?
Where is the wisdom we have lost in knowledge?
Where is the knowledge we have lost in information?
~T.S. Eliot, The Rock, 1934
ရှင်သန်နေထိုင်မှုထဲက ပျောက်ဆုံးသွားသော ဘ၀က ဘယ်မှာပါလိမ့်။
ဗဟုသုတများစွာထဲက ပျောက်ဆုံးသွားသော အသိဥာဏ်က ဘယ်မှာပါလိမ့်။
သတင်းအချက်အလက်တွေများစွာထဲက ပျောက်ဆုံးသွားသော ဗဟုသုတတွေက ဘယ်မှာပါလိမ့်။
~T.S. Eliot, The Rock, 1934
ဤဆောင်းပါးလေးကို မစခင် ကျွန်မမှာ အဆိုအမိန့်လေးတစ်ခုလောက်ကို စဉ်းစားရသည်။ ဆောင်းပါးလေးကို အဆိုအမိန့်လေးတစ်ခုဖြင့် စချင်သည်ကိုး။ အဆိုအမိန့်တွေကို စုဆောင်းထားသည့် ဖိုင်လေးထဲရှာလိုက်သည့်အခါ တွေ့လိုက်သော အထက်ပါအဆိုအမိန့်လေးကို မက်မက်မောမောကူးယူခဲ့သည်။ ကျွန်မရေးမည့် အကြောင်းအရာလေးနှင့် လိုက်ဖက်လွန်း လှသည်ကိုး။ အသက်ရှင်လျက်နှင့် ကျွန်မတို့ဘ၀ကပျောက်ဆုံးနေခဲ့သည်။ ဘ၀အကြောင်းပြောပါဆိုလျှင် ယောင်ချာချာမို့ အတ္ထုပ္ပတ္တိစာပေက မြန်မာ့စာပေလောကတွင် ပါးပါးလျလျ။ ဗဟုသုတတွေကြားမှာပင် အသိဥာဏ်ပညာ ကလည်း ပျောက်ဆုံးနေပြီမို့ အုပ်ချုပ်သူက လွတ်လပ်စွာစာပေလေ့လာခွင့်နှင့် မထိုက်တန်ဟု ထင်သည်မို့ မေ့ပစ်လိုက်ဖို့သာ။ သတင်းအချက်အလက်တွေကြားမှာပင် ဗဟုသုတက ဘယ်ရောက်သွားမှန်းမသိ။ သည်တော့လည်း လူတွေက ဆင်ခြင်တုံတရားကင်းလှသေးသည်ဟု အထင်အမြင်ရောက်လျှင်လည်း ခံပေတော့။
ဒီမိုကရေစီခေတ်တွင် ပြည်သူတို့ ပညာဥာဏ်ဖြင့် မပြည့်စုံလျှင် ခက်ခက်ရချည်သေးရဲ့ ဟူသော အတွေးက စမိသည်မှာ ကြာလှချေပြီ။ တလောဆီက ဆရာဖေမြင့်ရေးသော ဆောင်းပါးလေးကို ဖတ်မိစဉ် ထိုအတွေးက ပို၍ ရှည်လာသလို ပိုမိုလည်း ခိုင်မြဲလာခဲ့ပါသည်။ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်စပ်လျဉ်း၍ ဆရာဖေမြင့်က သိကြားမင်းစည်းစိမ်ကို အကြိမ်ကြိမ်ခံစားပြီးကာမှဆိုလျှင် ဆောင်းပါးတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီး Park Royal တွင်ပြုလုပ်သော စာနယ်ဇင်းဆိုင်ရာ ရှင်းလင်းချက်ကို ဝေဖန်ရေးသားခဲ့သည်။ လွတ်လပ်ခွင့်၊ လုံးဝလွတ်လပ်ခွင့်၊ စိတ်ထင်တိုင်း လွတ်လပ်ခွင့် စသည်တို့အပေါ် ဝေဖန်ရေးသားခဲ့ပါသည်။ လွတ်လပ်ခွင့်အတိုင်းအတာကို ကျွန်မတို့ဝန်ကြီးများက ဘာနှင့်တိုင်းတာ ဘယ်ပုံဘယ်နည်း ဆုံးဖြတ်ချက်တွေချဦးပါလိမ့်။
ရာဇ၀င်က စာတင်သည်ဟုဆိုလျှင် ယခင်ကလည်း ဒီမိုကရေစီကို ပေးချိန်တန်မှ ပေးမည်၊ ဒီမိုကရေစီနှင့် မထိုက်တန်သေး ဆိုသကဲ့သို့စကားများ ကြားဖူးခဲ့ပါသည်။ မှတ်မှတ်ရရ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်အား ဖမ်းဆီးချိန်တွင် ထုတ်ပြန်လိုက်သော သတင်းစာစာအုပ်ငယ်မှ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်အား ဖမ်းဆီးချုပ်နှောင်ရသည့်ကိစ္စကို ပြောချိန်တန်လျှင် ပြောမည်ဖြစ်ကြောင်းဟု ဆိုခဲ့သော်လည်း ယခုထက်တိုင် ပြောချိန်မတန်သေး၍ ကျွန်မတို့ ပြည်သူများ မသိရပါ။ ဟံသာဝတီဦးဝင်းတင်၏ အကျီအပြာကြီးဝတ်နေဆဲ ကိစ္စ ဖြေရှင်းချိန်မတန်သေး၍ပင် မသိရသေးဟုထင်မြင်ပါသည်။ လက်ငင်းဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် တပ်မတော်မှ စစ်သားရဲဘော်သူငယ်လေးများ မည်မျှကျဆုံးသွားခြင်းကိုလည်း ပြောချိန်မတန်တော့ မည်သူ့နှင့်မျှ ထပ်တူထပ်မျှကြေကွဲခွင့်မရလိုက်ပါ။
တစ်ချိန်တစ်ခါက ဒီမိုကရေစီနှင့် မထိုက်တန်သေးသဖွယ် အကြီးအကဲဟုဆိုအပ်သော သူတို့ပြောစဉ်ကလည်း ထိုသူက သန်း၆၀မျှသော ပြည်သူလူထုကို ရည်ရွယ်သည်။ ထို့ကြောင့် ကျွန်မလည်း ဒီမိုကရေစီနှင့် မထိုက်တန်သောသူအဖြစ် ခံစားရသည်။ အနှီ အကြီးအကဲက ပြည်သူဘယ်နှယောက်နှင့်တွေ့ဆုံပြီး၊ မည်သည့် အခြေခံ လူတန်းစားထဲတွင် ကျင်လည်ပြီး ဤသို့သောမှတ်ချက်ကို ချပါသနည်း။ သေချာသည်ကတော့ ထိုအကြီးအကဲ၏ ဇနီး၊ သားသမီးများ၊ သူ၏ ကိုယ်ရေးအရာရှိ၊ သူနှင့် ဆက်နွယ်ပတ်သက်သော အကြီးအကဲများကိုသာ လေ့လာရင်း ဖြစ်ပါလိမ့်မည်။ ထိုအကြီး အကဲများ တိုင်းခန်းလှည့်လည်ခြင်းသဘာဝသည်လည်း ပြောတတ်သောပါးစပ်သာရှိပြီး နားထောင်တတ်သောနား မရှိ သော သဘာဝသာဖြစ်သည်ကို ရိပ်စားမိပါသည်။
လူငယ်တွေစာဖတ်ပါ ဟု တစာစာပြောနေသော ပညာရှင်ကြီးများ အနေနှင့်လည်း မသေးလှသော စာအုပ်တန်ဖိုးကို ရိပ်စားမိသင့်သည်။ စာကြည့်တိုက်ဟူ၍ ရန်ကုန်မြို့ကြီိးပေါ်တွင် မရှိသလောက် ရှားသည်ပင်။ လွန်ခဲ့သောနှစ်များဆီက ရပ်ကွက်ရုံးများတွင် စာကြည့်တိုက်များထားရန် လမ်းညွှန်သည်ထင့်။ ကျွန်မတို့ ရပ်ကွက်ရုံးက စာကြည့်တိုက်ဖွင့်သည်။ စာကြည့်တိုက်အမည်ကို ကျွန်မကပေးသည်။ သုခရတနာ ဟူ၍။ မနေ့ညက ဤဆောင်းပါးကိုရေးရန် ရပ်ကွက်ရုံးသို့သွား ခဲ့သည်။ စာကြည့်တိုက်ဆိုင်းဘုတ်က ဘယ်မှာ မသိ။ ရုံးကလည်း ဖုန်အလိမ်းလိမ်း၊ စားပွဲပေါ်တွင် နွမ်းကျေလျက် ဆီများစွန်းနေသော စာစောင် လေးငါးစောင်၊ ခြင်းစုတ်ထဲတွင် ဟောင်းနွမ်းနေသော အပျော်ဖတ်ဝတ္ထုစာအုပ်အချို့က ဖရိုဖရဲ၊ ထိလိုက်တော့ ဖုန်များက လက်ညှိုးတွင် ကပ်ပါလာသည်မှာ ခပ်မည်းမည်း။ ထိုင်ခုံက ကြိမ်က ပေါက်၊ စားပွဲက ချေးလက်သေးသစ်နှင့် တတောင် ထောက်ချင်ဖွယ်မရှိ။
ရန်ကုန်မြို့ ဗြိတိသျှသံရုံးစာကြည့်တိုက်ကတော့ လေအေးစက်နှင့် အခင်းအကျင်းက ငြိမ်သက်သန့်ရှင်းစွာ။ သို့သော် အသင်းဝင်ကြေးက ဒေါ်လာနှင့်။ ဖတ်ရမည့်စာအုပ်ကလည်း အဘိဓာန်ပါမှ။ ဖတ်နေသည့်လူငယ်အများစုကလည်း တိုင်းတစ်ပါးသို့အပြေးနှင်ပြီး ဘ၀အနာဂတ်ကို ရှာမည့်သူများချည်း။ ၁၉၆၂ခု မတိုင်မီ ပညာဆည်းပူးခဲ့သော လူကြီးများကလည်း စာအုပ်ကိုယ်စီနှင့်။ တိုင်းပြည်လူဦးရေနှင့်ယှဉ်သော် ထိုသူများက ရာခိုင်နှုန်းမည်မျှရှိမည်ကို ကျွန်မ လုံးဝ မတွက်တတ်ပေ။ အော် … ဒုက္ခ။
လူဦးရေ သန်း၆၀မျှရှိသော မြန်မာနိုင်ငံတွင် စာအုပ်တစ်အုပ်ကို ထုတ်ဝေလျှင် အုပ်ရေ နှစ်ထောင်မျှ။ ယခု ထောင်အတွေ့အကြုံစာအုပ်များကတော့ ရောင်းကောင်းဟန်တူပါသည်။ ခဏလေးဖြင့် ကုန်သွားတတ်သည်။ တစ်ခါတုန်း က တက္ကသိုလ်ဘုန်းနိုင်၏ ၀တ္ထုစာအုပ်များက ရောင်းရအကောင်းဆုံးစာရင်းဝင်ခဲ့သည် ဟု ကြားဖူးသည်။ အုပ်ရေ နှစ်သောင်းလား၊ တစ်သောင်းလား။ ကျွန်မ မမှတ်မိပါ။ ကျွန်မတို့ဝတ္ထုစဖတ်သောခေတ်ဖြစ်သော်လည်း ကျွန်မတို့က ကြူမွှေးနှင့် ပျော်မွေ့ချိန်တွင် မိခင်က တက္ကသိုလ်ဘုန်းနိုင်၏ အမာခံပရိသတ်။ ပြည်သူကို ချိန်ထိုးချင်လျှင် တိုင်းပြည်တွင် ရောင်းရတွင်ကျယ်သော စာအုပ်နှင့် ချိန်ထိုးခြင်းသည် အကောင်းဆုံးဖြစ်မည်လား။ သို့မဟုတ် ခေတ်အလျောက်ပေါ်ပေါက်လာသော တေးဂီတဖြင့် ပြည်သူကို ချိန်ထိုးမည်လား။ ၀တ်စားဆင်ယင်မှုဖြင့် ချိန်ထိုးလျှင် အနှီ အကြီးအကဲ ညကလပ်ပွဲကို ရောက်ရမည်။ ဟင်းလျာဈေးတန်းကို လျှောက်ရမည်။ စူပါမားကက်ကြီးများကို လှည့်ရမည်။ ရုပ်ရှင်ရုံအောက်သို့ ရောက်ရမည်။ မန်းမြို့တော်ကျုံးဘေးတွင်လည်း ညဥ့်နက်မိုးချုပ် ထိုင်ရမည်။ အစေအပါးကို လွှတ်၍ စနည်းနာမရ။ ဤသို့လွှတ်လိုက်လျှင်ဖြင့် တစ်ပါတီခေတ်က ဦးနေ၀င်းကိန်းဆိုက်ရုံအပြင်မရှိ။ အော် .. ဦးနေ၀င်းသည်ပင် လျှင် ၂၆နှစ်လုံးလုံး အဟုတ်မှတ်၍ လျှောက်လှမ်းနေသည်မှာ လူထုတစ်ရပ်လုံးအုံကြွမှ အဖြစ်မှန်ကိုသိရော့သည်ဟု ဆိုသည်ကိုး။
လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်ကဟုအောက်မေ့သည်။ ထိုစဉ်က ကြံ့တောသုဿန်ကြီးရှိသေးသည်။ အသုဘက ပို့နေကျမို့ အခင်းအကျင်းကလည်း မျက်စိထဲတွင်စွဲထင်ပြီးသား။ သို့သော် ထိုအချိန်က ၀န်ကြီးတစ်ပါးကြွလာမည့် အသုဘကို ကျွန်မလည်းရောက်ခဲ့သည်။ ကြံ့တောအခင်းအကျင်းက မျက်စိထဲအဆန်း။ လမ်းတစ်လျှောက် ပန်းလေးများ ပွင့်လို့။ မြေချမည့် ခေါင်းရင်းပိုင်းတစ်လျှောက်လည်း ပန်းပင်လေးများက အပွင့်လေးများနှင့် စီစီရီရီဖြစ်နေသည်မှာ မျက်စိပသာဒဖြစ်ဖွယ်။ မှတ်မိသည်က ရွှတ်တတ်နောက်တတ်သော အစ်ကိုတစ်ယောက်က ပွင့်နေသောပန်းတစ်ပင်ကို တိတ်တိတ်နုတ်ကာ ကျွန်မကိုပြသည်။ ဘုရားသခင်… အမြစ်မရှိပါ။ ထိုအစ်ကိုက မနက်ကတည်းက မြေကျင်းတူးသည့် နေရာကို ရောက်နှင့်သူ။ ပန်းပင်များဟုခေါ်ဆိုအပ်သော အပွင့်ပါရိုးတံများကို လာစိုက်သူများကလည်း စိုက်နှင့်နေပြီ။ သူက ဘာအတွက်လည်းဟုမေးသည်။ ၀န်ကြီးလာမှာမို့ ဟုဖြေသည်။ ထိုစဉ်က စာပေလွတ်လပ်ခွင့်မရှိတော့ ကျွန်မလည်း မရေးရ။ ထိုဝန်ကြီးလည်း သိခွင့်မကြုံ။
ယခုလည်း ပြန်ကြားရေးဝန်ကြီးက စာပေလွတ်လပ်ခွင့်ကို စိတ်ထင်တိုင်း လွတ်လပ်ခွင့်မရှိပါ ဟု ဆိုသည်။ အများ ပြည်သူအကျိုးငှာ အစိုးရသည် စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်း၊ ဥပဒေများရေးဆွဲနိုင်သည်ဟု ဆိုသည်။ ဤသည်က အဓိက ရည်မှန်းချက်ဖြစ်သည့် စာနယ်ဇင်းသည် ထိန်းချုပ်ခံရမှုမှ လွတ်ကင်းရမည် ဟူသော၊ နိုင်ငံသားတို့သည် အကြောင်းအရာ တစ်ခုကို ဘက်စုံထောင့်စုံကြားသိနိုင်ရန် လိုအပ်သည် ဟူသော အဆင့်ကို မတက်လှမ်းနိုင်သေးသည့်အတွက် ကြားရည် မှန်းချက်သဘောထားကို ချမှတ်ရှင်းလင်းရခြင်းဖြစ်သည်။ တနည်း အဓိကရည်မှန်းကို ဖော်ဆောင်ရန် ပြည်သူ(စာနယ်ဇင်းဆရာများအပါအ၀င်) ကသော်လည်းကောင်း၊ လက်ရှိအစိုးရကသော်လည်းကောင်း မထိုက်တန်သေးသည့်သဘော ဟုသာမြင်ပါသည်။ လက်ရှိအစိုးရကပြောသည်ဖြစ်၍ ကိုယ့်ကိုယ်ကိုယ်တော့ မထိုက်တန်သေးဟု လူ့သဘာဝအရ တွေးမြင် မည်မဟုတ်ဟု ထင်ပါသည်။ ကျွန်မတို့ပြည်သူများကသာ ဆင်ခြင်ဥာဏ်၊ ဝေဖန်သုံးသပ်တတ်သည့်ဥာဏ်နည်းပါးသည် ဟု အထင်ရောက်၍သာ ဖြစ်ပါလိမ့်မည်။
တဖန် ဆရာဖေမြင့်၏ "လူထုမှာလည်း ဥာဏ်ပညာရှိသည်ဆိုတာ လက်ခံဖို့လိုသည် "ဆောင်းပါးတွင်လည်း ဆရာက အာဏာပိုင်များ၏ သဘောထားကို ဖော်ပြထားသည်။ ပြည်သူများအားလုံးသည် ဥာဏ်ပညာရှိများအဖြစ် မှတ်ယူနိုင်သော အနေအထားမျိုးတွင်သာ လွတ်လပ်စွာရေးသားခွင့်ကို အပြည့်အ၀ ကျင့်သုံးခွင့်ပြုသင့်သည် ဟူသော အာဏာပိုင်တို့၏သဘောထား။ လမ်းတွေမရှိဘဲ မပြင်ဆင်ဘဲ ကားတွေအများကြီး တင်သွင်းခွင့်ပြုထားသည့် အတွေးအ ခေါ် ပိုင်ရှင်များပေကိုး။ ကားကအရင်ရောက်၊ တံတားကနောက်ကလိုက်ထိုး။ လမ်းဖောက်တုန်းက မဆင်ခြင်၊ ကားတွေ တိုက်တော့မှ ပရိတ်ရွတ်ကြသူများကိုး။
ဆရာ ဖေမြင့်က ဥာဏ်ပညာရှိ ဟုတ်၊ မဟုတ်ဆိုသော အတိုင်းအတာကို ရေးသည်။ ကျွန်မက သူတို့ အလို ရှိသော ဥာဏ်ပညာနှင့် ပြည်သူဖြစ်နည်းကို တွေးမိသည်။ ဥာဏ်ပညာသည် ပေါင်မုန့်တစ်လုံးမဟုတ်၊ ပေါင်မုန့် ၀ယ်စရာ ပိုက်ဆံရှိလျှင် ၀ယ်လိုက်နိုင်သည်။ ၀ါးစရာ သွားမရှိလျှင် သွားဖုံးဖြင့် ကျိတ်လိုက်ရုံ။ ဥာဏ်ပညာဆိုသည်က ပိုက်ဆံရှိလျှင်လည်း ၀ယ်လို့မရ။ အသနားခံ၍ တောင်းလို့မရ။ အော် ဒုက္ခ။
ဥာဏ်ပညာလိုချင်လျှင် …. ပညာရှိဆီသွားလိုက်။ ကားလမ်းက ကြပ်သည်။ ခရီးစရိတ်က ကြီးသည်။ နောက် ညအိပ်ညနေ ဆည်းပူးလျှင် ဧည့်စာရင်းက တိုင်ရဦးမည်။ လူစုလျှင်တော့ ခုခေတ်မှာ ပြဿနာက သိပ်မရှိတော့။ ပညာရှိထံ ကျွန်မလို လူပြိန်းများက သွားမည်ဆိုတော့ လူကများမည်။ ပညာရှိကြီးဘက်မှလည်း တစ်ဦးချင်းတွေ့လိုမေးလိုကြတော့ တိုကင်ပေးရတော့မည်။ တိုကင်ပေးသူက အဂတိလိုက်စားလျှင် ကျွန်မတို့ ပညာမဲ့များက ပညာရှိကြီးကို ဆန္ဒထုတ်ဖော်ရမည်။ ကျွန်မတို့က လူပြိန်းများဖြစ်သည့်အလျောက် ပညာရှိကြီး အိမ်ရှေ့တွင် ကြွေးကြော်သံများဖြင့် ဆန္ဒကို မနေနိုင် မထိုင်နိုင်ထုတ်ဖော်မည်။ သည်တော့လည်း ပုဒ်မ တစ်ခုခုနှင့် ငြိစွန်းတော့သည်။ သည်တော့မှ ကျွန်မတို့သည်လည်း ပညာရှိကြီးထံ သွားရောက်ပြီး မေးလိုသည့် အချက်ကို အဖြေရလိုက်သည်။ ကျွန်မတို့ လူပြိန်းများနားလည်သည်က ဒီမိုကရေစီရပြီဆိုလျှင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ရှိသည်။ နောက်ဆက်တွဲကို ပညာရှိကြီးထံမေးရန် ကိုယ့်နည်းကိုယ်ဟန်နှင့် ကြိုးစားတော့ နိုင်ငံတော်က အဖြေပေးသည်။ ဟုတ်ပေစွ။
ဤနည်းလမ်းသည်လည်း မစွံရေးချ မစွံ။ သည်တော့ စာအုပ်စာတမ်းထဲက ဗဟုသုတရှာမည်။ မြန်မာလို ရေးသော စာအုပ်များသာ ဖတ်နိုင်သော ကျွန်မတို့ ၆၂-ခုနှစ်နောက်ပိုင်းစာတတ်များက အင်္ဂလိပ်လိုတော့ မဖတ်နိုင်။ သည်တော့ မြန်မာလို ရေးသားထားသော စာအုပ်များကို အားကိုးရမည်သာ။ နှစ်ပေါင်း ၅၀မျှ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိတော့ အာဏာရှင်အလိုတော်ရိစာပေများ နှင့် မိတ်ဆွေဖြစ်သည်။ တက်ကျမ်းများနှင့် အဖော်သဟဲပြုသည်။ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး ဟူသော စကားလုံးများကို ရှောင်ရှားသော စာအုပ်များနှင့်က ငယ်ပေါင်းကြီးဖော်….။ သည်တော့လည်း ရှိပါစေတော့။ ဂျာအေးကို သူ့မအေက ရိုက်ဦးမည်။ ဂျာအေးခမျာလည်း မှောင်မိုက်ထဲမှာ ငိုရရှာပေဦးမပေါ့။
ဘာရာဒွါဂျာ (မြန်မာပြည်)
.
0 comments :
Post a Comment