ကလေးများအတွက် လိုနေတဲ့ ကရုဏာလက်

Saturday, October 19, 2013




~




 “ လူတွေက သူတို့ကိုတွေ့ရင် သူခိုးလေးတွေ လာနေပြီဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။ ပလပ်စတစ်ဗူးတွေ လိုက်ကောက်နေတာတွေ့ရင် ခြံထဲဝင်မှာစိုးလို့ မောင်းထုတ်တယ်၊
အဲဒါကြောင့် ကလေးတွေကလဲ လူတွေကို အမြင်မကြည်တော့ဘူး”  ဒီလိုနဲ့ တဖက်နဲ့ တဖက်က  သီးခြားစီ ဖြစ်လာကြတယ်။ 
 



အခုတော့ လမ်းပျော်ကလေးတွေဟာ ကော်ရှူတာကို စွဲစွဲလန်းလန်း ဖြစ်လာကြပြီလို့  ကရုဏာလက်များကွန်ရက်(ပြည်) အဖွဲ့ကို တည်ထောင်သူ ရှေ့နေ ဦးမြင့်အေးကရှင်းပြပါတယ်။


(ကော်ရှူနေသော ပြည်မြို့မှကလေးငယ်တဦး)


 ပြည်မြို့နယ်အတွင်းမှာ အုပ်ထိန်းသူကင်းမဲ့ပြီး အခြေအနေမဲ့ လမ်းဘေးကလေးငယ်ပေါင်း ၂၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။
ဒီကလေးတွေကို စာနာပေးမယ့်သူ ၊ လက်တွဲဖေးမပြီး ပြုစုပျိုးထောင် ပေးမယ့်သူတွေ အ၀တ်တထည် နဲ့ ရေတမှုတ် ကမ်းပေးမယ့်သူတွေ နည်းလွန်း တယ်လို့ ရှေ့နေ ဦးမြင့်အေးက ပြောပြပါတယ်။


(အဆောက်အအုံတခုရှေ့တွင် အိပ်စက်နေသော လမ်းဘေးကလေးငယ်များ)


လမ်းဘေးကလေးငယ်တွေ မိမိကိုယ်ကို ရပ်တည်လာနိုင်ပြီး လူမှုအသိုင်းအ၀ိုင်းထဲမှာ ၀င်ဆံ့လာစေဖို့ ၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ
လျော့ကျစေဖို့ ရည်ရည်ပြီး ကရုဏာလက်များ ကွန်ရက်(ပြည်) အဖွဲ့က အခမဲ့ စာသင်ပေးခြင်း ၊ နေ့လည်စာ ထမင်းကျွေးခြင်းနဲ့ အတူဖိနပ် ၊ အ၀တ်အစားတွေပါ ပံ့ပိုးကူညီပေးကြောင်း သိရပါတယ်။

ဒီကလေးငယ်တွေကို ဖေးမကူညီပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် သူတို့ရဲ့ ရန်လိုတတ်တဲ့စိတ်တွေကနေ နူးညံ့ပျော့ပျောင်းတဲ့ စိတ်လေးတွေ  ပြောင်းလဲလာနိုင်ပါတယ်။ ကော်ရှူတဲ့ အကျင့်ပါ ပျောက်သွားမှာပါ။
သူတို့တွေဟာ အရိုင်းကောင်လေးတွေလို ဖြစ်နေပေမယ့် ကလေးဟာ ကလေးပါပဲ လို့  ဦးမြင့်အေးက ပြောပြပါတယ်။


လမ်းဘေးကလေးသူငယ်တွေထဲမှာ အမျိုးသမီးလေးတွေပါ တွေ့ရပြီး တချိန်ချိန်မှာ သူတို့ဟာ လမ်းဘေးမှာ အချင်းချင်း ညားပြီး မိသားစုအဖြစ် ပြောင်းလဲလာနိုင်တယ်လို့ ဦးမြင့်အေးက  သုံးသပ်ပါတယ်။
လူ့အသိုင်းအ၀ိုင်း နဲ့ ပတ်ဝန်းကျင်က စာနာစိတ်လေးနဲ့ သူတို့ကို ကာကွယ်ပေးဖို့လဲ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ရပ်ကွက်အတွင်း ဒုစရိတ်သမား၊ သူခိုး ၊  ခါးပိုက်နှိုက်အမှုများ ရှိလာပါက လမ်းဘေးကလေးငယ်များမှာ အကြောင်းမဲ့ စွပ်စွဲ ရိုက်နှက်အပြစ်ပေး ခံရကြောင်း သိရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved