ဗြိတိသျှတို့ရဲ့ရင်းနှီးမြှုပ်နှံမှု နဲ့ မြန်မာပြည်

Friday, October 18, 2013

~


 

မြန်မာပြည်မှာ ဗြိတိသျှတို့ရဲ့ရင်းနှီးမြှုပ်နှံမှု တိုးတက်များပြားလာနေပေမယ့် တကယ့်တကယ်မှာတော့ အဖုအထစ်တချို့ ရှိနေတယ်လို့  ရန်ကုန်မြို့ဗြိတိသျှသံအမတ် Andrew Patrick က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
 


ဇူလိုင်လက လန်ဒန်မြို့ ဘာကင်ဟမ်နန်းတော်မှာပြုလုပ်တဲ့ အခမ်းအနားတခုမှာ  Jaguar  ဇိမ်ခံကားတစီးကိုလေ့လာနေတဲ့ ဗြိတိန်ဘုရင်မကြီးအဲလီဇဘက် (ဓာတ်ပုံ -  Reuters / Stefan Wermuth)
 သံအမတ်က ပြီးခဲ့တဲ့လက ရန်ကုန်မှာ စတင် တာဝန်ယူတဲ့သူပါ။ မနေ့ကတော့ ရန်ကုန်မြို့  ဗြိတိသျှသံရုံးမှာ သူ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။

“ဗြိတိသျှလုပ်ငန်းရှင်အများအပြား ဒီကို လာနေကြပါတယ်။ ဒီထက်ပိုပြီး လာမှာကို ကျနော်တို့ကလည်း မြင်ချင်ပါတယ်”  လို့ သူက ပြောပါတယ်။

ဒီကိုလာပြီး ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းနေတယ်၊ ဒါမှ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်၊ အနောက်တိုင်းနိုင်ငံတွေက နည်းပညာတွေ ကျွမ်းကျင်မှုတွေ ယူလာမယ်၊ ဒါဆိုရင် နိုင်ငံတကာအဆင့်မီစီးပွားရေးဖွံ့ဖြိုးမှုဖြစ်ရေးအတွက် အထောက်အကူ ပေးပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ဗြိတိသျှလုပ်ငန်းရှင်တွေရဲ့ ပူပန်စိုးရိမ်မှုတွေအကြောင်းလဲ သူက ပြောပါသေးတယ် - အဲဒါတွေကတော့ ကချင်ဒေသ စစ်ပွဲတွေ မရပ်နိုင်သေးတာ၊ ရခိုင်ဒေသ ပဋိပက္ခ၊ ပြီးခဲ့တဲ့တပတ် ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေပါပဲ တဲ့။

ဒီလိုအခြေအနေတွေကြားထဲမှာ မြန်မာပြည်ကို လာရောက် လေ့လာ ဆွေးနွေးတဲ့ ဗြိတိသျှလုပ်ငန်းရှင် အရေအတွက်က ဆယ်ဦးထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်ဆန်းပိုင်း   Jaguar-Land Rover ဇိမ်ခံကား အရောင်းပြခန်း ရန်ကုန်မှာ ဖွင့်ဖို့ အစီအစဉ်ရှိတယ်လို့ သံအမတ်က ရှင်းပြပါတယ်။ အဲဒါဟာ ဗြိတိန်အခြေစိုက်ကားကုမ္ပဏီ ဖြစ်ပါတယ်။

ဒါကတော့ ဧရာဝတီပင်မစာမျက်နှာမှာ British Investors Interested but Cautious, Ambassador Tells Burma  ခေါင်းစဉ်နဲ့ တွေ့ရတဲ့သတင်းကို ကောက်နုတ် ဖော်ပြတာပါ။ အပြည့်အစုံကို http://www.irrawaddy.org/business/british-investors-interested-cautious-ambassador-tells-burma.html မှာ ဖတ်နိုင်ပါတယ်။

သံအမတ်ပြောဆိုချက်တချို့ကို ဆက်ရေးရရင် ...
ရန်ကုန်နဲ့မြို့တချို့မှာ ပေါ်ပေါက်နေတဲ့ ပေါက်ကွဲမှုများအကြောင်း ပြောဆိုတဲ့ သံအမတ်က မြန်မာပြည်ကို ဗြိတိန်နိုင်ငံသားတွေ လာရောက်ကြဖို့ ဆက်လက် ဖိတ်ခေါ်နေဆဲပါပဲ တဲ့။

သူတို့အစိုးရက မြန်မာအစိုးရကို အခြေခံဥပဒေပြင်ဆင်တဲ့နည်းနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအစီအစဉ်ကို ဆက်လုပ်ဖို့လည်း တိုက်တွန်းနေပါတယ် လို့ သံအမတ်က ရှင်းပြသွားပါတယ်။

စီးပွားရေး သတင်းများ
burma.irrawaddy.org/business

irrawaddy.org/business


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved