ဖြူနီပြာဝါ ရေကျော် သီတင်းကျွတ်
Friday, October 18, 2013
~
ရန်ကုန်သီတင်းကျွတ်ကာလမှာ အထင်ရှားဆုံးက ရေကျော် သီတင်းကျွတ်ပွဲတော် ဖြစ်ပါလိမ့်မယ်။
မနေ့က ဧရာဝတီသတင်းထောက် ဂျေပိုင် မှတ်တမ်းတင်ခဲ့တဲ့ ပွဲတော်မြင်ကွင်းတွေကို ဧရာဝတီဘလော့ ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။ 
ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ပိတ်ပြီး ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ ရေကျော် ဆိုတဲ့ ဒီအရပ်ဒေသမှာ ကျင်းပတဲ့ပွဲမို့ ရေကျော်ပွဲလို့ နာမည်ကြီးနေတာပါ။
မှောင်ရီမပျိုးခင်  ဆိုင်တွေခင်းကြပြီဆိုတာနဲ့ ကားလမ်းက အလိုအလျောက် ပိတ်သွားပါတော့တယ်။
ပွဲဈေးတန်းမှာ... ကြည့်ချင်ပွဲ၊ အပျော်စီးယာဉ်၊ ဈေးဆိုင်တွေကြားထဲမှာ ဆေးမင်ကြောင်ထိုးတဲ့ဆိုင်တွေလည်း ရှိပါတယ်။ ရွှေပွဲလာပရိသတ်များထဲမှာ စမ်းသပ်ထိုးလိုသူ၊ အမှတ်တရ ထိုးလိုသူ၊ ရှိရင်းစွဲထက်ပိုပြီးတိုးချဲ့ထိုးလိုသူတွေ သေချာပေါက် ရှိတဲ့အတွက် မင်ကြောင်ဆိုင်တွေလည်း အသင့်အတင့်တော့ အလုပ်ဖြစ်ကြပါလိမ့်မယ်။
ခေတ်ပြောင်းလာတဲ့အတွက် ဒီဆိုင်တွေက ရုပ်ပုံအမျိုးမျိုး ကနုတ်ပန်းအဖုံဖုံကို ဦးစားပေး ထိုးနှံနေကြရပြီလို့ ယူဆရပါတယ်။ အရင်ကလို သတ္တိ၊ ဇွဲ၊ အချစ် ဆိုတဲ့စာလုံးတွေ ထိုးတဲ့သူလည်း ရှိကောင်း ရှိနိုင်ပါတယ်။
 အချိုရည်ဗူး၊ ဘီယာဗူးတွေပေါ်ကို စွပ်မိအောင် ကွင်းကလေးတွေ ပစ်နေသူတချို့လည်း ရှိပါတယ်။
စွပ်မိသည်ဖြစ်စေ၊ ထုံးစံအတိုင်း ဘေးချော်သွားကြသည်ဖြစ်စေ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု ရကြပါလိမ့်မယ်။ ပျော်ရွှင်မှု အမှန်တကယ်ရမယ့်သူကတော့ ဆိုင်ပိုင်ရှင်ဖြစ်ပါလိမ့်မယ်။
ရေကျော်ပွဲက မြို့ပွဲမို့ ထင်ပါရဲ့ ... ပရိသတ် အများစုက ထူးထူးထွေထွေ ပြင်ဆင်ခြယ်သလာကြတာ၊ ပုံးဖာမှောက်ဆင်လာကြတာမျိုး နည်းပါးပါတယ်။ အိမ်ပေါ်ကနေ အောက်ကို ခဏဆင်းလာတဲ့ပုံမျိုးနဲ့ ပရိသတ်တို့ကိုလည်း တွေ့ရမှာပါ။
 ကြည့်ချင်ပွဲများထဲမှာ နယ်လှည့်တောတွင်းတိရစ္ဆာန်ပြပွဲ ဆိုတာလည်း ပါပါတယ်။
အထဲမှာ ဘာကောင်တွေတွေ့ရမလဲဆိုတာကတော့ ၀င်ကြေးပေးပြီး အထဲဝင်ကြည့်မှ သိရပါမယ်။
 ပွဲဈေးသည်တို့ရဲ့ အဓိက ပူပန်မှုက မိုးရွာရင်တော့ ဒုက္ခ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။  ဆိုင်ကို ကမန်းကတန်းသိမ်းရမယ်၊ အလုပ်အကိုင်ပျက်မယ်။ ဈေးရောင်းခွင့်အတွက် တည တသောင်းနှုန်းသွင်းထားရသူတွေက ပွဲတော်ညများအတွင်း မိုးမရွာစေချင်တာ သဘာဝကျပါတယ်။ မနေ့ညကတော့ သူတို့ဆုတောင်းပြည့်ခဲ့ပုံရပါတယ်။
 အဖော်ကောင်းရင် စီးဖြစ်ကြတာ ချားရဟတ်တွေပါ။
ချားရဟတ်တွေ လည်ပတ်နေတာက ပွဲရဲ့ အဆင်တန်ဆာတခုပါ။ တပျော်တပါး စီးကြရတာလည်း အရသာတခု မဟုတ်လား။ မတော်တဆမှုတွေမဖြစ်ဖို့ဆိုတာကလည်း အရေးကြီးပါတယ်။
ပွဲကြိုက်တာ လူကြီးတွေချည်းပဲ မဟုတ်ပါဘူး။ 
 ကံစမ်းလိုသူတွေအတွက် အကျိုးဆောင်ပေးတဲ့ဆိုင်လည်း ပွဲထဲမှာ အများအပြား ရှိပါတယ်။ ရပ်ကြည့်လို့ အမြတ်မရှိ၊ အင်း.... ကံစမ်းကြည့်တော့လည်း အမြတ်မရှိပါဘူးလို့ ဆိုရမယ် ထင်ပါတယ်။ ပေါ့ပါးတဲ့ ပလပ်စတစ်ဘောလုံးကို အ၀ကျဉ်း အိုးထဲ ၀င်အောင် ပစ်ဖို့ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်။
 ပွဲခင်းအလယ်မှာ အလှူခံသူတချို့လည်း ရှိပါတယ်။
လမ်းသွားလမ်းလာတွေ အနည်းနဲ့အများ ခလုပ်တိုက်မိကြမယ်လို့ ယူဆရပါတယ်။
 ကိုကာကိုလာက ရေကျော်သီတင်းကျွတ်ပွဲမှာ အကြီးအကျယ် ကြော်ငြာပါတယ်။ ပွဲလာသူတွေကို ရေခဲစိမ် ကိုကာကိုလာ ဝေပါတယ်။ ကလေးတွေကိုတော့ မဝေပါ။ ဆယ်နှစ်အောက်ကလေးတချို့ကို ငြင်းတာ တွေ့ရပါတယ်။
ဒီအချိုရည်က ကလေးတွေနဲ့ မသင့်တော်လို့လား၊ ဘာကြောင့်လဲ ဆိုတာကိုတော့ မသိရပါ။
အချိုရည်ဗူးမှာရေးထားချက်အရ ဆိုရင် စင်္ကာပူက သွင်းတာလို့ နားလည်မိပါတယ်။ လတ်တလော ကိုကာကိုလာရန်ကုန်စက်ရုံက ပလပ်စတစ်ပုလင်းတွေပဲ ထုတ်နေပုံရပါတယ်။
ဒါကတော့ လမ်း ၅၀ ထိပ်နားက မြင်ကွင်းတခုပါ။ လမ်း ၅၀ မှာ ကာတွန်းပြပွဲလုပ်မယ်လို့လည်း ကြော်ငြာထားတာ တွေ့ရပါတယ်။
ကဲ... စာဖတ်သူက ရန်ကုန်မှာ ရောက်နေတယ် ဆိုရင်တော့ ရေကျော် သီတင်းကျွတ်ပွဲ ကိုယ်တိုင်ကိုယ်ကျ သွားဖို့ အခြေအနေ ပေးနေပါပြီ။ အခြေအနေ မပေးဘူး ဆိုရင်လည်း ... ဂျေပိုင်လက်စွမ်းပြထားတဲ့ပုံတွေနဲ့ပဲ ရေကျော်သီတင်းကျွတ်ကို  ရသေ့စိတ်ဖြေ လည်ပတ်ရတာ အဆင်ပြေမယ်လို့ ယူဆရပါတယ်။
ပွဲတော်အကြောင်း ရေးထားတဲ့သတင်းတပုဒ်ကို http://www.irrawaddy.org/burma/bomb-scares-fail-dampen-thadingyut-revelry.html မှာ ဖတ်နိုင်ပါတယ်။ ခေါင်းစဉ်က
Bomb Scares Fail to Dampen Thadingyut Revelry ဖြစ်ပါတယ်။
.
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved