ကျနော့်ဆရာများ (၂)

Saturday, October 19, 2013

~



ဖလူးစခန်းမှာ တာဝန်ကျနေတဲ့ ကျနော်တို့ တပ်ခွဲ (၂) ကို စခန်းမှာ ပြန်နားဖို့နဲ့ ကျုံဒိုး-ကြာအင်းဘက်မှာ လှုပ်ရှားနေတဲ့ တပ်ခွဲ (၂)က ပြန်တက်လာမယ့် ကိုတင်စိုးဦးဆောင်တဲ့ အဖွဲ့တွေကို သွားကြိုဖို့ ဦးကြူလှိုင် ခေါ် ဦးငယ် (သူ့တူ ကိုခင်မောင်ဝင်း၊ ABSDF တွင် လက်ရှိ ဆက်သွယ်ရေးတပ်ဖွဲ့မှုး၊ ခေါ်သလို ကျနော်တို့လည်း ဦးငယ်လို့ လိုက်ခေါ်တယ်) နဲ့ ကျနော့်ကို တာဝန်ပေးလိုက်တဲ့အတွက်၊ ဖလူးစခန်းကထွက်ပြီး မိုးကဲစခန်းကို ပြန်ရောက်တယ်။ ကျနော့်ကိုတော့ အတွေ့အကြုံရအောင် ခေါ်သွားတဲ့ သဘောပါဘဲ။ 
 




(ဦးကြူလှိုင် ခေါ် ဦးငယ်)  ကျနော်တို့လည်း သေဘောဘိုးကနေ အောက်ဖက်တလျှောက်ကို ကုန်သည်လမ်းကြောင်း အတိုင်း၊ တောင်တွေ တက်လိုက်၊ ဆင်းလိုက်၊ စမ်းချောင်းတွေဖြတ်လိုက်နဲ့ပေါ့။ ဒီခရီးက ကျနော့်အတွက် ခရီးသွားရတာရယ်၊ ယုတ်စွအဆုံး တောထဲမှာ ထင်းရှာ၊ မီးမွှေး၊ ထမင်း ချက်တာကအစ အတွေ့အကြုံအသစ်တွေပါဘဲ။

ကုန်သည်လမ်းဖြစ်လို့ တချို့နေရာတွေမှာ ဈေးဆိုင်တန်းတွေရှိပြီး၊ ထမင်းဟင်းနဲ့ စားသောက်စရာအပြင်၊ ညဘက် လူတွေ တည်းခိုနိုင်ဖို့ပါ စီစဉ်ထားကြတယ်။ ကျနော်က အစားအသောက် ဇီဇာကြောင် တော့ ၀က်သားဟင်းနဲ့စားရရင်တောင် အဆီတွေဖယ်ပြီးစားတတ်တယ်။ အဲဒါကို သိသွား တဲ့ ဦးငယ်နဲ့ ကျနော့်ကြားမှာ ၀က်သားဟင်းနဲ့ ထမင်းစားရတိုင်း သူက ၀က်သားတုံးထဲက အသားဖတ်လေးတွေဖဲ့ပေးပြီး၊ ကျနော့်ဆီက အဆီတုံးတွေပြန်ယူသွားတဲ့ Barter System (တိုက်ရိုက်ဖလှယ်ခြင်းစနစ်) ကို အဲဒီ့အချိန်ကစပြီး ကျင့်သုံးဖို့ Gentlemen agreement ရသွားတယ်။ 

ကျနော်တို့ မိုးကဲစခန်းကို ပြန်ရောက်တော့ လူသစ်တွေလည်း ၁၁ ယောက်လောက် ရှိနေပြီ ဖြစ်လို့ အခြေခံစစ်သင်တန်းပေးဖို့ စီစဉ်ကြတယ်။ သင်တန်းလုပ်တာ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလထဲမှာပေါ့။ သင်တန်းဆရာက ဦးကြူလှိုင်နဲ့ တပ်ခွဲ (၁) က ကိုစိုးလွင် (ပဲခူးသား) ပေါ့။ ဦးငယ်က အရပ်ထောင်ထောင် မောင်းမောင်း၊ နှုတ်ခမ်းမွှေးကြီး နဲ့ ခန့်ခန့်ကြီး၊ ရေတပ်မှာ အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားဟောင်းကြီးပေါ့။   တပ်ခွဲ (၂) ထဲမှာ သူနဲ့ ဆရာတင်ရွှေ (ကွယ်လွန်) က အသက် အကြီးဆုံး၊

ဦးငယ်က စစ်သင်တန်းပေးတာ ကောင်းတယ်။ ကြမ်းတယ်၊ သေခြာကို အပင်ပန်းခံပြီးသင်ပေးသလို၊ သင်တန်းသားတွေကိုလည်း မညှာဘူး၊ စည်းကမ်းလည်းကြီးတယ်။ သူပြောပြောတတ်တာက “မင်းတို့က စည်းကမ်းမရှိတာမဟုတ်ဘူး၊ အိမ်ကကို ပါမလာတာ” တဲ့။ နောက်ပိုင်းမှာ ဦးငယ်က အဘဦးအေးမြင့်နဲ့အတူ တပ်မှုးငယ်သင်တန်းတွေပါ တာဝန်ယူခဲ့ ပါတယ်။ ကျနော်တို့ကို သင်တန်းပေးတဲ့ လက်ထောက် သင်တန်းဆရာ ကိုစိုးလွင်က လူငယ်ဆိုတော့ ကျနော်တို့နဲ့ အဆင်ပြေတယ်၊ သိပ်ဆဲတာ၊ ဆူတာ မရှိဘူး။

ကျနော်တို့ သင်တန်းသား (၁၁) ယောက်မှာ၊ အေးဝင်းနဲ့ အတာ ဆိုတဲ့ ရဲဘော်လေး ၂ ယောက်က လွဲရင် ကျန်တဲ့ ၉ ယောက်က ရန်ကုန်သားတွေချည်းဘဲ။ ဆရာကြီးတွေပေါ့။ ကိုမင်းမင်း (ABSDF)၊ ကိုဇော်ဇော် (ကနေဒါ)၊ ကိုနေမျိုး (သူက သင်္ဘောသား)၊ ဇော်ရဲ (ၾသစေတးလ်)၊ စိုးစိုး (ၾသစေတးလ်)၊ ကိုအောင်ခိုင် (အမေရိကား) နဲ့ ရန်ကုန်က ကျနော်နဲ့ အတူထွက်လာတဲ့ သူငယ်ချင်း ၂ ယောက်။

သင်တန်းက မနက်ပိုင်းဆို ထုံးစံအတိုင်း၊ လေ့ကျင့်ရေးကွင်းထဲ သေနတ်အစုတ်တွေ၊ ပျဉ်းကတိုးသေနတ်တွေ ကိုင်ပြေး၊ ကာယလေ့ကျင့်ခန်းတွေလုပ်၊ နောက်ပြီး အခက်အခဲ ကျော်၊ တက်၊ ပြေးရတာတွေ၊ လက်နဲ့လွှဲခိုပြီး သွားရတဲ့ စင်တွေ၊ အမြင့်ပေါ်တက်ပြီး သေနတ်နဲ့ခုန်ချရတာတွေ၊ နောက်ဆုံး ပေ ၂၀ လောက်ရှိတဲ့ အလုံးတုတ်တုတ် ကြိုးအတိုင်း အပေါ်ရောက်အောင် ဆွဲပြီးတက်ရတာတွေ အကုန်ပါတယ်။ ပထမပိုင်းတော့ အကုန် ရအောင် မလုပ်နိုင်ဘူး၊ နောက်ပိုင်းမှ ခံနိုင်ရည်ရှိသွားတာ။ မနက်ပိုင်း လေ့ကျင့်ခန်းပြီးရင် ခဏနား၊ အလှည့်ကျ သင်တန်းသားတွေ စီမံထားတဲ့ ဘာမှ မပါတဲ့ ဆန်ပြုတ်သောက်။ ပြီးရင် ဘယ်၊ ညာ၊ ဘယ်၊ ညာနဲ့ စစ်ရေး ပြ သင်ခန်းစာတွေ ထမင်းစားချိန်အထိ လုပ်ကြပေါ့။ တခါတလေ စားဖိုကနေ ထမင်းဂျိုး တွေကို ဆီပါလေရုံဆမ်း၊ ဆားဖြူးထားတဲ့ အဟာရကို အဆာပြေ လာကျွေးသေးတယ်။

နေ့လည် ထမင်းစား ခဏနားပြီး သင်တန်းပြန်စပေါ့၊ တခါတလေ စခန်းသိမ်းတိုက်ပွဲ လေ့ကျင့်ရင်း တပ်ရင်းနားမှာ အသစ်လာတည်တဲ့ သစ်စက်ကို ညာသံပေးပြီး သစ်သား သေနတ်တွေ၊ သေနတ်အစုတ်တွေနဲ့ ကျားတက်ထိုးရင်၊ ပထမပိုင်းတော့ သစ်စက်အလုပ်သမားတွေလည်း ဘာမှန်းမသိခင် ရုတ်ရုတ်သဲသဲဖြစ်ကြပေါ့။ နောက်ပိုင်းဆို သူတို့လည်း ကျနော်တို့ လေ့ကျင့်နေတယ် ဆိုတာ သိသွားပြီး အထာကျသွားတယ်။


KNU တပ်မဟာ (၆) မှာတုန်းက ကျနော်တို့တပ်ရင်း (၂၀၆)၊ (နောက်ပိုင်းမှာ (၂၁၆) လို့ပြောင်းခဲ့တယ်) က ပုံတပုံပါ။ ဓာတ်ပုံကိုပို့ပေးတာက ကိုဇော်ရဲ ဖြစ်ပါတယ်။


ဦးငယ်တို့သင်ပေးတဲ့ သင်ခန်းစာတွေကို တချို့သင်တန်းသားတွေက သင်တန်းမပြီးခင်မှာဘဲ လက်တွေ့ ပြန်အသုံးချနိုင်တာတွေ့ရပါတယ်။ တညတော့ စခန်းနားက ရွာမှာ အရက်သွားခိုးသောက်တဲ့ သင်တန်းသား ၂ ယောက်က၊ ထိုင်းဘက်ကမ်းကို အစောင့်မရှိ တဲ့ သစ်သားတံတားလေးပေါ် မိကျောင်းတက်နဲ့ဖြတ်သွားပြီး ထိုင်းရွာကို ပစ်၊ ထောက်၊ မှောက်၊ လှိမ့် တွေနဲ့ ဘာသေနတ်မှမပါဘဲ ၀င်စီးတာ၊ ကံကောင်းလို့ ထိုင်းရွာသားတွေ မသိခင်၊ သူတို့ပျောက်နေလို့ လိုက်ရှာတဲ့ စခန်းက အဖွဲ့တွေ၊ သင်တန်းသားတွေ တွေ့သွားလို့၊ သူတို့စစ်ဆင်ရေးကြီး ထိုင်းရွာသားတွေ မသိခင်ဘဲ ပျက်သွားပါတယ်။ သူတို့လည်း ထုံးစံအတိုင်း အပြစ်ပေးတဲ့အနေနဲ့ ခြောက်ပေါက်ထဲ ၀င်လိုက်ရပါတယ်။

သင်တန်းပြီးတဲ့ ညနေခင်းတွေဆို ဦးတရုတ် သစ်စက်က စွန့်ပစ်ထားတဲ့ သစ်ချောင်းတွေ ထင်းလုပ်ဖို့ သင်တန်းသားအားလုံး သွားထမ်းရပါတယ်။ တခါလည်း စနေ၊ တနင်္ဂနွေနားတဲ့ ရက်မှာ ကျနော်တို့ကိုပေးထားတဲ့ သစ်သားသေနတ်တွေ မအပ်ဘဲ အပြင်သွားလည်တဲ့ ကျနော်နဲ့သူငယ်ချင်းတယောက်ကို စည်းကမ်းကြီးတဲ့ ဦးငယ်က အပြစ်ပေးတဲ့အနေနဲ့ ထင်း တွေထမ်းခိုင်းလို့ အားလုံးကိုယ်စား သွားထမ်းပေးရသေးတယ်။ အဲဒီတုန်းကတော့ စိတ်က နေ ဒီအဖိုးကြီး အရပ်လည်းရှည်သလို အရစ်လည်း ရှည်တယ်ပေါ့။

ကျနော်တို့ သင်တန်းက ထူးခြားတာကတော့ သင်တန်းသားတွေစုပြီး “ဒို့ခွပ်ဒေါင်း” ဆိုတဲ့ လက်ရေးစာစောင်လေး ထုတ်နိုင်တာပါ။
သင်တန်းသားတွေလည်း ကလောင်သွေးတဲ့ အနေနဲ့ ဆောင်းပါးတွေ၊ ကဗျာတွေရေးကြပေါ့၊ ပင်ပန်း၊ ဆင်းရဲတဲ့ အတွေ့အကြုံတွေ၊ ငှက်ဖျားမိ တာတွေ၊ ငှက်ပျောအူ၊ သင်္ဘောသီး၊ မျှစ်တွေဘဲ စားနေရတာတွေ၊ အမေကိုလွမ်း၊ ရည်းစားလွမ်း တာတွေ စုံနေတာဘဲ။ တချို့လည်း သတင်းတွေနားထောင် ဆောင်းပါးတွေရေးပေါ့။ အယ်ဒီတာအဖွဲ့ ရယ်လည်း ရှိတာ မဟုတ်ပါဘူး ဒီလိုဘဲ စာမူတွေထဲက ကောင်းနိုးရာရာ လေးတွေစု၊ A4 စာရွက်ကို ၂ခေါက်ချိုးပြီး စာမျက်နှာဖွဲ့၊ လက်ရေးနဲ့ရေးပေါ့၊ ကျနော်က ဖြစ်ဖြစ် မြောက်မြောက် မဟုတ်ပေမယ့် ဟိုခြစ်၊ ဒီခြစ်နဲ့ ပုံလေးဘာလေး ဆွဲတတ်တော့၊ စာရေးပေး၊ ပုံဆွဲပေးရတယ်။ အဲဒီ့အချိန်က စခန်းမှာ ဖြစ်ပျက်နေတာလေးတွေ သရော်တဲ့အနေနဲ့ ကာတွန်းလေး ဆွဲမိတော့၊ အယ်ဒီတာအဖွဲ့ မရှိ ပေမယ့် ပုံတွေ ကျနော်ဆွဲပေးနေတာ သိတဲ့ စခန်းတာဝန်ရှိသူ လူကြီးတယောက်က လာ ဟောက်တာ ခံလိုက်ရသေးတယ်။ စာပေစိစစ်ရေးနဲ့ တိုးသွားတာပေါ့။ ကျနော်တို့ လက် ရေးနဲ့ဝိုင်းပြင်ထားတဲ့ စာစောင်လေး အချောသတ်ပြီးရင် မဲဆောက်သွားတဲ့ လူကြုံနဲ့ မိတ္တူ ကူးခိုင်းလိုက်တယ်။ ပြီးရင် တပ်ခွဲတွေနဲ့ သူတို့ ရောက်တဲ့ ဒေသခံရွာသားတွေကို တတ်နိုင် သလောက် ဖြန့်ကြတယ်။

ကျနော်တို့သင်တန်းဆင်းပြီးတော့ ကိုယ်ကျရာ တပ်ခွဲတွေပြန်ပြီး တာဝန်ထမ်းဆောင်ရပါတယ်။ ကျနော်တို့လည်း တပ်မဟာ (၆) ဒေသမှာ ကျရာတာဝန်တွေ ယူနေရင်းနဲ့ ၁၉၉၂ ခုနှစ်မှာ န၀တ တပ်တွေက KNU ဗဟို ဌာနချုပ်ဖြစ်တဲ့ “မာနယ်ပလော” ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တော့ KNU ဌာနချုပ်ကို အဓိက ကာကွယ်ပေး ထားတဲ့ “ထွီဖားဝီး ကျိုး” လို့  ကရင်လို ခေါ်ပြီး “ခွေးအိပ်တောင်” လို့  မြန်မာမှု ပြုနိုင်တဲ့ “ထွီဖားဝီးကျိုး တောင်”ကို အပြင်းအထန် ထိုးစစ်ဆင်ပါတယ်။ တပ်မဟာ (၆)မှာရှိတဲ့ ကျောင်းသားတပ် တွေလည်း တခြားကျောင်းသားတွေ၊ မဟာမိတ်တပ်တွေနဲ့အတူ ထွီဖားဝီးကျိုးကို စစ်ကူ သွားရပါတယ်။ ထွီဖားဝီးကျိုးနဲ့ စောထတိုက်ပွဲအတွေ့အကြုံတချို့ကို “မူကထ” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဒီလင့်
http://bur.irrawaddy.org/index.php/special/2010-03-04-07-10-48/3409-2010-06-18-06-47-38 မှာ ဖတ်ရှုနိုင်ပါတယ်။

ကျနော်တို့ ထွီဖားဝီးကျိုး တ၀ိုက်မှာ ရှိနေတုန်း၊ ဦးငယ်က ဗဟိုစစ်ရုံးချုပ်မှာ တာဝန်ကျနေပြီ။ တရက်မှာ ထွီဖားဝီးကျိုးက သူ့ရဲဘော်တွေ၊ တပည့်တွေကို တွေ့ချင်တဲ့ ဦးငယ်က ရောက်ချ လာပါတယ်။ အဲ့ဒီမှာ ခနနေရင်း တရက်ကျတော့ ဆက်သွယ်ရေးမြောင်းတွေနားက သစ်ပင်ကြီး တပင်အောက်မှာ နားနားနေနေ နေလို့ရအောင် ဆောက်ထားတဲ့ ၀ါးကွပ် ပျစ်လေးပေါ် ဒူးထောင်ပြီး တရေးတမော အိပ်နေတဲ့ ဦးငယ်နား လက်နက်ကြီးကျည် လာကျပါတယ်။ အရပ်လည်းရှည်၊ ခြေတံ၊ လက်တံလည်းရှည်တော့ ဒူးထောင်ထားတဲ့ဘက်ကို လက်နက်ကြီးအစတွေ မှန်ပြီး ဒဏ်ရာရသွားပါတယ်။ ဒါနဲ့ဘဲ မဲဆောက်ဆေးရုံကို ပို့လိုက်ရတယ်။ ဦးငယ်လက်နက်ကြီးထိပြီး သိပ်မကြာခင် ၁၉၉၂ ခုနှစ် ဧပြီလမှာတော့ န၀တ၊ အထူးစစ်ဆင်ရေး အဖွဲ့ မှူး ဗိုလ်ချုပ်မောင်လှက “တိုင်း ရင်းသား စည်းလုံးညီ ညွတ် ရေး အတွက် ကရင်ပြည်နယ်အတွင်း စစ်ဆင်နေတာတွေ ရပ်စဲ လိုက်တယ်”လို့ ကြေညာပြီး ထိုးစစ်ဆင်တာကို ရပ်လိုက်ပါတယ်။ ဦးငယ်လည်း မဲဆောက် ဆေးရုံတက်နေရင်း စစ်ဆင်ရေး ရပ်ကာနီးမှ လက်နက်ကြီးနဲ့ လာအပစ်ခံသလိုဖြစ်သွားတဲ့ အတွက် တဖျစ်တောက်တောက် ပြောလို့ မဆုံးဖြစ်နေတာပေါ့။

ထွီဖားဝီးကျိုးစစ်ပွဲပြီးသွားတော့ ကျနော်တို့ တပ်မဟာ (၆) က ကျောင်းသားတပ်တွေရော၊ ဗဟိုဌာနချုပ်ပါ ဖာပွန်ခရိုင်ထဲက ထိုင်းနိုင်ငံနဲ့ မျက်နှာချင်းဆိုင် သံလွင်မြစ်ကမ်းပေါ်က ဒေါင်းဂွင်မှာဘဲ အခြေစိုက်ကြရပါတော့တယ်။ စစ်ရုံးကို ရောက်သွားတဲ့ ဦးငယ်နဲ့မကြာခဏ ဆုံမိပေမယ့်။ ဒေါင်းဂွင် ကျသွားပြီးနောက် အဆက်အသွယ်ပြတ်သွားပါတယ်။ ကျနော်လည်း ၂၀၀၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ ရှီကာဂို (Chicago) နား က၊ Dekalb မြို့လေးမှာရှိတဲ့ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ်မှာ သင်တန်းတခု တက်ရတော့မှ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမှာရှိတဲ့ ဦးငယ်က ကျနော့်ကို အားရင်လာလည်ဖို့ အကြောင်းကြားလာပါတယ်။

အားတဲ့တရက် ကျနော်ဖို့ဝိန်းသွားလည်တော့ ဦးငယ်က ကျော်လွင်တို့ မိသားစုနဲ့ အတူ နေပါတယ်။ သူက ကျနော့်ကို ထမင်းတွေ၊ ဟင်းတွေချက်ကျွေးပြီး ကောင်းကောင်းဧည့်ခံပါတယ်။ သူချက်တဲ့ဟင်းတွေထဲမှာ ၀င်သားဟင်း ပါပေမယ့် အဆီတော့ မပါတော့ပါဘူး၊ အသားချည်းသက်သက်ပေါ့၊ နောက်ပြီး ငါးပိရည်ကို သူတို့စိုက်ထားတဲ့ ခြံထွက် ငြုပ်သီးစိမ်း ထောင်းထည့်ထားတာပါ တကူးတက လုပ်ပေးပါတယ်။ ဆရာတပည့်နှစ်ယောက် သောက်လိုက်၊ စားလိုက်၊ ရှေးဟောင်းနှောင်း ဖြစ်တွေ ပြောလိုက်၊ ကာရာအိုကေဆိုလိုက်နဲ့ ကျနော်ပြန်တဲ့နေ့ကျတော့ ဖို့ဝိန်းကနေ ကီလိုမီတာ ၂၅၀ ကျော်ဝေးတဲ့ ရှီကာဂိုအရောက် ဂရေးဟောင်း (Greyhound) အဝေးပြေးဘတ်စ်ကားပေါ်မှာ မထနိုင်တော့ဘဲ တလမ်းလုံး အိပ်ပျော်သွားတဲ့အထိပါဘဲ။ 

နွေညများမှတဆင့် ရောက်ရှိသွားသော အတိတ်မှ ပုံရိပ်များ 
http://blog.irrawaddy.org/2013/04/blog-post_9090.html

ကျနော့်ဆရာများ (၁) 
http://blog.irrawaddy.org/2013/10/blog-post_8.html

လူသတ်ရာသီ (Killing Season) ကို ခံစားကြည့်ခြင်း 
http://blog.irrawaddy.org/2013/08/killing-season.html 

ရှစ်လေးလုံး ၂၅ နှစ်ပြည့်ချိန်နဲ့ ဘကြီးလှခင်  
http://blog.irrawaddy.org/2013/08/blog-post_17.html
ဟန်ပိုင်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved